





ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်းနှင့် ယနေ့ ညနေ (၄) နာရီ (၁၅) မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြ သည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးမြင့်လှိုင်၊ ဦးဥာဏ်ထွန်းအောင်၊ ဦးဝင်းမြင့်၊ ဦးအေးမြင့်ကြူ၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးထင်အောင်၊ ဗီယက်နမ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသက်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ဒုတိယဝန်ကြီးချုပ် Mr. Nguyen Thein Nhan ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး၊ သမ္မတရုံး ဥက္ကဌ၊ ပါတီဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Mr. Chu Cong Phung ဒုတိယ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံရာ၌ မဟာမဲခေါင်ဒေသခွဲအတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက်ကုန်လုပ်ငန်း၊ သစ်တော၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ နှစ်နိုင်ငံ ပြည်သူများ ဝင်ထွက်သွားလာရေး၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကဏ္ဍစသည်တို့တွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံ နိုင်ငံများ အတွင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက် မှုများ တိုးတက်ဖြစ်ပေါ်ရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နှစ်နိုင်ငံသမ္မတများရှေ့မှောက်၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ခေတ္တဒုတိယဥက္ကဌ ဦးအောင်အောင်နှင့် ဗီယက်နမ် နိုင်ငံတော်ဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာဒွန်ထိုင်းဘင်တို့က မြန်မာ နိုင်ငံတော်ဗဟိုဘဏ်နှင့် ဗီယက်နမ် နိုင်ငံတော် ဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်းကြီးကြပ် စစ်ဆေးမှု သတင်းအချက်အလက် ဖလှယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာန စွမ်းအင်စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဖေဇင်ထွန်းနှင့် ဗီယက်နမ် ရေနံနှင့်သဘာဝဓာတ်ငွေ့အဖွဲ့ (ပက်ထရိုဗီယက်နမ်) ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဒိုဗန်းဟူးတို့က စွမ်းအင်ဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံ ဗီယက်နမ် ရေနံနှင့် သဘာဝဓာတ်ငွေ့အဖွဲ့တို့အကြား ချုပ်ဆိုသော ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကိုလည်းကောင်း လက်မှတ်ရေးထိုးကြပြီး စာချွန်လွှာများကို အပြန်အလှန် လဲလှယ်ကြသည်။
ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များသည် ပြည်တွင်းပြည်ပမီဒီယာများအား နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားကြသည်။
From :သမ္မတရုံး