Thursday, August 23, 2012

ငြိမ်းချမ်းရေးဆွေးနွေးပွဲများအောင်မြင်ရေးသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆန္ဒပေါ်မူတည်

0 comments

ရန်ကုန် သြဂုတ်၂၃
မြန်မာနိုင်ငံမှာ အစိုးရနဲ့တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အ စည်းတွေအကြား စစ်မှန်တဲ့ ငြိမ်း ချမ်းရေး အမြန်ဆုံး တည်ဆောက်နိုင်ဖို့ အဖြေရှာ တဲ့ ဆွေနွေး ပွဲတစ်ရပ်ကို ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ မနေ့က စတင် ကျင်းပခဲ့ပါတယ်။   
စစ်မှန်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြိမ်းဖောင်ဒေးရှင်းက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး တိုင်းရင်းသားအဖွဲ့အစည်း (၅၇)ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအသီးသီး ပုဂ္ဂိုလ် တွေတက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်လာသူ အားလုံးကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိရေးအတွက် အဓိက မျှော်လင့်ချက်များစွာနဲ့ တက်ရောက်လာကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံရုံး ဒုတိယ အကြီးအကဲ Mr. Arne Jan Flolo၊ Transnational Institute က Mr.Tom Kramer ၊ မြန်မာအီးဂရက် ဥက္ကဋ္ဌ ဦးတင်မောင်သန်းစတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။
စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ တစ်တိုင်းပြည်လုံးနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရပိုင်းက အစွမ်းကုန်လိုက်လျောမှုတွေပြုနေချိန်မှာ တိုင်းရင်းသားတွေဘက်ကလည်း စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ပိုင်ပိုင်နိုင်နိုင် ရယူစေချင်ကြောင်း၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အချိန်ကြာမြင့်နေတာနဲ့ ပတ်သက်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်ချမှုအပေါ်မှာပဲ မူတည်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အနေနဲ့  တိုင်းရင်းသားတွေနဲ့  နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ထားပြီး (၂၀၁၅) ခုနှစ် မတိုင်ခင် ရလဒ်အဖြေတစ်ခု ရရှိအောင် ကြိုးပမ်း ဆောင်ရွက်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း မြန်မာအီးဂရက်အဖွဲ့  ဥက္ကဋ္ဌ ဦးတင်မောင်သန်းက ဆွေးနွေးပွဲ မှာ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်အစိုးရလည်း မဟုတ်ဘူး။ အစိုးရတစ်ဖွဲ့လုံးကို ကျွန်တော်ကိုယ်စား မပြုပါဘူး။ ဒါပေမဲ့ ကျွန်တော်သိတဲ့ လူ ၃ ယောက်ကို ကျွန်တော်ပြောပါမယ်။ သမ္မတကြီး ဦးသိန်းစိန်၊ ဦးအောင်မင်းနဲ့ ဦးစိုးသိန်း ၃ ယောက်ကတော့ ကျွန်တော်တို့နဲ့ သေချာနားလည်မှု ရှိပါတယ်။ အဲဒီနားလည်မှုက ဘာလဲဆိုတော့ အစိုးရအဖွဲ့မှာ ဒီနိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေပေါ်မှာ သူတို့ပြောထားတဲ့ principle လေးတွေကလွှဲလို့ ကျန်တဲ့ဟာ precondition ဘာမှမရှိပါဘူး။ Political Dialogue က open ပါ။ အဲတော့ ဘယ်လောက်ကြာမလဲ မေးရင် ကျွန်တော်အဲဒီ မေးခွန်းဖြေရရင် တိုင်းရင်းသား အဖွဲ့အစည်းတွေပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ ယူသလောက် ကြာပါမယ်။ နောက်ဆုံးအဆင့် တစ်ခုအနေနဲ့ကတော့ ၂၀၁၅ ဒီအစိုးရ သက်တမ်းမကုန်ခင်မှာ အဖြေတစ်ခု ထုတ်ဖို့တော့ လိုတယ်ဆိုတာ ဒါကတော့ လက်တွေ့ကျတဲ့ အချက်တစ်ခု ဖြစ်ပါတယ်"
စစ်မှန်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲအခမ်းအနားဟာ ကချင်ဒေသအတွက်သာမက တစ်နိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေး အတွက် အဖြေရှာဖို့ ရည်ရွယ်ကျင်းပခဲ့တာလို့ အခမ်းအနား စီစဉ်တဲ့ ငြိမ်းဖောင်ဒေးရှင်းက တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒေါ်ဂျာနန်က ပြောပြပါတယ်။
"သူတို့ဆီ ဒီလူ့အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ တစ်ဖက်တလမ်းကနေ လုပ်ဆောင် နေကြပါတယ်။ အဲတော့ အခုအခြေအနေမှာ သမ္မတကြီးရဲ့ မိန့်ခွန်းကြောင့်လည်း လမ်းစပိုပြီးတော့ ပွင့်လာတာပေါ့လေ။ အဲတာကြောင့် ဒီလူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း ဘယ်လို ပါဝင်လုပ်ဆောင်ရမလဲ ဆိုတဲ့ဟာကို ဝိုင်းပြီးတော့ ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ကျွန်မတို့ ကချင် ငြိမ်းချမ်းရေး အတွက်လည်း ပါသလို တစ်နိုင်ငံလုံးရဲ့ ငြိမ်း ချမ်းရေး ဖော်ဆောင် မှုကိုလည်း ဦးတည်ပါတယ်"
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့ရှိသည့်အနက် အဖွဲ့(၁၀)နှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များဆွေးနွေးလျက်ရှိပြီး ကချင်လက်နက်ကိုင်KIA တစ်ဖွဲ့သာဆွေးနွေးရန်ကျန်ရှိပါတယ်။ KIO/KIA အဖွဲ့အနေဖြင့် တိကျရေရာတဲ့ အဖြေတစ်ခု၊ ဦးတည်ချက်တစ်ခုထားရှိဆွေးနွေးမည်ဆိုပါက မကြာခင်အချိန် အတွင်း မှာ အောင်မြင် တော့မှာဖြစ်တယ်လို့လည်း ဒေါ်ဂျာနန်က ပြောဆိုခဲ့ပါတယ်။ လက်ရှိအခြေအနေအရ KIA ဘက်ကဆွေးနွေးမည့် နေရာအား တရုတ်ပြည်ထဲတွင်ဆွေးနွေးရန်တောင်းဆိုထားပြီး အစိုးရဘက် က ပြည် တွင်း တစ်နေရာတွင်ဆွေးနွေးရန် ညှိနှိုင်းလျက်ရှိပါတယ်။ ဆွေးနွေးပွဲမှာ KIA/KIO ဘက်ကမမှန်ကန်တဲ့ စွပ်စွဲ ချက်တွေကြောင့် ကြန့်ကြာနေခြင်း ဖြစ်ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here