Friday, May 9, 2014

ကျိုင်းတုံ RCSS/SSA ဆက်ဆံရေးရုံးကို တရားမ၀င် လက်နက်ကိုင် ဆောင်မှုဖြင့် ၀င်ရောက်စစ်ဆေး

0 comments
9.5.2014

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA ဆက်ဆံရေးရုံးကို နယ်မြေခံစရဖတပ်မှ မေ ၆ ရက်နေ့ ညနေပိုင်းတွင် တရား မ၀င် လက်နက်ကိုင်ဆောင်မှုဖြင့် ၀င်ရောက်စစ်ဆေးခဲ့ရာ လက်နက်၊ ခဲယမ်းများ တွေ့ရှိခဲ့ကြောင်း တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးတစ်ဦးထံမှ သိရသည်။

“RCSS/SSA ရုံးကို အကြောင်းမဲ့သက်သက် ၀င်စစ်ဆေးတာ မဟုတ်ပါဘူး၊ ဒေသခံတွေက ဆန်နဲ့ ဆက်ကြေး တွေကို RCSS/SSA အဖွဲ့ရဲ့ အမာခံရွာသားတစ်ဦးက သေနတ်ကိုင်ပြီး လိုက် လံကောက်ခံ နေတယ်လို့ သတင်းလာ ပေးကြတာကြောင့် အရင်ဦးဆုံး အဲဒီရွာသားကို စစ်ဆေးခဲ့ပါတယ် ” ဟု နယ်မြေခံတပ်မှ တပ်ရင်းမှူးက ပြောကြားခဲ့သည်။

ကျိုင်းတုံမြို့နယ်၊ နမ့်လင်းမိုင် ကျေးရွာဝန်းကျင်တစ်ဝိုက် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေသော နယ်မြေခံ တပ်အား ရွာသားများ၏ လာရောက်သတင်းပေးချက်အရ အဆိုပါရွာနေ အကျစ်(၃၅)နှစ် အား ခေါ်ယူစစ်ဆေးခဲ့ ရာမှ RCSS/SSA အဖွဲ့၏ အမာခံ ဆက်ကြေး တာဝန်ခံအဖြစ် ၀န်ခံထွက် ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

RCSS/SSA အဖွဲ့မှ ၎င်းအား ကတ်တောင်/ကတ်ထိုက် နယ်မြေအတွင်းတွင် ဆန်နှင့် ဆက်ကြေးငွေ အား ကောက်ခံခိုင်းကြောင်း၊ ၎င်းကိုင်ဆောင် ရန် သေနတ်နှင့် ကျည်ဆံများ ပေးထားကြောင်း၊ အဆိုပါ လက်နက်/ ခဲယမ်းများအာ ကျိုင်းတုံ RCSS/SSA ဆက်ဆံရေးရုံးတာဝန်ခံ စိုင်းစိုးမိဏ်းမှ ထုတ်ပေး ထားကြောင်းနှင့် ဆက်ဆံရေးရုံးတွင်လည်း သေနတ်(၅)လက် အမြဲထားရှိကြောင်း အကျစ်မှ ထွက်ဆိုခဲ့သည်ဟု ယင်း တပ်ရင်းမှူးက ဆက်လက်ပြောကြားသည်။

နယ်မြေခံတပ်မှ အကျစ်၏ နေအိမ်အား မေ ၆ ရက် မနက် ၅ နာရီ ခန့်တွင် ကျေးရွာလူကြီးများနှင့်အတူ ၀င်ရောက်ရှာဖွေခဲ့ရာ မေ ၅ ရက်နေ့က ဆက်ဆံရေးရုံးတာဝန်ခံ စိုင်းစိုးမိဏ်း ကိုယ်တိုင် နမ့်လင်းမိုင်ရွာသို့ လာရောက်ပြီး သေနတ်နှင့် ကျည်ဆံများအား ယူဆောင်သွားခဲ့ကြောင်း အိမ်နီးချင်းများ၏ မျက်မြင်တွေ့ရှိမှု အရ သိရသည်။

RCSS/SSA ဆက်ဆံရေးရုံးတာဝန်ခံ စိုင်းစိုးမိဏ်းမှ တရားမ၀င် လက်နက် များဖြစ်သော သေနတ်နှင့် ကျည်ဆံ များအား ယူဆောင်သွားသည့်အတွက် နယ်မြေခံ စရဖတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ ရပ်ကွက်လူကြီး များနှင့် အတူ ၀င်ရောက်ရှာဖွေရာ စိုင်းစိုးမိဏ်း၏ အိပ်ခန်းအတွင်းမှ ၉ မမကျည် (၂၀)တောင့်အား သိမ်းဆည်းရမိခဲ့သည်ဟု စရဖတပ်ဖွဲ့ထံမှ သိရသည်။

“ဆက်ဆံရေးရုံးကို ၀င်ရောက်ရှာဖွေတယ်ဆိုတာ တရားမ၀င် လက်နက်ကိုင်ဆောင်မှုနဲ့ ၀င်ရှာခဲ့တာပါ၊ RCSS/SSA ဆက်ဆံရေးရုံးရဲ့ ဆက်ကြေးတာဝန်ခံ အကျစ်အိမ်က ပြန်ယူသွားတဲ့ သေနတ်တွေ ကျည်ဆံတွေ မတွေ့ရပါဘူး၊ စိုင်းစိုးမိဏ်းကိုင်တဲ့ ၉ မမ ကျည်တွေတော့ သိမ်းဆည်းရမိခဲ့ပါတယ်၊ ဒီနယ်မြေထဲက ရွာတွေမှာ RCSS/SSA အဖွဲ့တွေ ၀င်ရောက် လှုပ်ရှား ခြင်း မပြုဖို့နဲ့ ဆန်၊ ဆန်ဖိုးငွေတွေ မကောက် ဖို့ ပြောထားပြီးသား ဖြစ်ပါတယ်၊ ဒါပေမယ့် ဒေသခံပြည်သူတွေဆီ ကနေ လက်နက်ကိုင်ဆောင် ခိုင်းပြီး ရွာသားတစ်ဦးကို RCSS/SSA ဆက်ဆံရေးရုံးအတွက် ဆန်နဲ့ ဆက်ကြေး တွေ ကောက်ပေးဖို့ ခိုင်းစေတယ်ဆိုတာ ၀န်ခံထွက်ဆိုထားပါတယ်၊ ပြီးတော့ စိုင်းစိုးမိဏ်း ဟာ ဆက်ဆံရေးရုံးတာဝန်ခံဖြစ်တဲ့ အတွက် တရားမ၀င်လက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူး၊ ဒါ့ကြောင့် ၀င်ရောက်ရှာဖွေစစ်ဆေး ခဲ့ခြင်းဖြစ်ပါတယ်” ဟု တိုင်းစစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိကြီးတစ်ဦးက ပြောကြားသွားခဲ့သည်။

စိုင်းလေး (ကျိုင်းတုံ)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here