Friday, March 14, 2014

တပ်သားသစ် စုဆောင်းရေး KIA ပြန်လည်ပြုလုပ်နေ

0 comments
14.3.2014

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)အတွင်း KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ပြီးခဲ့တဲ့ ရက် ပိုင်းတွေမှာ ရှမ်းမျိုးနွယ်စုများနှင့် အခြားတိုင်းရင်းသားများကို တပ်သားသစ် စုဆောင်းရေး ဆက်တိုက်ဆို သလို ပြန်လည်ပြုလုပ်နေပြန်တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ နာယက ဦးစိုင်းသာဇုံက ဆိုပါတယ်။

၂၀၁၄ ၊ မတ်လ ၉ ရက်၊ တနင်္ဂနွေနေ့ နေ့လည် (၂)နာရီအချိန် နိုင်စင်ရွာ တယန်စွပ်ရွှေမော် အရှေ့ ဘက်ကမ်းတွင် ရွှေကျင်လုပ်သားအဖြစ် လုပ်ကိုင်နေကြတဲ့ မိုးကောင်းမြို့နယ်၊ နမ္မတီး - မြို့သစ်ကြီးကျေးရွာက ဝေလင်းဦး၊ အောင်မျိုးလွင်၊ ကိုရှိုင်း စတဲ့ ရှမ်းလူငယ် (၄)ဦးနဲ့ ရခိုင်တိုင်းရင်းသားတစ်ဦးကို KIA ယူနစ်ဖောင်းများ ၀တ်ဆင်ထားသော ရင်း(၄) တပ်ခွဲ(၄)မှ ဗိုလ်ကြီးအောင်မိုင်နှင့် (၉)ဦးပါအဖွဲ့သည် လက်နက်ကိုယ်စီ ကိုင်ဆောင်လျက် မူးယစ်ဆေးဝါး သုံးစွဲမှုရှိမရှိ ဆီးစစ်ရန် အကြောင်းပြ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်၊ မတ်လ (၁၀) ရက်နေ့တွင် ရင်း(၄)ကို လိုက်သွားပြီး ဒုတပ်ရင်းမှူးနဲ့ တွေ့တော့ ကလေးတွေ မရောက်ဘူးပြောလို့ ပြန်လာခဲ့ပါတယ်။ (၁၂) ရက်နေ့ တစ်ခါပြန်သွားတော့ ရင်း(၄) KIA ရုံးအုပ်က တပ်မဟာ(၁)ကို စစ်သင်တန်းတက်ဖို့ ပို့လိုက်ပြီဖြစ်ကြောင်း ပြောတယ်လို့ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပင်လုံအုပ်စု မော်ဟဲရွာမှ တယန်စွပ်မှော်တွင် ရွှေကျင်လုပ်ငန်း လုပ်ကိုင်နေသူ ကျင်းပိုင်းရှင် ဦးဝင်းသိန်းက ပြောဆိုပါတယ်။

“အခု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကိုလည်း အသိပေး တိုင်ကြားပြီး အကူအညီတောင်းထားပါတယ်။ ဆက်လက်ပြီး (စ.အ.ဖ)နှင့် သက်ဆိုင်ရာကိုလည်း တိုင်ကြားသွားမယ်၊ ကျွန်တော့်ကလေးတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပါလို့လည်း KIA ကို တောင်းဆိုချင်ပါတယ်” လို့ ရွှေကျင်းပိုင်ရှင် ဦးဝင်းသိန်းက ဆက်လက်ပြောဆိုပါတယ်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ခေါင်းဆောင် ဦးစိုင်းထိန်လင်းကတော့ “အလိုမတူပဲ ဖမ်းဆီးခေါ်ဆောင် ပြီးတော့ ရှေ့တန်းမှာ သေခိုင်းမဲ့ကိစ္စ ကျွန်တော်တို့ ဘယ်လိုသဘောတူပေးမလဲ၊ အဲဒါ ပြောတာကတော့ လိုင်ဇာကနေ လက်နက် (၃၀၀)လောက် ပို့လိုက်ပြီလို့ ကြားတယ်၊ KIA တပ်မဟာ(၁)မှာ ရှမ်းကလေးတွေ (၅၀)လောက်ရှိတယ်လို့လည်း ကြားတယ်၊ ကချင်လွတ်မြောက်ရေးအတွက် ကျွန်တော်တို့ ရှမ်းကလေးတွေ အကုန်လုံး FRC ဖြစ်သွားမယ်လေ၊ ပန်ဆက်က ရှစ်တန်းကျောင်းသူ ၁၅ နှစ်အရွယ် ကလေးမဆိုရင် ကျည်စွမ်း KIAစခန်းမှာ ချုပ်ထားတယ်လေ၊ တုံပလွေက ကလေးမနှစ်ယောက် ဆိုရင်လည်း ဈေးကအပြန်မှာ KIA က ဆိုင်ကယ်နဲ့ အတင်းအဓမ္မဖမ်းပြီး အင်ဖာဘာစခန်းကို ပို့ထားလိုက်တယ်၊ တယန်စွပ်မှော်က (၂၀)ကျော်လောက် ပါသွားတာ၊ အခုဟာက ကိုယ်နဲ့ ဆက်စပ်တဲ့လူလောက်ပဲ အတိအကျ သိရတာ၊ အဲဒီတော့ ကျွန်တော်တို့က တပ်ကို အားကိုးရမလား၊ အစိုးရကို အားကိုးရမလား၊ ဘယ်ဆီကို အားကိုးရမလဲ၊ အဖွဲ့အစည်းတိုင်းကတော့ ပြောပြလိုက်ရင်လည်း ဟုတ်သလိုလိုကြည့်ပဲ” လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄၊ ၉၊ ၁၁ ရက်နေ့တွေမှာ KIA ကချင်လွတ်မြောက်ရေး တပ်မတော်က ဗန်းမော်အနီး - သိန်လင်ရွာ၊ မန်စီမြို့နယ် - ပန်ဆက်၊ မိုင်းခေါင်ရွာနှင့် မိုးကောင်းမြို့နယ် - မြို့သစ်ကြီးကျေးရွာတို့က ရှမ်းမျိုးနွယ်စု လူငယ်တွေကို တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး တယန်စွပ်မှော်မှာ ဖမ်းဆီးစုဆောင်းခံရတဲ့ လူငယ်တွေကတော့ -

၁။ မောင်ဝေလင်းဦး အသက်(၁၇)နှစ်၊ မိဘ - ဦးဇော်ထွေး+ဒေါ်ဌေးရီ၊ ရှမ်း၊ ဗုဒ္ဓ၊ နမ္မတီး၊ မြို့သစ်ကြီး။
၂။ မောင်အောင်မျိုးလွင် အသက်(၁၇)နှစ်၊ မိဘ - ဦးမြင့်လွင်+ဒေါ်မိတူး၊ ရှမ်း၊ ဗုဒ္ဓ၊နမ္မတီး၊ မြို့သစ်ကြီး။
၃။ ကိုရှိုင်း အသက်(၁၆)နှစ်၊ မိဘ - ဦးသစ်ခိုင်+ဒေါ်အေး၊ ရှမ်း၊ ဗုဒ္ဓ၊နမ္မတီး၊ မြို့သစ်ကြီး။
၎။ မောင်မြင့်ဇော် အသက်(၁၈)နှစ်၊ ၅/ပလဘ(နိုင်)၀၉၁၂၈၅၊ မိဘ- ဦးဝင်းမောင်+ဒေါ်ခင်တင့်၊ ရှမ်း၊ ဗုဒ္ဓ၊ ပင်ခါးရွာ၊ ပင်လယ်ဘူးမြို့နယ်နှင့်
၅။ ဖိုးရှင်း ရခိုင်တိုင်းရင်းသားတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ဖျားဆီက

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here