Tuesday, February 18, 2014

အီသီယိုးပီးယား လေကြောင်းလိုင်း လေယာဉ် ပြန်ပေးဆွဲခံရ

0 comments


18.2.2014

အီသီယိုးပီးယား လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် မြို့တော် အဒစ်စ်အဘာဘာမှ အီတလီနိုင်ငံ ရောမမြို့သို့ပျံသန်းလာနေစဉ်လမ်းတွင်လက်ထောက် လေယာဉ်မှူးက လေယာဉ်ကို ပြန်ပေး
ဆွဲခဲ့ပြီး ရည်ရွယ်ချက်မှာဆွစ်ဇာလန် နိုင်ငံတွင်ခိုလှုံခွင့်ရရန် ပြုလုပ်ခြင်း ဖြစ်သည်။

ပြန်ပေးဆွဲသူသည် လက်နက် တစ်စုံတစ်ရာ မပါရှိဘဲ လေယာဉ်မှူး အိမ်သာသွား သည့်အခါ လေယာဉ် ထိန်းချုပ် မောင်းနှင်ခန်းကို အထဲမှ ပိတ်ထားလိုက်ပြီး လေယာဉ်ကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၄င်းသည် ဆွစ်ဇာလန် နိုင်ငံတွင် ခိုလှုံခွင့်ရရှိရန် တောင်းဆိုခဲ့သည်။ဂျီနီဗာလေဆိပ်သို့ ရောက်သောအခါ လုံခြုံရေး များက ယင်းပြန်ပေး သမားကို ဖမ်းဆီးခဲ့ပြီး ခရီးသည်များကို ကယ်တင်ခဲ့ကာ ယခုအခါ ခရီးသည် စုစုပေါင်း ၂၀၂ ဦးလုံး လုံခြုံနေပြီ ဖြစ်ကြောင်း လေကြောင်း လိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ပြန်ပေးဆွဲထားသည့် လေယာဉ် ဆင်းသက်လာနေစဉ် ဂျီနီဗာလေဆိပ် ကို ခေတ္တ ပိတ်ထားခဲ့သော်လည်း ယခုအခါ ပြန်လည် ဖွင့်လှစ်ထား ပြီး လေဆိပ်လုပ်ငန်းများ ပြန်လည် လည်ပတ်နေပြီဖြစ်သည်။

လက်ထောက်လေယာဉ်မှူးသည် အီသီယိုးပီးယားလူမျိုး ဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ကာ အီသီယိုးပီးယားတွင် တရားစွဲဆို အရေးယူခံရမည့် အန္တရာယ်ရှိသဖြင့် ဆွစ်ဇာလန်တွင် ခိုလှုံလိုခြင်း ဖြစ် သည်ဟု ၄င်းက ရဲကို ပြောကြားခဲ့သည်။

လေယာဉ်ထိန်းချုပ် မောင်းနှင်ခန်း ပြတင်းမှ ကြိုးဖြင့် တွယ်ဆင်း သွားခဲ့ပြီး နောက်ပိုင်း ရဲက ၄င်းကို လွယ်လင့်တကူ ဖမ်းဆီးနိုင်ခဲ့ သည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များသည် ၄င်းတို့ ပြန်ပေးဆွဲ ခံထားရမှန်းကို လုံးဝမသိကြဘဲ ပြန်ပေးဆွဲသူ လက်ထောက် လေယာဉ်မှူးက အာဏာပိုင်ကို ဆက်သွယ်ကာ ၄င်းပြန်ပေးဆွဲလိုက်ပြီ ဖြစ်ကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။

ဓားစာခံများကို ခေါ်ဆောင်ကာ ပြန်ပေးဆွဲသည့် အမှုသည် ဆွစ်ဇာလန်နိုင်ငံတွင် ထောင်ဒဏ်နှစ်ပေါင်း ၂၀ ခန့် ချမှတ်ခံ ရနိုင်ကြောင်း ဂျီနီဗာမှ ဥပဒေအရာရှိများ က သတင်းစာရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။

၁၉၉၆ ခုနှစ်က အီသီယိုးပီးယား လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်း ပြန်ပေးဆွဲခံခဲ့ရကာ လေပေါ်တွင် ပျံသန်းနေစဉ် ဆီကုန်သွားခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ အတွင်း ပျက်ကျခဲ့သဖြင့် လူ ၁၂၅ ဦး သေဆုံးခဲ့ရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here