Showing posts with label ပညာရေးသတင်း. Show all posts
Showing posts with label ပညာရေးသတင်း. Show all posts
Friday, March 14, 2014

နာမည်ကျော် ဗြိတိန် Harrow School မြန်မာတွင် ဖွင့်မည်

0 comments
14.3.2014

ကမ္ဘာပေါ်တွင် ငါးကျောင်းသာ ရှိပြီး ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ၊ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း ပန်ဒစ်နေရူး၊ ဂျော်ဒန်ဘုရင် ဟူစိန်စသည့် ကမ္ဘာကျော် ပုဂ္ဂိုလ်များကို မွေးထုတ်ပေးခဲ့သော Harrow School ပုဂ္ဂလိက ကျောင်းကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်သွားမည် ဖြစ်ဖြစ်ကြောင်း ကျောင်းတာဝန်ယူ ဖွင့်လှစ်မည့် ရိုးမကုမ္ပဏီ ထံမှ သိရသည်။

အဆိုပါ ကျောင်းကို ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ်တွင် ရိုးမအုပ်စုက တည်ဆောက် ထားသည့် ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာ (Pan Hlaing Golf Estate) တွင် ဖွင့်လှစ်မည် ဖြစ်ကာ ဗြိတိန် သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပြီး Harrow International Management Services က တာဝန်ယူ စီမံခန့်ခွဲ သွားမည်ဟု အဆိုပါ ကုမ္ပဏီများ ထံမှ သိရှိရသည်။

ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာအတွင်းရှိ လေးဧက ကျယ်သည့် မြေနေရာတွင် အဆိုပါ စာသင်ကျောင်း ဖွင့်လှစ်ရန် အချို့ အချက်အလက် များကို အစိုးရပိုင်းနှင့် ညှိနှိုင်း ဆွေးနွေးမှုများ မပြီးပြတ်သေးကြောင်း Yoma Strategic Holdings ကုမ္ပဏီထံမှ သိရသည်။

နိုင်ငံခြားသားများ ပြည်တွင်းသို့ ပိုမို ဝင်ရောက်လာချိန် မြန်မာနိုင်ငံသား များလည်း အဆင့်မီ နိုင်ငံ တကာ ကျောင်းများတွင် အပ်နှံမှု များလာသောကြောင့် နိုင်ငံတကာ ကျောင်းပညာရေး ဈေးကွက်အတွင်း စီးပွားရေး လုပ်ငန်းရှင်များ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ် လာကြခြင်း ဖြစ်နိုင်ကြောင်း အငြိမ်းစား အထက်တန်း ကျောင်းအုပ်ကြီး ဦးကျော်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေး ၈ ဒသမ ၅ သန်း ရှိပြီး နိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် ထိပ်တန်း နိုင်ငံတကာကျောင်း ငါးကျောင်းတွင် ပညာ သင်ကြားနေသူ ကျောင်းသား အရေအတွက်မှာ ၃၂၀၀ ဦး ရှိသည်။

၁၅၇၂ ခုနှစ်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် စတင် တည်ထောင်ခဲ့သည့် Harrow School သည် လန်ဒန်တွင် နှစ်ကျောင်း၊ တရုတ်နိုင်ငံ၊ ဘေဂျင်းတွင် တစ်ကျောင်း၊ ဟောင်ကောင်တွင် တစ်ကျောင်းနှင့် ဘန်ကောက်တွင် တစ်ကျောင်းသာ ဖွင့်လှစ်ထားပြီး ဝင်စတန်ချာချီ အပါအဝင် ဗြိတိန် ဝန်ကြီး ချုပ် ခြောက်ဦး၊ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း ပန်ဒစ်နေရူး၊ ဂျော်ဒန်ဘုရင် ဟူစိန်၊ ထိုင်းဘုရင့် မျိုးနွယ်များနှင့် ကမ္ဘာကျော် အနုပညာရှင်များ၊ နိုင်ငံရေး ခေါင်းဆောင် များကို မွေးထုတ်ပေးခဲ့သည့် အစဉ်အလာရှိ ထိပ်တန်းကျောင်း တစ်ကျောင်း ဖြစ်သည်။

The Voice Weekly
Read more...
Thursday, March 13, 2014

အခြေခံပညာကျောင်းတွေအတွက် ကမ္ဘာ့ဘဏ်ရဲ့ အကူအညီ လာမယ့်ပညာသင်နှစ်စဖွယ်ရှိ

0 comments
13.3.2014

ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံ၏ ပညာရေးဝန်ကြီးဌာနက အခြေခံပညာ အဆင့် ကျောင်းများ အတွက် ထောက်ပံ့ကြေး နှင့် ကျောင်းသားကျောင်းသူများအတွက် ပညာသင်ဆု ချီးမြင့်မည့် အစီအစဉ်ကို ကမ္ဘာ့ဘဏ်အကူအညီဖြင့် လာမည့်နှစ်တွင် စတင်အကောင် အထည်ဖော်ရန် ဆောင်ရွက်နေသည်ဟု ကမ္ဘာ့ဘဏ်မြန်မာ၏ အွန်လိုင်းစာမျက်နှာ တွင် ရေးသားထားသည်။

ထိုသို့ အကူအညီ အထောက်အပံ့များ ပေးရန်အတွက် ပြည်သူများထံက အကြံဥာဏ် ရယူ သည့် ဆွေးနွေး ပွဲ ကို ၂ဝ၁၄ခုနှစ် မတ်လ (ယခုလ)အတွင်း ကျင်းပသွားမည်ဟု ရေးသားထားသည်။

အကြံပြု ဆွေးနွေးပွဲကို NGOsများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်သည့် အကြံပြု ဆွေးနွေးပွဲကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် မတ်လ ၁၉ရက် နံနက် ၁ဝနာရီမှ ၁၂နာရီအထိ ပြုလုပ်မည်ဖြစ်သည်။

မဇ္ဈိမသတင်းဌာန
Read more...
Monday, February 17, 2014

" အင်္ဂလန်အောက်စဖို့တက္ကသိုလ်မှ ဆရာနှင့်ကျောင်းသားများ ရန်ကုန်တက္ကသိုလ် အဆောင်တွင် ကျောင်းသားများနှင့် အတူနေထိုင်၍ ဘာသာစကား သင်ပေးမည်"

0 comments
အင်္ဂလန်အောက်စဖို့ တက္ကသိုလ်မှ ကျောင်းသားနှင့် ဆရာများက ရန်ကုန်တက္ကသိုလ် အဆောင်၌ ကျောင်းသားများနှင့်အတူ နေထိုင်၍ အင်္ဂလိပ်ဘာသာစကား လေ့ကျင့်သင်ကြားပေး မည့်အစီအစဉ်ကို ပညာရေးဝန်ကြီးဌာနက မတ်လထဲတွင် စတင်အကောင် အထည်ဖော်သွားမည်ဟု ယင်းဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က ပြောသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပညာရေး ဝန်ကြီးဌာနက ဗြိတိန်တက္ကသိုလ် ၄ ခု နှင့် သီးခြားစီတွေ့၍ ၃ ရက်ကြာ ဆွေးနွေးခဲ့မှုတွင် သဘောတူညီမှု ရရှိခဲ့သော အချက်တစ်ခုဖြစ်ပြီး ၎င်းတို့လာရောက် နေထိုင်မှုသည် လချီကြာလိမ့်မည်ဟု ၎င်းက Popular
News သို့ ပြောသည်။

''ရက်အတိအကျကိုတော့ ဆက် ဆွေးနွေးရမှာပေါ့''ဟု ဒုတိယညွှန်ချုပ် ဒေါက်တာဇော်မြင့် က ပြောသည်။ အောက်စဖို့တက္ကသိုလ်နှင့် ကနဦး ဆွေးနွေးမှု သဘောတူညီချက်တွင် ယင်း တက္ကသိုလ်မှ အင်္ဂလိပ်ဘာသာ စကားသင် ဆရာတစ်ဦးနှင့် တက္ကသိုလ် ကျောင်းသား ၅ ဦးတို့က ရန်ကုန်တက္က သိုလ်တွင် ခေတ္တလာနေကြပြီး အစီအစဉ်ကို အကောင်အထည်ဖော်မည်ဟု သိရသည်။ အစိုးရသစ် တက်ပြီး ၂ နှစ်ကျော် အကြာတွင် ဘွဲ့ကြိုသင်တန်း များနှင့် ကျောင်းအဆောင်များကို ရန်ကုန်တက္က သိုလ်က ခွင့်ပြုမိန့်ဖြင့် ပြန်လည်ဖွင့်ခဲ့ပြီး ၎င်းမှာ အမေရိကန် ဂျွန်ဟော့ကင်းတက္က သိုလ်နှင့် ၂ဝ၁၃ ခုနှစ်တွင် ပူးပေါင်းမှု ပြုခဲ့သည့်တက္ကသိုလ်တစ်ခုလည်း ဖြစ် သည်ဟု သိရသည်။

လက်ရှိတွင် ဗြိတိန် တက္ကသိုလ်များနှင့်ပါ ထပ်မံပူးပေါင်း သွားမည့် အစီအစဉ်များကို ထပ်မံတိုး ချဲ့လိုက်ခြင်းလည်း ဖြစ်သည်။

အောက်စဖို့တက္ကသိုလ်က လာ ရောက်၍ အင်္ဂလိပ်ဘာသာစကား သင်ကြားပေးမည့် အစီအစဉ်အပြင် ရန် ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိက၊ စာကြည့်တိုက်မှူး များပါဝင်သော သင်တန်းသား ၁၅ ဦး တို့ကို ခေါ်ယူသင်တန်းပေးသွားမည့် အစီအစဉ်နှင့် အခြားအစီအစဉ်တို့လည်း ရှိသည်ဟု ထပ်မံသိရသည်။

Popular Myanmar News Journal
Read more...
Monday, February 10, 2014

ပုဂ္ဂလိက ကျောင်းတိုင်းတွင် မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်း စာအုပ်များ အခမဲ့ပေးမည်

0 comments


10.2.2014

ပညာရေးဝန်ကြီးဌာန လက်အောက် ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းတိုင်း တွင် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက The Voice သို့ ပြောကြားသည်။

အခမဲ့ မူလတန်းနှင့် အလယ်တန်း ပညာရေးစနစ်တွင် အစိုးရ စာသင်ကျောင်းများသာမက ဘုန်းတော်ကြီးသင်ကျောင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများပါ အကျုံးဝင်မည် ဖြစ်သောကြောင့် ပြဋ္ဌာန်း စာအုပ်များ အခမဲ့ပေးခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယင်းအပြင် ပုဂ္ဂလိက ကျောင်းများရှိ မူလတန်းအဆင့် ကျောင်းသား များသည် ပြဋ္ဌာန်း စာအုပ်အပြင် ထောက်ပံ့ကြေး ကျပ်တစ်ထောင်စီနှင့် ဗလာစာအုပ်များပါ ရရှိမည် ဖြစ်ကြောင်း၊ အဆိုပါ မူလတန်း ကျောင်း သား များအတွက် ၂၀၁၃-၂၀၁၄ ပညာသင် နှစ်ကတည်းက ပြဋ္ဌာန်း စာအုပ်များ စတင်ပံ့ပိုးထားကြောင်း ၎င်းကပြောဆိုသည်။

သို့သော်လည်း ပညာနန်းတော် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းရှိ မူလတန်း ကျောင်းသားမိဘ တစ်ဦးကမူ ၂၀၁၃-၂၀၁၄ ပညာ သင်နှစ် ကျောင်းအပ်နှံစဉ်က ပုဂ္ဂလိက မူလတန်း ကျောင်းသား များ သည် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းထောက်ပံ့ကြေးများ အခမဲ့ မရရှိကြောင်း The Voice သို့ ပြောကြား သည်။
“ဖတ်စာအုပ်က အစိုးရပဲပေးတယ် ထင်တယ်။ ကျွန်တော်တို့ ကတော့ ကျောင်းကလည်းမရဘူး အပြင်ကနေ ဝယ်တာ” ဟု ၎င်းကဆိုသည်။

ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ကို စက်တင်ဘာလ ရောက်မှသာ ချထားပေးခြင်း ဖြစ်ပြီး ပြဋ္ဌာန်း စာအုပ်နှင့် ထောက်ပံ့ကြေးကိုလည်း သက်ဆိုင်ရာ ကျောင်းသား စာရင်း အလိုက် တစ်ဆင့်ထပ်ရသောကြောင့် အစိုးရ ကျောင်းများ ထက် နောက်ကျမှ ရရှိကြောင်း တာချီလိတ်မြို့ရှိ ရွှေမဟာပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တာဝန်ခံ ဒေါက်တာဘိုင်အိုက ပြောကြားသည်။
“ကျောင်းတွေက အပြိုင်အဆိုင် လုပ်နေကြတာဆိုတော့ ကျောင်းဖွင့် ကတည်းက စာအုပ်တွေကို အခမဲ့ ပေးနေကြတာပါပဲ” ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်က စတင်၍ မူလတန်း ကျောင်းသား တိုင်းအတွက် ဗလာ စာအုပ်၊ ပြဋ္ဌာန်းစာအုပ်နှင့် ငွေကျပ် တစ်ထောင်စီ ထောက်ပံ့ခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အလယ် တန်း အဆင့်ပြ ဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခများကို အခမဲ့ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

သို့သော်အချို့သော အစိုးရကျောင်းများတွင် စာအုပ်ဖိုး သီးခြားကောက်ခံခြင်း မရှိသော်လည်း အလှူခံငွေ အဖြစ် ကောက် ခံနေမှုများ ရှိပြီး ယင်းကို ထိထိရောက်ရောက် တိုင်ကြားနိုင်ရန် စီစဉ်ပေးစေ လိုကြောင်း ကျောင်းသား မိဘများက ပြောဆိုသည်။

The Voice
Read more...
Thursday, December 26, 2013

ပညာရေးဝန်ကြီးဌာန မူကြိုဆရာများ နိုင်ငံဝန်ထမ်း ခန့်ထားရန် မူဝါဒရေးဆွဲ

0 comments


26.12.2013

ဝေးလံသော ဒေသများက အခြေခံပညာ မူလတန်းကျောင်းများတွင် ဖွင့်လှစ်ထားသော ရပ်ရွာ အခြေပြု ရှေးဦး ကလေးသူငယ် ပြုစုရေး ကျောင်းများက မူကြိုဆရာများ အစိုးရ ထောက်ပံ့စရိတ် ရရှိရေး မူဝါဒတစ်ရပ် ရေးဆွဲထားကြောင်း ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ ပညာရေး မြှင့်တင်မှု အကောင် အထည်ဖော်ရေး ကော်မတီဝင် များထံမှ စုံစမ်းသိရှိရသည်။

ပညာရေး ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ရပ်ရွာအခြေပြု ကျောင်းများတွင် မူကြိုဆရာမ ငါးထောင်ကျော် ရှိသော်လည်း ၎င်းတို့ အားလုံးအတွက် လစာ ထောက်ပံ့မှုကို ရပ်ရွာနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကသာ ပံ့ပိုးပေးနေပြီး လက်ရှိ အချိန်ထိ ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ထားခြင်း မရှိသေးသည့် အတွက် မူဝါဒ ရေးဆွဲရခြင်း ဖြစ်ကြောင်း အဆိုပါ ပညာရေးလုပ်ငန်း အဖွဲ့ဝင်တစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ရှေးဦး ကလေးသူငယ်ပြုစု စောင့်ရှောက်ရေး မူဝါဒတွင် ကျောင်းအခြေပြု မူကြိုဆရာများ၏ ကျွမ်းကျင်မှုနှင့် လိုအပ်ချက်များကို ဆန်းစစ်၍ နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်ထားရန်၊ မူကြို တစ်ခန်းလျှင် အနည်းဆုံး ဆရာ၊ ဆရာမ နှစ်ဦးနှုန်းနှင့် ကလေးသူငယ် အများဆုံး ၃၀ ဦးထိသာ လက်ခံသွားရန်အပြင် မူကြိုဆရာ၊ ဆရာမ ခန့်ထားရာတွင် ဒေသဘာသာစကား ကျွမ်းကျင်သူ၊ မိခင်ဘာသာစကား ကျွမ်းကျင်သူများကို ဦးစားပေးရန် တို့ကိုလည်း ထည့်သွင်းထားသည်။

ယင်းမူကြို ကျောင်းများတွင် အသက်သုံးနှစ်မှ လေးနှစ်ကျော် ကလေးသူငယ်များကို သင်ကြားပေးလျက် ရှိပြီး အသက်ငါးနှစ်ကျော်လျှင် ပညာရေးဝန်ကြီးဌာနက လာမည့် စာသင်နှစ်များတွင် ဖွင့်လှစ်မည့် မသင်မနေရ မူလတန်းကြိုတန်းကို တက်ရောက်ရမည် ဖြစ်သည်။

ရှေးဦး ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး ရပ်ရွာ အခြေပြုကျောင်း ဖွင့်လှစ်ခြင်းသည် နိုင်ငံ၏ ဆင်းရဲ မှု လျှော့ချရေး လုပ်ငန်းများကို တိုက်ရိုက် အကျိုးရှိပြီး ကလေးသူငယ်များ၏ ပညာရေး အတွက် လည်း အထောက်အကူ ဖြစ်နိုင်ကြောင်း ပညာရေး မြှင့်တင်မှု ကော်မတီ အကြံပေး အဖွဲ့ဝင် ဒေါက်တာ သိန်းလွင်က ပြောကြားသည်။

နိုင်ငံတစ်ဝန်း ပညာရေးဝန်ကြီးဌာန လက်အောက် အခြေခံပညာ မူလတန်းကျောင်း သောင်းချီ ထဲမှ ဝေးလံခေါင်သီသော ဒေသများတွင် ယခုနှစ်ဆန်းပိုင်း၌ ရပ်ရွာ အခြေပြုကျောင်း၂၈၁၉ ခု တည်ထောင်ထားပြီး နှစ်လယ်ပိုင်း၌ ၅၄၈ ကျောင်း ထပ်မံတိုးထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ သိရှိရသည်။

The Voice Weekly
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here