Saturday, August 25, 2012

ရန်ကုန်-ဒလ ကူးတို့သင်္ဘောသစ်များအတွက် ငွေနှင့် နည်းပညာ ဂျပန်ကူမည်

0 comments
ရန်ကုန်နှင့် ဒလ ပြေးဆွဲနေသော လက်ရှိ ကူးတို့သင်္ဘောများ နေရာတွင် သင်္ဘောသစ်များပြေးဆွဲနိုင်ရန် ငွေကြေးနှင့် နည်းပညာ အကူအညီများ ပေးမည်ဟု ဂျပန်နိုင်ငံ ရေကြောင်းဗျူရို၏ ဒါရိုက်တာ မစ္စတာ ရှီနီချီရို အိုဆူဘို က ပြောသည်။


“မြစ်ရဲ့ စီးဆင်းမှုကို လေ့လာပြီးတော့ အသင့်တော်ဆုံး ဒီဇိုင်းနဲ့ ပြုလုပ်သွားမှာပါ” ဟု သောကြာနေ့က Chatriun ဟိုတ်တယ်တွင် ပြုလုပ်သည့် ဂျပန်-မြန်မာ ပို့ဆောင်ရေး နည်းပညာ ဆွေးနွေးပွဲ တွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် သင်္ဘောဒီဇိုင်းကို လာမည့်နှစ် မတ်လတွင် အခြေခံ အဆင့်များ ပြီးစီးမည်ဖြစ်ကာ သင်္ဘောတည်ဆောက်ချိန် တနှစ်ခန့်သာ ကြာမြင့်မည် ဖြစ်သည်။

ကူးတို့သင်္ဘောများ တည်ဆောက်ရေးအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ကလည်း ချေးငွေများကို မြန်မာအစိုးရအား နှစ်ရစ် ခွဲပေးသွားရန် အစီအစဉ်ရှိသည်ဟုလည်း JICA က ဆိုသည်။

tecsi2
ရန်ကုန်မြို့တွင်ပြုလုပ်သည့် ဂျပန်-မြန်မာ ပို့ဆောင်ရေးနည်းပညာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ပို့ဆောင်ရေးဝန်ကြီး ဦးဥာဏ်ထွန်းအောင် အပါအဝင် အစိုးရအရာရှိကြီးများနှင့် ဂျပန်နိုင်ငံမှ ဂျပန်နိုင်ငံ ပို့ဆောင်ရေး၊ အခြေခံအဆောက်အဦ၊ ခရီးသွားလာရေး နှင့် မြေယာ ဆိုင်ရာ ဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာ တာကာရှိ ကီတာမူရာ အပါအဝင် ဂျပန် စီးပွားရေးလုပ်ငန်းရှင်များကို သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ-ဟိန်းထက်(မဇ္ဈိမ)

ဂျပန်သင်္ဘော တည်ဆောက်ရေးလုပ်ငန်း သမဝါယမအသင်း၏ အမှုဆောင်ဒါရိုက်တာ ကလည်း ဂျပန်အနေဖြင့် ချေးငွေ များအပြင် သင်္ဘောတည်ဆောက်သည့် နည်းပညာကိုလည်း အကူအညီပေးမည်ဟု ဆွေးနွေးပွဲတွင် အသိပေးပြောကြား ခဲ့သည်။

လှိုင်မြစ်ကို ဖြတ်သန်းရသည့် ရန်ကုန်-ဒလ ကူးတို့သင်္ဘောများကို စီမံကွပ်ကဲသည့် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ၏ မြစ်ဝကျွန်းပေါ်ဌာနခွဲ၏ အဆိုအရ ယင်း ခရီးလမ်းကို ကူးတို့သင်္ဘော နှစ်စီးဖြင့် တနေ့လျှင် ၉၆ ခေါက် ပြေးဆွဲပြီး တခေါက်လျှင် ပျှမ်းမျှ ခရီးသည်ဦးရေ ၅ဝဝ မှ ၇ဝဝ အထိ လိုက်ပါစီးနင်း ကြသည်ဟု သိရသည်။

ခရီးသည် တဦးလျှင် ၅ဝ ကျပ်ပေးချေရပြီး နိုင်ငံခြားသား ခရီးသည်များအတွက်မူ တဦးလျှင် အမေရိကန် ၁ ဒေါ်လာကောက်ခံကြောင်း ပြည်တွင်းရေကြောင်း၏ စာရင်းဇယားများအရ သိရသည်။

စက်တင်္ဘာလ အတွင်းတွင် ကူးတို့သင်္ဘောများကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းလေ့လာရေး အဖွဲ့များ စေလွှတ်၍ အသေးစိတ် သုံးသပ်မည်ဟုလည်း မစ္စတာ ရှီနီချီရို အိုဆူဘို က ပြောသည်။

ဆွေးနွေးပွဲသို့ မြန်မာ ပို့ဆောင်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင် နှင့် သယ်ယူ ပို့ဆောင်ရေးနှင့်သက် ဆိုင်သော အစိုးရအရာရှိကြီးများ တက်ရောက်ခဲ့ပြီး ဂျပန် ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦဆိုင်ရာ ဒု-ဝန်ကြီး မစ္စတာ တာကရှိ ကီတာမူရာ၊ နည်းပညာဆိုင်ရာ ဒု-ဝန်ကြီး နှင့် ဂျပန် သယ်ယူပို့ဆောင်ရေး စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
 
ref: မြန်မာပြည်သား

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here