Thursday, May 9, 2013

မြေယာမှုခင်းဖြေရှင်းပေးမည်ဆိုပြီးရက်ရွှေ့မှု မြေသိမ်းခံရသူဒေသခံများ မကျေမနပ်ဖြစ်

0 comments
မေ ၉ ရက်


နမ်းဟူးကျေးရွာအုပ်စုပလီလင်းရွာတွင်ဖြစ်ပွားသော မြေယာမှုခင်းကိုဖြေရှင်းပေးမည်ဆိုပြီးမြေယာ ပိုင်ရှင်နှင့် မြေယာလွဲခံရသူတို့တက်ရောက်သော်လည်း မြေယာကော်မတီမစုံ၍ မေလ ၁၄ ရက်တွင်ထပ်မံ ရွှေ့သွားကြောင်း မြေသိမ်းခံရသူဒေသခံများကပြောသည်။

မြေယာမှုခင်းဖြေရှင်းရာတွင် မြေယာကော်မတီ (၅) ယောက်ဖွဲ့ထားကြောင်း၊ ယခုတွင် မြေယာပိုင်ရှင်နှင့် ၎င်းမြေယာလွဲအပ်ခံရသူ နန်မြလှိုင်ဦးခင်ပွန်း ကိုသားငယ်တို့ လူစုံတက်ရာက်သော်လည်း မြေယာကော်မတီအဖွဲ့က လူမစုံ၍ ရက်ထပ်မံရွှေ့ပေးရန် မြေစာရင်းလက်ထောက်ဦးစီးမှုး ဇော်လင်းနိုင်က တောင်းဆိုကြောင်း သိရသည်။

မြေယာမှုခင်း ဖြေရှင်းပေးသူ မြေယာကော်မတီအဖွဲ့တွင် ရယကအုပ်ချုပ်ရေးမှုး၊ စာရေးမ၊ တောင်သူ လယ်သမားကိုယ်စားလှယ်၊ မြေစာရင်းနှင့် ရပ်မိရပ်ဖကိုယ်စားလှယ်တို့ဖြစ်ကြောင်း၊ ယခုတွင် စစ်ဆေးသူ အုပ်ချုပ်ရေးမှုးနှင့် မြေစာရင်းနှစ်ယောက်သာရှိကြောင်း၊ အနည်းဆုံးသုံးယောက်ရှိမှ အဆင်ပြေကြောင်း၊ စစ်ဆေးမည့်သူ ၅၀ ရာခိုင်နှုန်းမပြည့်မှီကြောင်း၊ တောင်သူလယ်သမား ကိုယ်စားလှယ်နှင့် ရပ်မိရပ်ဖကိုယ်စားလှယ်က ဒီမြေဒီရေအကြောင်းကို သိတာ သူတို့နှစ်ယောက်ထဲက တစ်ယောက်ပါရမည်ဖြစ်ကြောင်း၊ မေလ ၁၄ ရက်နေ့တွင် ရုံးမှစာထုတ်ပြီး ပြန်လည်စစ်ဆေးပေးမည်ဟု တောင်ကြီးမြို့ မြေစာရင်းလက်ထောက်ဦးစီးမှုး ကိုဇော်လင်းနိုင်က ပြောသည်။

“အကြိမ်ကြိမ်ခေါ်ပြီး မဖြေရှင်းပေးတာများပြီ၊ ယခုတစ်ခေါက် သည်းခံလိုက်မည်၊ မေလ ၁၄ ရက်နေ့မှ ဖြေရှင်းမှုမရှိလျှင် သက်ဆိုင်ရာဌာနနှင့် ၀န်ကြီးထံထပ်မံတင်ပြပြီး ဖြေရှင်းမှုမရပါက သမ္မတရုံးထိ ဆက်လက်တင်သွားမည်” ဟု မြေသိမ်းခံရသူ ဒေါ်အုန်းရွှေ၏သား ဦမျိုးအောင်က ပြောသည်။

“ထပ်ခါထပ်ခါချိန်းပြီး ဖြေရှင်းမှုမရှိသည့်အတွက် မကျေနပ်ဘူး၊ အလျှော့လည်းမပေးနိုင်ဘူး၊ ပိုင်ဆိုင်ထားသမျှ အကုန်ပြန်ရအောင်လုပ်မှာဘဲ” ဟု မြေသိမ်းခံရသူ ဦးဟိန်းက ပြောသည်။

“မိဘအမွှေကို ပြန်မရလျှင်စိတ်နာသည်၊ မရ ရသောနည်းလမ်းရှာပြီး ဆက်လက်လုပ်ဆောင်သွားမည်၊ ဖြေရှင်းပေးမည်ဟု ပြောသောအခေါက်ပေါင်းလည်း မနည်းတော့ဘူး ဒီတစ်ခါလည်း ထပ်ချိန်းပြန်ပြီး အခုမိုးရာသီ စိုက်ပျိုးရမည့်အချိန်ကို ကြန့်ကြာအောင်လုပ်နေတာ” ဟု မြေသိမ်းခံရသူ ဒေါ်နန်ဒေါ၏သား ဦးသိန်းက ပြောသည်။

TaungGyi Time

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here