Monday, September 9, 2013

မလေးရှား အစိုးရက မြန်မာအပါအ၀င် တရားမ၀င် ပြည်ပအလုပ်သမားများ မှတ်ပုံတင်နိုင်ရန် ပြန်လည်စဉ်းစားမည်

0 comments

မလေးရှားနိုင်ငံတွင် တရားမ၀င် ပြည်ပအလုပ်သမားများအား အထူးစီမံချက်ဖြင့် ဖမ်းဆီးလျက်ရှိရာ ဖမ်းဆီးခံထားရသူများအား အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင် ပြန်လည်လျှောက်ထား နိုင်ရေးအတွက် စဉ်းစားပေးသွားမည်ဟု မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်သည်။

နိုင်ငံ၏ လုပ်ငန်းကဏ္ဍ အချို့တွင် ပြည်ပအလုပ်သမားများ၏ ကဏ္ဍလိုအပ်နေသောကြောင့် ယခုကဲ့သို့ ပြန်လည်စဉ်းစား ရခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်မှစတင်၍ တရားမ၀င် နေထိုင်သူများအား မလေးရှားအစိုးရက အထူးစီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာ စက်တင်ဘာ ၆ ရက်အထိ ၅၀၀၀ ကျော် ဖမ်းမိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခု ဖမ်းမိထားသူ အားလုံးကို ၎င်းတို့ နေရပ်နိုင်ငံသို့ ပြန်ပို့သွားမည် မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီး အာမက်ဇာဟစ်ဟာမီဒီက ပြောကြားသည်။
"ကျွန်တော်တို့နိုင်ငံရဲ့ လုပ်ငန်းကဏ္ဍ အချို့မှာ ပြည်ပအလုပ်သမားတွေ မဖြစ်မနေ လိုအပ်တာကြောင့် အလုပ်ရှင်တွေ အနေနဲ့ မိမိတို့ရဲ့ အလုပ်သမားတွေအတွက် တရားဝင် မှတ်ပုံတင်နိုင်ရေးကို အစီအစဉ်ပြလုပ်ပေးဖို့ ရှိပါတယ်" ဟု သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ဟာမီဒီက ပြောကြားသည်။
ဖမ်းဆီးခံထားရသူ အလုပ်သမားများအတွက် ပြန်လည်မှတ်ပုံတင်ခွင့်ပြုရန် ၎င်းတို့၏ အလုပ်ရှင်များက တောင်းဆိုမှုများကိုလည်း ပြန်လည်စဉ်းစားခဲ့ကြောင်း ဟာမီဒီက ပြောကြားသည်။
တရားမ၀င် အလုပ်သမားများအား ငှားရမ်းထားသည့် အလုပ်ရှင်များကို ၂၀၁၀ ပြည့်နှစ်တွင် ဖြည့်စွက်ချက်များ ထပ်မံထည့်သွင်းခဲ့သော ၂၀၀၇ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများ ခိုးသွင်းမှုဆိုင်ရာ အက်ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရင်းဂစ်ငါးသိန်းအပြင် ထောင်ဒဏ်နှစ်၂၀ အထိ အမြင့်ဆုံး ချမှတ်သွားမည်ဖြစ်ကြောင်း မလေးရှားအစိုးရက ယခင်က ကြေညာခဲ့သည်။
ဖမ်းဆီးခံခဲ့ရသူများတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ နိုင်ဂျီးရီးယားနှင့် ထိုင်း၊ နော်ဝေနိုင်ငံသားများ ပါဝင်ပြီး နေထိုင်ခွင့် စာရွက်စာတမ်း အတုများ ကိုင်ဆောင်မှု၊  အလုပ်လုပ်ခွင့် ပါမစ်အတုနှင့် နိုင်ငံတွင်း သက်တမ်းကျော် နေထိုင်မှုများဖြင့် ဘူခစ်ရာဂျာ၊ ကလန်းနှင့် ဒန်ကေးမြို့များတွင် အများဆုံး ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးမှုကို ယခုနှစ် အကုန်ထိ ဆက်တိုက်လုပ်ဆောင်ရန် ရှိသောကြောင့် ဖမ်းမိသူများပြားလာပါက ထားရှိနိုင်ရန်အတွက် ဆီလန်ဂေါတွင် ယာယီထိန်းသိမ်းရေး စခန်းတစ်ခု ထားရှိရန် ဖမ်းဆီးရေးအဖွဲ့က အစိုးရထံ တောင်းခံထားခဲ့သည်။
Ref:ANN

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here