နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မကြာမီကာလအတွင်း နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရပါသည်။
ထိုသို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်းကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ Cambodiana ဟိုတယ်၌ နိုဝင်ဘာလ ၂၁ ရက်နေ့ သတင်းထောက်များနှင့် တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတ က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတက နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ သွားရောက် ရန် ရှိကြောင်းနှင့် ထိုခရီးစဉ်များသို့ လိုက်ပါသတင်း ရယူလိုက လိုက်နိုင်ကြောင်း သတင်းထောက် များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ မည်သည့်ကာလတွင် သွားမည်ဆိုသည် ကိုမူ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ခြင်း မရှိပေ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၂၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးနှင့် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သေးသည် ။
Weekly Eleven