Sunday, April 28, 2013

သွေးမတိုးအောင် သတိဆောင် ကိုယ်လက်လှုပ်ရှား မျှအောင်စား

0 comments
ဧပြီလ (၂၈)

ယနေ့ ကုသမှု အလုံးစုံ ပြီးဆုံးသည်အထိ စိုးရိမ် သောကများကြောင့် ဆိုးဆိုးရွားရွား သွေးတိုးရောဂါ ခံစားလျက် ရှိသည်။ အလားတူ အသက် ၅ဝ ကျော်ခန့် အဝလွန်သူ အမျိုးသား တစ်ဦး အူမကြီး ကင်ဆာ အတွက် ဗိုက်ခွဲ ကုသမှု၊ ဝမ်းဗိုက်တွင် အပေါက်ဖောက်ပြီး စအိုအတု ပြုလုပ်ကာ ပလတ်စတစ် မစင်အိတ် ခါးတွင် ချိတ်ဆွဲ ထားရှိမှု စသည့် အနိဋ္ဌာရုံ များကြောင့် စိတ်ဆင်းရဲခြင်း ကြီးစွာဖြင့် သွေးတိုးရောဂါကို ဆက်လက် ခံစားနေရကြောင်း တွေ့မြင်ခဲ့ရသည်။ အဝလွန် သူများတွင် သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ အပြင် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုကြောင်း အမေရိကန် နိုင်ငံ ကင်ဆာအဖွဲ့၏ သုတေ သန ပြုလုပ်မှုများ အရ ရှိသင့်ရှိထိုက်သည့် ကိုယ်အလေးချိန်ထက် ၄ဝ ရာခိုင်နှုန်း များနေသူ အမျိုးသား များတွင် အူမကြီး ကင်ဆာ၊ စအိုကင်ဆာ၊ ဆီးကြိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ ၁ ဒသမ ၃၃ ဆ ပိုမို ဖြစ်ပွားနိုင်သလို အမျိုးသမီး များတွင်လည်း သားအိမ်ဝ ကင်ဆာ၊ သားအိမ် လည်တံကင်ဆာ၊ ရင်သားကင်ဆာ၊ မျိုးဥအိမ် ကင်ဆာ၊ သားအိမ် ကိုယ်ထည် ကင်ဆာ၊ သည်းခြေကင်ဆာ၊ သည်းခြေပြွန် ကင်ဆာ ဖြစ်ပွားနှုန်းသည် သာမန်ထက် ကိုယ်အလေးချိန် ၄ဝ ရာခိုင်နှုန်း များနေသူ အမျိုးသမီး များတွင် ၁ ဒသမ ၅၅ ဆပိုမိုကြောင်း သိရှိရသည်။ ကင်ဆာရောဂါ ဖြစ်ပွားနေသူ များတွင် နောက်ဆက်တွဲ သွေးတိုးရောဂါသည် စိတ်ခံစားမှု အရ ဖြစ်ကြောင်းလည်း သိရသည်။

အော်တစ်ဇင်(မ်)နှင့်သွေးတိုးရောဂါ အဝလွန်သူ မိခင်များ၌ ကိုယ်ရည်ကိုယ်သွေး၊ ဥာဏ်ရည် ဥာဏ်သွေး မပြည့်မီဘဲ လူမှုရေးနှင့် ဆန့်ကျင်သော အပြုအမူများ ပြုလုပ်တတ်သူ အော်တစ်ဇင်(မ်) ရင်သွေးငယ်များ မွေးဖွားလာမှုကြောင့် စိတ်မချမ်းမြေ့၍ သွေးတိုးရောဂါ ဖြစ်ပွားလာကြောင်း၊ ရှိရင်းစွဲ သွေးတိုးရောဂါ ပိုမိုဆိုးရွား လာတတ်ကြောင်း လေ့လာသိရှိ ရသည်။ သွေးချို၊ ဆီးချို၊ အဝလွန်၊ သွေးတိုး ရောဂါရှိသူ မိခင်လောင်းများတွင် အော်တစ်ဇင်(မ်) ရင်သွေးငယ် မွေးဖွားနှုန်း ၆၇ ရာခိုင်နှုန်း ပိုမိုကြောင်း သိရသည်။

မျှတအောင် စားသောက်ပါ

သက်ရှိအားလုံး စားသုံးကြသည့် အစာ အာဟာရ အုပ်စုများ ဖြစ်သော ခန္ဓာ ကိုယ် ကြီးထွားစေသော အစားအစာများ၊ အင်အားကို ဖြစ်ထွန်းစေသော အစား အစာများ၊ ရောဂါဘယမှ ကာကွယ်ပေးသော အစားအစာများ၊ ရေဓာတ်စသည် များကို မျှမျှတတ စားသောက်ခြင်းသည် သွေးတိုး အပါအဝင် ရောဂါ ဝေဒနာများကို ကာကွယ် ပေးနိုင်သည့် ကျန်းမာရေး၏ သော့ချက်ပင် ဖြစ်သည်။ ခန္ဓာကိုယ် ကြီးထွားစေသော အစားအစာ များတွင် ပရိုတင်းခေါ် အသားဓာတ် ပါဝင်သော ပဲအမျိုးမျိုး၊ အသား၊ ငါး၊ နို့၊ ဥ စသည်များ၊ အင်အားကို ဖြစ်ထွန်းစေသော ကာဗိုဟိုက်ဒရိတ်၊ ကစီဓာတ် ပါဝင်သည့် ဆန်၊ ဂျုံ၊ ပြောင်း၊ အဆီ၊ အချိုစသည်များ၊ ရောဂါဘယမှ ကာကွယ်ပေးသော အစားအစာ အုပ်စုတွင် ဗီတာမင် သက်စောင့်ဓာတ်များ၊ သတ္တုဓာတ်များ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အခွံမာသီး စသည် များ ပါဝင်ပေရာ ရေအပါအဝင် အစာအုပ်စု အားလုံးမှ အစားအစာ အချို့ကို မျှတအောင် သင့်လျော်စွာ စားသုံးခြင်းကို ဆိုလိုပေသည်။ ထမင်း တစ်မျိုးတည်းကို သာ လွန်ကဲစွာ မစားဘဲ အသား၊ ငါး၊ ပဲ၊ ဟင်းသီးဟင်းရွက် ရောင်စုံ၊ အရည်ရွှမ်းရွှမ်း ဟင်းရည်၊ အချို၊ အငန်စသည်များ အချိုးအစား မျှတစွာ ပါဝင်အောင် စားသောက်ရမည်။

အငန် လျှော့စားပါ

၂ဝ၁၃ ခုနှစ် မတ် ၂၄ ရက်တွင် ဆင်ဟွာ သတင်း အေဂျင်စီက အငန် လွန်ကဲစွာ စားသုံးခြင်း၏ ဆိုးကျိုးနှင့် သက်ဆိုင်သည့် သုတေသန သတင်း တစ်ပုဒ်ကို ကမ္ဘာသို့ ဖြန့်ချိခဲ့သည်။ ထိုသတင်း ထုတ်ပြန်ချက် အရ ၂ဝ၁ဝ ပြည့်နှစ်အတွင်း ကမ္ဘာအနှံ့ လူပေါင်း ၂ ဒသမ ၃ သန်းတို့သည် အငန်လွန်ကဲစွာ စားသုံးခြင်းကို အခြေခံသည့် နှလုံး တိုက်ခိုက်ခံရမှု၊ နှလုံးရပ်ရောဂါ၊ လေဖြတ်လေငန်း ရောဂါတို့ကြောင့် သေဆုံး ခဲ့ရကြောင်း၊ ထိုကိန်းဂဏန်းသည် သေဆုံးမှု အကြောင်းခံ အားလုံး၏ ၁၅ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။ အမေရိကန် နှလုံး ကျန်းမာရေး အဖွဲ့သည် နိုင်ငံပေါင်း ၅ဝ ရှိ ကျန်းမာရေး အဖွဲ့အစည်းပေါင်း ၃ဝ၃ ခုမှ သုတေသီ ၄၈၈ ဦးတို့၏ သုတေသန ပြုလုပ်ချက် ၂၄၇ ခုတို့၏ ရလဒ်အရ ဝါရှင်တန်မြို့တွင် တင်သွင်းသည့် သုတေသန စာတမ်းတွင် ဖော်ပြခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်မှ ၂ဝ၁ဝ ပြည့်နှစ် အတွင်း အသက်အရွယ်၊ ကျားမ၊ နိုင်ငံ၊ ဒေသအရ ပြုလုပ်ခဲ့သော

ထိုသုတေသနတွင် အငန် လွန်ကဲစွာ စားသုံးမှုကြောင့် အရွယ်မတိုင်ခင် သေဆုံးမှု များပြားခြင်း၊ ဝင်ငွေနည်းသော နိုင်ငံများနှင့် ဝင်ငွေ အလယ်အလတ် နိုင်ငံများတွင် သေဆုံးမှု ပိုခြင်းစသည် တို့ကို ဖော်ထုတ် နိုင်ခဲ့သည်။

မြန်မာ နိုင်ငံသားများ ဆားစားသုံးမှု

ဆားသည် လူနှင့်သက်ရှိ အားလုံး ကျန်းမာ ရှင်သန်ရေး အတွက် အာဟာရ တစ်ခု ဖြစ်သော်လည်း တန်ဆေးလွန်ဘေး ဆိုသလို လျှာအရသာကို အလိုလိုက်၍ အလွန်အကျွံ စားသုံးပါက သွေးတိုးနှင့် အခြား ဝေဒနာများကို ခံစား ရပေလိမ့်မည်။ ကျန်းမာသော လူတစ်ယောက်သည် နေ့စဉ် ဆားလေးဂရမ်၊ သွေးတိုးရှိသူသည် နှစ်ဂရမ်ထက် ပို၍ မစားသင့်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အကြံပြုထားသည်။ ၂ဝဝ၁ ခုနှစ်၏ လေ့လာချက် တစ်ခုအရ မြန်မာများ နေ့စဉ် ဆားသုံးစွဲမှု ပမာဏမှာ ရှစ်ဂရမ်မှ ကိုးဂရမ်ခန့် ရှိနေ၍ ထက်ဝက်မက လျှော့စားရန် သက်ဆိုင်ရာမှ ထိုစဉ်ကတည်းက နှိုးဆော်ခဲ့သည်ကို မှတ်သားခဲ့ရသည်။

ဆိုဒီယမ် ကလိုရိုက်ခေါ် အိမ်သုံးဆား သာမက ဟင်းခတ် အချိုမှုန့်၊ ဆိုဒီယမ် မိုနို ဂလူတာမိတ်နှင့် မုန့်ဖုတ်ဆိုဒါ၊ ဆိုဒီယမ် ဘိုင်ကာဗိုနိတ် ပါဝင် သုံးစွဲထားသော မုန့်များ၊ ခေါက်ဆွဲ၊ နံပြား၊ အီကြာကွေး စသည်များကိုလည်း ချင့်ချိန် စားသောက် ရပေမည်။ ဆားသည် ငန်၍ များမှန်းသိရှိကာ လျှော့စား နိုင်သော်လည်း အချိုမှုန့်သည် အရသာရှိပြီး လွန်ကဲမှုကို မသိသာသောကြောင့် အစားများပါက အန္တရာယ် ရှိနိုင်သည်။ တရုတ်နှင့် အရှေ့တိုင်းနိုင်ငံ စားသောက်ဆိုင်များသည် အချိုမှုန့် အခတ်များ၍ အရသာ ရှိသလောက် ဆိုးကျိုးလည်း များပေသည်။ သွေးတိုးသမား များတင်မက လူကောင်းများပင် သွေးတက်ကာ ရီဝေသော ''တရုတ် စားတော်ဆက် ဝေဒနာစု''ကို ခံစား ရတတ်ပေသည်။

ငါးပိ၊ ငါးငံပြာရည်၊ ပုစွန်ငံပြာရည်၊ ပဲငံပြာရည်၊ အသားဆားနယ်၊ ငါးဆားနယ်၊ ပဲကြီးလှော်၊ မြေပဲဆားလှော်၊အာလူးကြော် အထုပ်များကို သွေးတိုး သမားများ ရှောင်ရန်နှင့် သာမန်လူများ ချင့်ချိန် စားသောက်ရန် လိုအပ်ပေသည်။

ဆိုဒီယမ် ကလိုရိုက်ခေါ် အိမ်သုံးဆားသည် ခန္ဓာကိုယ်၏ ရေနှင့် အလက်ထရို လိုက်ပုံမှန်ရှိရေး၊ နာ့ဗ်ကြောများ ပုံမှန် စွမ်းဆောင်ရေး၊ အစာ လမ်းကြောင်းရှိ အစာ ခြေရည် ဖြစ်တည်ရေး စသည်တို့ အတွက် လိုအပ်သော ဓာတ်ဖြစ်၍ ဘောင်အတွင်း ချိန်ဆ စားသုံးရန် လိုအပ်ပေသည်။

ဆားအတု

ဆီးချိုသမားများ အတွက် ဆေးသကြား (စက်ကရင်း)ကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် သွေးတိုးသမားများ အတွက် ဆားတုများပင် သုံးစွဲ နေကြပြီ ဖြစ်သည်။ အမေ ရိကန်နှင့် စင်ကာပူ နိုင်ငံတွင် ''ပင်ဆော့''၊ အစ္စရေး နိုင်ငံတွင် ''ကာရ်ဒီယာ'' ဟူ၍ ဆားတုများ သုံးစွဲလျက် ရှိသည်။ ထိုဆားတုများခေါ် ဆိုဒီယမ် လျော့နည်းဆား တို့ တွင် ဆိုဒီယမ် ကလိုရိုက် ၅ဝ ရာခိုင်နှုန်းခန့်သာ ပါဝင်ပြီး ပိုတက်ဆီယမ် ကလိုရိုက်နှင့် မဂ္ဂနီဆီယမ် ကလိုရိုက်များဖြင့် အစားထိုးထားကာ သုံးစွဲသူများတွင် နောက်ဆက်တွဲ နှလုံး၊ လေဖြတ်၊ ကျောက်ကပ်ရောဂါ စသည်များမှ ကာကွယ်မှု ပေးနိုင်ကြောင်း သိရှိရ၍ မြန်မာ နိုင်ငံမှ သွေးတိုးသမား များလည်း မျှော်လင့်နေကြမည် ဖြစ်ပါသည်။ ။

မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here