Friday, March 29, 2013

နယ်မြေလုံခြုံရေးတာဝန်ဆောင်ရွက်နေသော နယ်မြေခံစစ်ကြောင်းအား SSA (၀မ်ဟိုင်း)အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်

0 comments


မတ်(၂၉)

နမ္မတူမြို့နယ် မုံးရင်ကျေးရွာအနီးတ၀ိုက်သို့ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်ရင်း ချီတက်လာသော အရှေ့မြောက်ပိုင်းတိုင်း လက်အောက်ခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များအား SSA (၀မ်ဟိုင်း)အဖွဲ့မှ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ဗမာအစိုးရတပ်ဖွဲ့ဝင်(၁)ဦးကျဆုံးပြီး(၂)ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း နမ္မတူ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။

“တိုက်ပွဲဖြစ်တဲ့အသံတွေကြားတာကတော့ မနေ့ကမနက်ပိုင်းပါ။ လက်နက်ကြီးအသံတွေ၊ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရတယ်။ နယ်မြေခံတပ်ရင်း(၅၀၁)နဲ့ SSA(၀မ်ဟိုင်း)အဖွဲ့က တပ်ရင်းမှူး စိုင်းထွမ်း ဦးစီးတဲ့ အဖွဲ့တွေ တိုက်ပွဲဖြစ်ကြတာပါ။ နယ်မြေခံစစ်ကြောင်းတွေမလာခင် တစ်ပတ်လောက် အလို ကတည်းက SSA (၀မ်ဟိုင်း)အဖွဲ့တွေ ရောက်နေတာပါ။ နယ်ခံတပ်တွေရောက်လာတော့ SSA (၀မ်ဟိုင်း) အဖွဲ့က မိုင်းဆွဲပြီး တိုက်ခိုက်တာပါ။ နယ်မြေခံတပ်က ထိခိုက်သေဆုံးတာတွေရှိတယ်လို့” မုံးရင်ရွာသား တစ်ဦးက ပြောပြသွား ပါသည်။

SSA (၀မ်ဟိုင်း)အဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုး ထားသော်လည်း သဘောတူညီချက်ပါ အကြောင်းအရာများကို ဖောက်ဖျက်ကျူးလွန်ပြီး ဆက်ကြေးကောက်ခြင်း လူသစ် အဓမ္မစုဆောင်းခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ပို့ဆောင်ခြင်းများကို ပြု လုပ်နေကြောင်း သိရသည်။ SSA (၀မ်ဟိုင်း)အဖွဲ့များအတွက် နေထိုင်သွားလာရမည့်နေရာသည် ၀မ်ဟိုင်း တွင်သာဖြစ်သော်လည်း နမ့်ပုတ်၊ နမ့်စန်၊ မန်တုံ၊ မုံးဟင်၊ မုံးဟ  ဒေသများအထိ ကျူးကျော်ဝင်ရောက် လာခဲ့ပြီး စစ်စခန်းများကို တိုးချဲ့ တည်ဆောက်လာခဲ့သည်။

SSA (၀မ်ဟိုင်း)အဖွဲ့မှ နယ်မြေကျူးကျော်ဝင်ရောက်မှုအပေါ် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးမှ သက်ဆိုင် ရာ တာဝန်ခံဆက်ဆံရေးအရာရှိများသို့ ခေါ်ယူတွေ့ဆုံပြောကြားခဲ့သော်လည်း နယ်မြေများဆက် လက်တိုးချဲ့နေ ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တန့်ယန်းမြို့နယ် လွယ်လန်း  တောင်ကြောတစ်လျှောက် တွင် SSA (၀မ်ဟိုင်း)အဖွဲ့မှ နယ်မြေကျူးကျော်လာမှုများကြောင့် နယ်မြေခံစစ်ကြောင်းများနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ်လ(၂၇)ရက်နေ့တွင်လည်း တန့်ယန်းမြို့နယ် လွယ်ဆေးတောင်ကြားတ၀ိုက်တွင် နယ်မြေခံတပ်နှင့် SSA (၀မ်ဟိုင်း)အဖွဲ့များ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်မြေခံတပ်ရင်းများမှ SSA(၀မ်ဟိုင်း)အဖွဲ့ ကျူးကျော် ဆောက်လုပ်ထားသော လူနေတဲများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။ SSA (၀မ်ဟိုင်း)အဖွဲ့မှ ယခုကဲ့သို့ နယ်မြေကျူးကျော်ပြီး စစ်စခန်းများတည်ဆောက်နေပါက နယ်မြေခံ စစ်ကြောင်း များနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာမည်ကို ဒေသခံများမှ စိုးရိမ်နေကြကြောင်း သိရ သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here