Thursday, August 16, 2012

ရာသီဥတုဖောက်ပြန်မှုကို ကြိုတင်ပြင်ဆင်မှုဖြင့် အနိုင်ယူကြပါစို့

0 comments


သြဂုတ် ၁၆
အနောက်တောင်မုတ်သုန်လေဟာ မြန်မာနိုင်ငံမြောက်ပိုင်းကို မေလအကုန်လောက်မှာ ၀င်ရောက်ခဲ့ပါတယ်။ အနောက်တောင် မုတ်သုန်လေရောက်ပြီးနောက် အစဉ်အလာအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကို ပြန်ဆင်း လာရပါတယ်။ ဒီနှစ်မှာတော့ မြောက်ပိုင်းကို မုတ်သုန်လေဦး ၀င်ရောက်ပြီးကတည်းက တစ်ခါတည်း အထိုင် ချပြီး နေခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်လာရပါတယ်။
ပထမဆုံးကြုံတွေ့ရတာကတော့ မြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသတွေဖြစ်ကြတဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတွေမှာ မိုးတွေနေ့စဉ်ရက်ဆက်ရွာသွန်းနေပါတယ်။ ဒုတိယကြုံတွေ့ရတာကတော့ ဇွန်၊ဇူလိုင်လတွေမှာ ဧရာဝတီနဲ့ချင်းတွင်းမြစ်ရေတွေဟာ
တစ်နေ့ထက်တစ်နေ့မြင့်တက်လာပြီး မြစ်ရိုးတစ်လျှောက်မြို့ရွာတွေ၊လယ်ကွင်း တွေ၊ မြေနိမ့်ပိုင်းတွေမှာ ရေနစ်မြုပ်စေခဲ့တာဖြစ်ပါတယ်။ ဒါဟာမြန်မာနိုင်ငံရဲ့ ပထမရေကြီးကာလ(First Flood Wave) ဖြစ်ပါတယ်။
တတိယကြုံတွေ့ရမယ့် ပြဿနာကတော့ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းတစ်ကြိမ်တစ်ခါမျှ မဖြစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။အနောက်တောင်မုတ်သုန်လေဦးဟာ မြန်မာနိုင်ငံမြောက်ပိုင်း ကုန်းတွင်းပိုင်းမှာ အခြေချနေလေတော့ အနောက်တောင်မုတ်သုန်လေဦးထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းတွေဟာ မုန်တိုင်းအဖြစ်ကို ရောက်ရှိ မလာနိုင်တော့ပါဘူး။
စတုတတွေ့ကြုံရမယ့် ပြဿနာကတော့  မြန်မာနိုင်ငံအလယ်ပိုင်းတွေမှာ မိုးခေါင်ခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတွေဟာ မိုးကွယ်အရပ်ဒေသ (Rain Shadow Areas) တွေဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ မုန်တိုင်းတွေဖြစ်ပေါ်မှာသာ ဒီဒေသဟာမိုးရရှိမှာဖြစ် ပါတယ်။ လက်ရှိမှာတော့ မိုးမရွာတဲ့အတွက် ပျိုးပင်တွေလဲပျက်စီးသွားတဲ့အကြောင်းစစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း ပုလဲမြို့နယ်က တောင်သူဦးကြီးတွေကပြောပြပါတယ်။
နောက်တော့ အပူပိုင်းဒေသတွေအတွက် မေခလာပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ဇူလိုင်လ ၂၄ ရက်နေ့မှာ တိုင်ဖွန်းမုန်တိုင်း Vincete ဟာ ၂၀၁၂ခုနှစ်အတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်င့တောင်ပိုင်းကမ်းခြေကို ဟောင်ကောင်နဲ့ ဂွမ်ဒေါင်ပြည်နယ်တွေကတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မိုးစတင်ရွာစေခဲ့ပါတယ်။ဒါတောင်အလယ်ပိုင်းဒေသ ပခုက္ကူမှာယနေ့အထိမိုးမရသေးတဲ့ နေရာတွေရှိနေပါသေးတယ်။
ဇူလိုင်လ ၂၂ ရက်လောက်ကတည်းက အဆက်မပြတ်ရွာနေတဲ့ မိုးတွေကြောင့် အခုတော့မြန်မာနိုင်ငံနေရာ တော်တော်များများမှာ ရေကြီးမှုတွေ မြင့်မားလာနေပါတယ်။ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုန်လေအားကောင်း နေတဲ့အပြင် တောင်တရုတ်ပင်လယ်ပြင်မှာလည်း မုန်တိုင်းတွေဆက်တိုက်ဖြစ်နေတာကြောင့် Flood Potential  တွေကတော့ တတိယရေကြီးကာလဖြစ်တဲ့ အောက်တိုဘာလအထိ သတိထားရဦးမှာပါ။ ဒါကြောင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်စရာများစီမံဆောင်ရွက်ထားကြရန်ဖြစ်ပါတယ်။
မိုးတွေကောင်းပြီး ရေတွေကြီးနေလို့ မိုးနတ်မင်းကြီးကို အပြစ်တင်မစောပါနဲ့ဦး။ မိုးနှောင်းမိုးလွန် နောက်ပိုင်းကာလ တွေမှာ မိုးခေါင်စေဦးမယ့် အယ်လ်နီညိုဆိုတဲ့ နတ်ဆိုးကြီးက အိမ်ဝကိုရောက်နေတဲ့ အရိပ်အယောင်ပြနေပြန်ပါပြီ။ အိန္ဒိယမိုးလေ၀သဌာနကဆိုရင် အယ်လ်နီညိုရာသီဥတုအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြဖို့တောင် စတင်ပြော နေပါပြီ။ အိန္ဒိယကတော့အနောက်ဘက်က အာရေဗျပင်လယ်ရော၊ အရှေ့ဘက်က ဘင်္ဂလားပင်လယ်အော်ရော မုန်တိုင်းတစ်လုံးမှ မဖြစ်လေတော့…သဲသောင်ပြင်ပေါ်မှာ မီးမြိုက်ခံရတဲ့ငါးလို…ပူပြင်းခြောက်သွေ့တဲ့ ဒဏ်ကိုခံစား နေကြရပါပြီ။မြန်မာနိုင်ငံအနေနဲ့လည်း ၂၀၁၂ခုနှစ်မှာ အယ်လ်နီညိုသာ ဖြစ်လာခဲ့ရင်တော့ အနည်းနှင့်အများ ဒဏ်ခံ ကြရဦးမှာဖြစ်ပါတယ်။
ဒီနေရာမှာကျွန်တော်ငယ်ငယ်က ကြားဖူးတဲ့ပုံပြင်တစ်ခုကို သတိရမိလာပါတယ်။ ပုံပြင်ကတော့ တစ်ခါက ဆယ်တန်းအောင်စာရင်း သွားကြည့်ရာမှ မိမိနာမည်ကို ရှာမတွေ့လို့ စာမေးပွဲကျရှုံးကြောင်းသိလာတဲ့ သားလုပ်သူက အိမ်ကိုပြန်ရောက်တော့ အိမ်ကတမျှော်မျှော်နဲ့စောင့်နေတဲ့ အမေလုပ်သူကို``အမေရယ်..ဒီနှစ်ဆယ်တန်းစာမေးပွဲ ကျလိုက်ကြတာအမေရယ်´´လို့ပြောလိုက်သတဲ့။ ဒီတော့အမေလုပ်တဲ့သူက``သူများကျတာတွေပြောမနေနဲ့၊ နင်ကော``လို့အမောတကောမေးလိုက်သတဲ့။ ဒီတော့သားလုပ်တဲ့သူက``အမေ့သားကသိကြားသားမှ မဟုတ်တာ အမေရယ်´´လို့ပြောလိုက်ပါသတဲ့။ ဒီတော့ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့နိုင်ငံများနည်းတူ ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ခံစားလာကြတာဖြစ်ပါတယ်။
ဒီအတွက်ဖြေရှင်း ကျော်လွှားနိုင်ဖို့ နည်းလမ်းတွေရှာသင့်ပါပြီ။ ကြိုတင်စီမံပြင်ဆင်မှုတွေ လုပ်ထားနိုင်ပါမှ လက်တွေ့ ကြုံတဲ့အချိန်မှာ သက်သာရာရမှာဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူးလို့ပြောလိုပါတယ်။  


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here