Saturday, August 25, 2012

နယူးယောက်ကို ရောက်ရှိနေတဲ့ မေကဗျာနဲ့ စကားပြောခြင်း

0 comments
ရုပ်ရှင်မင်းသမီး မေကဗျာဟာ တင်မောင်ဆန်းမင်းဝင်း၊ ထွန်းထွန်း (Examplez)၊ မိုးမိုးတို့နဲ့အတူ နယူးယောက်ကို ရောက်ရှိနေပါတယ်။ သူတို့အဖွဲ့ဟာ သြဂုတ် ၂၅ ရက် (စနေနေ့) ညနေပိုင်းတွင် 31-10 Thompson Ave, LIC NY 11101 ရှိ Laguardia Performing Arts Center တွင် ကျင်းပမယ့် ရယ်မော ပျော်ရွှင် အငြိမ့်သဘင်ပွဲမှာ ဖျော်ဖြေဖို့အတွက် ရောက်ရှိနေကြခြင်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ခရီးစဉ်နဲ့ သူ့ရဲ့ အနုပညာလုပ်ငန်းများနဲ့ ပတ်သက်ပြီး ယနေ့မြန်မာက မေကဗျာကို သြဂုတ် ၂၃ ရက်နေ့ ညနေပိုင်းက အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ သရုပ်ဆောင် မင်းသမီးအနေနဲ့ မဟုတ်ဘဲ အငြိမ့်မင်းသမီးအဖြစ် လာရတဲ့ ရင်ခုန်မှုကို စပြီး ရှင်းပြပေးပါလား ခင်ဗျာ။ ပျော်ပါတယ်။ ကိုယ် မရောက်ဘူးတဲ့ နေရာလည်း ဖြစ်တယ်။ ၀ါသနာပါတာက အက ဆိုတော့ အဲဒီ အကနဲ့ လာပြီး ဖျော်ဖြေခွင့်ရတဲ့အတွက်လည်း အရမ်း ၀မ်းသာပါတယ်။ နယူးယောက်ခရီးစဉ်နဲ့ ပတ်သက်တဲ့ ခံစားမှုကို ပြောပြပေးပါလား ခင်ဗျာ။ ဒီကလူတွေက အရမ်း ခင်ဖို့ ကောင်းပါတယ်။ အရမ်းလည်း ဧည့်ဝတ်ကျေတယ်။ အဲဒီအခါကျ သူများမြို့ကို လာနေရတာနဲ့ မတူဘူး။ ကိုယ့်မြို့မှာ ကိုယ် နေရသလိုပဲ။ စားတာသောက်တာ နေတာထိုင်တာ ကိုယ်သွားချင်တာက အစ အစစအရာရာ အားလုံးလည်း အဆင်ပြေတယ်။ နယူးယောက်ပွဲအတွက် ပြင်ဆင်ထားတာလေးတွေကို သိပါရစေ ခင်ဗျာ။ နယူးယောက်မှာ ကဗျာတို့ကတာကတော့ ထူးထူးခြားခြား မရှိပါဘူး။ အရင် ကနေကျသီချင်းလေးတွေနဲ့ ကမှာပါ။ သီချင်းဆိုဖို့ ရှိတယ်။ ကိုဆန်းမင်းနဲ့ တွဲကဖို့ ရှိတယ်။ မေကဗျာကို လူအများက မော်ဒယ်လ်အနေနဲ့ စပြီး သိထားကြတယ် လေ။ အခုလို အနုပညာလုပ်ငန်းတွေ စပြီး လုပ်ဖြစ်ခဲ့တဲ့ အစပိုင်းကာလအကြောင်း ပြောပြပေးပါလား ခင်ဗျာ။ တကယ် ၀ါသနာပါတာက အက။ ငယ်ငယ်ကတည်းက ကချင်တာက အက။ ငယ်ငယ်ကတည်းက ပြိုင်ပွဲပြိုင်တာကလည်း အက။ အမေက သင်တန်းတက်ခိုင်းလို့ မတင်မိုးလွင်ဆီမှာ သင်တန်းတက်ပြီးနောက် ဒီ လောကထဲကို ရောက်လာတာ။ အဲဒီကတဆင့် ကြော်ငြာတွေ ရိုက်ဖြစ်တယ်။ ဗီစီဒီလေးတွေ ရိုက်ဖြစ်တယ်။ အဲဒီကတဆင့် ရုပ်ရှင်လောကထဲ ရောက်လာတာ ပေါ့။ ရုပ်ရှင်လောကထဲမှာ မင်းသမီးအနေနဲ့ သရုပ်ဆောင်ရတာနဲ့ မော်ဒယ်လ်အဖြစ် လုပ်ခဲ့ရတဲ့ အတွေ့အကြုံ ကွာခြားချက်လေး သိပါရစေ။ ကွာတာတော့ အများကြီးပဲ ပေါ့ နော်။ သူ့လိုင်းနဲ့ သူ ပေါ့။ ရုပ်ရှင်လောကထဲ ရောက်လာတုန်းကတော့ ၀ါသနာ အဲဒီလောက် မပါဘူး။ ဒါပေမယ့် လုပ်ရင်းလုပ်ရင်းနဲ့ ၀ါသနာ ပါလာတယ်။ ပါလို့လည်း လုပ်ဖြစ်သွားတာပေါ့။ ဒီလုပ်ငန်းတခုထဲကိုပဲ အနည်ထိုင်ပြီး လုပ်ဖြစ်တယ်။ မော်ဒယ်လ်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း မလုပ်ဖြစ်တော့ဘူး။ အရင်တုန်းက မော်ဒယ်လ်က ထူးထူးခြားခြား လုပ်စရာ မရှိဘူး လေ။ show လျှောက်တာလောက်ပဲ ရှိတာ။ ကဗျာတို့ မော်ဒယ်လ် လုပ်တဲ့အချိန်ကလည်း အခုလို show ပွဲအကြီးတွေ မပေါ်သေးတဲ့အချိန်ကျတော့ မော်ဒယ်လ်အနေနဲ့ အခုလောက်အထိ ပွဲကြီးတွေ မလျှောက်ခဲ့ရဘူးပေါ့ နော်။ အခုက ပွဲကြီးတွေ အရမ်း လုပ်နေတဲ့အခါကျတော့ မော်ဒယ်လ်တွေအနေနဲ့ ပွဲကြီးတွေ လျှောက်ရတော့ ကောင်းတာပေါ့။ အရင်တုန်းက မော်ဒယ်လ် လုပ်ကြတယ်ဆိုတာကလည်း ရုပ်ရှင်လိုင်းထဲကို ကူးချင်လို့ မော်ဒယ်လ်သင်တန်း တက်ကြတာ။ ပြီးတော့မှ ရုပ်ရှင်လိုင်းထဲကို ကူးကြတာပေါ့။ အဲဒီလိုအနေနဲ့ ရောက်လာတာ။ အနုပညာလောကထဲမှာ လုပ်ကိုင်ဖြစ်တာ ဘယ် နှစ်နှစ်လောက် ရှိပြီလဲ ဗျ။ အတွေ့အကြုံလေးတွေ ပြောပြပါလား။ ဆယ်နှစ်ဝန်းကျင်လောက်တော့ ရှိပြီ။ ကဗျာကျတော့ ဒီအလုပ်လုပ်ရင်း လုပ်ရင်းနဲ့ ၀ါသနာ ပါသွားတယ်။ ဒီအလုပ်ပဲ လုပ်တတ်တော့တယ်။ တခြားအလုပ်လည်း မလုပ်တတ်တော့ဘူး။ တခြားအလုပ်လည်း မလုပ်ချင်တော့ဘူး။ ဒီအလုပ် မလုပ်ရရင်ကို မနေတတ်တော့သလို ဖြစ်သွားတာ။ အမေရိကားကို လာတော့ ဗမာပြည်မှာ ရုပ်ရှင်ကားရိုက်တာတွေ ဖျက်ထားခဲ့ရတာ ရှိပါသလား။ ရှေ့လုပ်ငန်းစဉ်တွေရော ဘာတွေ ရှိပါသေးလဲ ဗျ။ ဖျက်တော့ ဖျက်ခဲ့တယ်။ သမီးက ပထမ ဒီမှာ ၁ ရက်နေ့ ပြန်မယ်ဆိုတော့ ရန်ကုန်မှာ ၅ ရက်နေ့တော့ ကားရိုက် ပြန်တင်ထားတယ်။ အခု ၁၁ ရက်နေ့မှ ပြန်မယ်ဆိုတော့ ကားရိုက်တွေ ရွှေ့တော့ ရွှေ့ခိုင်းထားတယ်။ ရ မရ မသိဘူး။ ဒီကိုလာခဲ့ရတာကတော့ ကားရိုက်ကတော့ နားခဲ့ရတာပေါ့။ နာမည်ကြီးလာတဲ့နောက်ပိုင်းမှာ အိမ်ထောင်ကျသွားခဲ့တယ်။ ဒီတော့ အခု နေထိုင်ရတဲ့ မိသားစုဘ၀နဲ့ အနုပညာသည်ဘ၀အကြောင်း ခံစားချက် အတွေ့အကြုံ ရှင်းပြပေးပါလား ခင်ဗျာ။ မိသားစုဘ၀ဆိုတာလည်း ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးပြီးကိုယ်ကိုယ်တိုင်ပဲ တည်ထောင်ခဲ့တာပဲ။ အနုပညာ အလုပ်လုပ်တဲ့သူတွေကျတော့ မိသားစုကို အချိန်ပေးရတာ အရမ်းနည်းတယ်။ မိုးလင်းတာနဲ့ ရှုတင်သွားရတယ်။ တခါတခါကျ ညဘက် ရိုက်ရတာတွေ ရှိတယ်။ မိသားစုကို အချိန်ပေးရတာ နည်းတယ်။ သား သမီးအတွက်ရော၊ မိသားစုအတွက်ရော ပေါ့ နော်။ အဲဒီအခါကျတော့ ကိုယ့်မိသားစုက နားလည်အောင် အရမ်း ပြောပြရတယ်။ သူတို့ကလည်း နားလည်ပေးမှ ကိုယ် အလုပ်လုပ်ရတာ အဆင်ပြေတယ်။ အနုပညာရှင်တွေရဲ့ဘ၀က သူတို့ မိသားစုကို အချိန်ပေးရတာ နည်းတယ်။ ဒါ့ကြောင့် အဆင်မပြေတာတွေ များတတ်ကြတယ်ပေါ့ နော်။ ကဗျာကတော့ ကိုယ် ရောက်နေတဲ့ နေရာကို စိတ်ချမ်းသာတယ်၊ စိတ်ချမ်းသာသလို နေတယ်။ ကောင်းအောင်နေတယ်။ ကိုယ် ကြိုးစားတယ်။ သိတ်ပြီး တခြားကိစ္စတွေ မစဉ်းစားတတ်ဘူး။ မတွေဝေတတ်ဘူး။ နောင်တ သိတ် မရတတ်ဘူး။ လက်ရှိဘ၀မှာပဲ အကောင်းဆုံး စိတ်ချမ်းသာအောင်နေတယ်၊ ကောင်းအောင် နေတယ်။ နောက်ဆုံးအနေနဲ့ ပရိသတ်ကြီးကို ဘယ်လိုစကားများ လက်ဆောင်ပေးလိုပါသလဲ ခင်ဗျာ။ ကဗျာ့ကို ဟိုးအရင်တက်ညက စပြီး ကလေးတယောက်ရတဲ့အထိ အားပေးနေကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ် လို့။ ကဗျာ့ပရိသတ်တွေ အားပေးနေလို့လည်း ကဗျာ ဒီကို လာခွင့်ရတာ ပါ။ ကဗျာ့ပရိသတ်တွေက ခေါ်လို့လည်း ကဗျာ လာခွင့်ရတာ ပါ။ ဒါ့ကြောင့် ဒီက ပရိသတ်တွေရော မြန်မာပြည်က ပရိသတ်တွေအားလုံးကိုရော ကဗျာက အများ အများကြီး ကျေးဇူးတင်ပါတယ် လို့။ 
ref: Burma Today

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here