Friday, March 29, 2013

မွန်ပြည်နယ် ပအိုဝ်းအမျိုးသားနေ့ ကျင်းပ

0 comments

မတ်(၂၉)



ပအိုဝ်းအမျိုးသားနေ့ အခါတော်သမယ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ၂၀၁၃ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၀၁၃ ခုနှစ်၊ မတ်ခ်ျလ ၂၆ ရက်) မှာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဒေါက်ရပ်ကျေးရွာမှာ ပအိုဝ်းအမျိုးသားနေ့ ပွဲတော်အခမ်းအနားတရပ်ကို စည်ကားစွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို စင်္ကာပူဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒ၀ံသ မှ ပွဲတော်ကို ကြွရောက်လာကြတဲ့ ပရိတ်သတ်များကို အမျိုးသားရေး ယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းကြောင်းတွေကို မမေ့မလျော့ပဲ ထိမ်းသိမ်းကြဖို့ စတဲ့ သြ၀ါဒစကားများ မိန့်ကြားတော်မူခြင်းနှင့် မြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်ကို အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆရာတော် ဘဒ္ဒန္တစန္ဒ၀ံသ ဟာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ပအိုဝ်းတိုင်းရင်းသားလူမျိုးဖြစ်ပြီး စင်ကာပူနိုင်ငံမှာ သာသနာပြု သီတင်းသုံးနေထိုင်ပါတယ်။



ဆရာတော်က ပအိုဝ်းလူမျိုးများအားလုံး အချင်းချင်းစည်းလုံးညီညွတ်ကြပြီး၊ အခြားသော တိုင်းရင်းသားညီကိုမောင်နှမများနဲ့ ညီညီညွတ်ညွတ် အတူယှဉ်တွဲနေထိုင်သွားရန် လိုအပ်သည့်အပြင် အမျိုးသားအကျိုးစီးပွား ဒေသဖွံ့ဖြိုးမှုအကျိုးစီးပွားဖြစ်စေဖို့ တတ်စွမ်းသလောက် ပါဝင်လုပ်ဆောင်ကြဖို့နဲ့ မိမိတို့ပအိုဝ်းအမျိုးသားသမိုင်းကြောင်းကိုမမေ့ကြပဲ မိမိတို့စာပေနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို ထိမ်းသိမ်းမြှင့်တင်ကြဖို့လိုအပ်ကြောင်း တိုက်တွန်းမှာကြားခဲ့ပါတယ်။

တဆက်တည်းမှာ မိမိတို့လူမျိုးအနေနဲ့ အချိန်နဲ့အမျ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ လိုက်လျောညီထွေစွာ အတူနေထိုင်နိုင်သွားဖို့လိုကြောင်း၊ အင်္ဂလိပ်စကား စတဲ့ ကမ္ဘာသုံးသာသာစကားတွေ လေ့လာသင်ယူကြဖို့လိုကြောင်း၊ မည်သည့်ကိစ္စနဲ့မဆို ဘာပဲလုပ်လုပ် အချင်းချင်းစည်းလုံးကြရင် ဘာမဆိုဖြစ်နိုင်ကြောင်း “ ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သြ၀ါဒစကား မိန့်ကြားခဲ့ပါတယ်။



ပွဲတော်အခမ်းအနားရဲ့ထူးခြားကတော့ ပအိုဝ်းအမျိုးသားနေ့မတိုင်ခင် ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံတော်အစိုးရနဲ့ အပစ်အခတ်ရပ်ဆဲရေးဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA က ကိုယ်စားလှယ်တော်များ တရားဝင် ပါဝင်တက်ရောက်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။

အဲဒီအခမ်းအနားမှာ PNLO ဗဟိုကော်မတီဝင် ဦးခွန်တင်ရွှေဦးမှ ပအိုဝ်းအမျိုးသားနေ့အတွက် PNLO က ပေးပို့လာတဲ့ သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ တချိန်တည်းမှာပဲ သထုံဒေသ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အတွက် PNLO မှ လှူဒါန်းတဲ့ အလှူငွေကို PNLO ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး အောင်ကျော်က သထုံဒေသပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဌ ခွန်သိန်းရွှေကို ပေးအပ်ခဲ့ပါတယ်။



ဒါ့အပြင် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် NLD ပါတီနှင့် အခြားသောနိုင်ငံရေးပါတီက ကိုယ်စားလှယ်တော်များ၊ မွန်ပြည်နယ် အစိုးရအဖွဲ့က တာဝန်ရှိသူများ၊ အစိုးရ၀န်ကြီးများနှင့် လွတ်တော်အမတ်များ အပါအ၀င် ဒေသတွင်းရှိ အတူယှဉ်တွဲနေထိုင်ကြတဲ့ အခြားသော တိုင်းရင်းသားလူမျိုးများဖြစ်တဲ့ ဗမာ၊ မွန်နှင့် ကရင် စတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေလဲ လာရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။

ဒီ မွန်ပြည်နယ် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားဟာ သထုံဒေသ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ဦးစီးဆောင်ရွက်တာဖြစ်ပါတယ်။

“မစိုးပြောချင်တာက ဘီးလင်းမှာလုပ်တာ၊ ဒီနှစ်က ပြည်နယ်အဆင့်လုပ်တာ။ မစိုးတို့ လူငယ်တွေ အနေနဲ့လည်း နိုင်သလောက်ပါဝင်ကူညီကြတယ်။ အခုလိုမျိုး ဒီနှစ်မှာ PNLO က ပြည်တွင်း ရောက်လာတာနဲ့ တိုက်ဆိုင်ပြီးတော့ အခမ်းအနားကိုတက်တာ။ ပအိုဝ်းတွေ အနေနဲ့ စည်းလုံးတယ်ဆိုတာကို ပိုပြီးပေါ်လွင်လာတယ်။ အမြဲတမ်းလည်း စည်းလုံးစေချင်တယ်။ အထူးသဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို၊ ဘယ်တိုင်းရင်းသားတွေမဆို ငြိမ်းချမ်းစေချင်တယ်။ ရှေ့ဆက် နောင်နှစ်တွေမှာလည်း ဆက်လက်ကြိုးစားသွားမယ်ဆို”
 ဟု ပွဲတော်ဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦးဖြစ်တဲ့ နန်းစိုး ပြောဆိုသွားပါတယ်။



အခမ်းအနားမှာ သဘာပတိတစ်ဦးဖြစ်တဲ့ သထုံဒေသ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးခွန်အောင်ငြိမ်းက အမှာစကားပြောကြားခြင်း၊ သထုံဒေသ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေမှ ပအိုဝ်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံကို ပြောကြားခြင်း၊ သထုံခရိုင် NLD ဥက္ကဋ္ဌ ဦးစိုးဖေမှ NLD (ဗဟို) မှ ပေးပို့လာတဲ့ သ၀ဏ်လွှာကို ဖတ်ကြားခြင်း၊ မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးမှ ပေးပို့လာတဲ့သ၀ဏ်လွှာကို မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စား သထုံဒေသ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ကော်မတီတစ်ဦးမှ ဖတ်ကြားခြင်း၊ ဘီးလင်းမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးဝင်းမော်ဦးမှ မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပေးပို့လာတဲ့သ၀ဏ်လွှာကို ဖတ်ကြားခြင်းနှင့် ဒေသခံ မိဘပြည်သူ တိုင်းရင်းသားများ ကိုယ်စား ဦးခွန်ဒါလီမှ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တော်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်းပြီး ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနား ရုပ်သိမ်းပြီးတဲ့နောက်မှာ မွန်ပြည်နယ် ဒေသအသီးသီးရှိ ပအိုဝ်းကျေးရွာများမှ ယဉ်ကျေးမှုအဖွဲ့များက ပအိုဝ်းတိုင်းရင်းသားရိုးရာအကများ ဖျော်ဖြေတင်ဆက်ခြင်း၊ ရိုးရာဝတ်စုံဝတ်ဆင်ပြသခြင်းနှင့် ကြွရောက်လာကြတဲ့ဧည့်သည်များနှင့် ပရိသတ်များကို ပအိုဝ်းတိုင်းရင်းသားအစားအစာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရပါတယ်။



ဤတပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကြီးဟာ ရှမ်းပြည်မြို့တောင်ကြီးမြို့အပါအ၀င်၊ ရန်ကုန်၊ မန္တလေး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း စတဲ့ မြန်မာပြည်တွင်း နေရာဒေသများသာမကပဲ၊ ထိုင်းနိုင်ငံအတွင်းရှိ မဲဆောက်မြို့၊ ဘန်ကောက်မြို့၊ ချင်းမိုင်မြို့နဲ့ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု စတဲ့နိုင်ငံအသီးသီးတို့မှာလည်း ကျင်းပခဲ့ကြပါတယ်။






Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here