
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ ထိန်းချုပ်နယ်မြေအတွင်းရှိ ဖာလုံ - ဖာလိုင် အုပ်စုမှ တရုတ်နိုင်ငံယူနန် ပြည်နယ် ကွန်းလွေးမြို့သို့ တက်မည့် မဲခေါင်မြစ်အတွင်း ခရီးသည် ၃၀ ခန့်တင်ဆောင်သည့် စက်လှေနစ်အနက် ၂၂ ဦး နစ်မြုပ်သေဆုံး ခဲ့ခြင်းဖြစ်သည်ဟုဆို၏။
“သေဆုံးတဲ့လူတွေထဲမှာ ကလေးတွေများတယ်။ ကျနော်တို့ဘက်က အခါလူမျိုးလေးတွေပေါ့။ တရုတ်ပြည်ဘက်ခြမ်း မှာ ကျောင်းသွားတက်ကြတာလေ။ သောကြာညဆိုအိမ်ပြန်၊ တနင်္ဂနွေဆို ကျောင်းပြန်သွား အဲလိုမျိုးပေါ့။ ပိတ်ရက်လဲဖြစ်တဲ့အလျောက် လူအသွားအလာများတယ်လေ။ အလောင်း ၂၂ လောင်းထဲမှာ ကလေး ၁၄ ယောက်ပါတယ်။ အချိန်မီကယ်တင်နိုင်တာ ၈ ယောက်ဘဲ ။ အလောင်းပျောက်နေတာလဲရှိနိုင် သေးတယ်။ လူဦးရေက အတိအကျမသိဘူး” ဟု ၎င်းကဆက်လက်ပြောပြသည်။
အဆိုပါနစ်မြုပ်သည့်စက်လှေတွင် ခရီးသည် ၅၀ ထက်မနည်းတင်ဆောင်သည်ဟု ပြောသူများလည်း ရှိသည်။
လှေနစ်မြုပ်မှုမတိုင်ခင် ၂ ရက်အလို ပြီးခဲ့သည့်ကြာသပတေးနေ့ကလည်း ကွန်းလွေးမြို့၌ ကူညီကယ် ဆယ်ရေး အဖွဲ့ဖွဲ့စည်း၍ စက်လှေကြီးများအသင်းနှင့်ပူးပေါင်းကာ နေ့စဉ်တက်ဆင်းသွားလာသည့် ခလေးငယ် ၂၀၀ ကျော် ၏ လုံခြုံရေးကိုတာဝန်ယူမည်ဟု တရုတ်သတင်းစာများကဖော်ပြထားသည်ဟု ဆိုပါသည်။
တနင်္ဂနွေနေ့ညပိုင်း၌လည်း ကွန်းလွေးမှ နယ်စပ်လုံခြုံရေးတပ်ဖွဲ့က ကယ်ဆယ်ရေးအတွက် အယောက် ၅၀ ထပ်မံစေလွှတ်ကြောင်း၊ ကူညီကယ်ဆယ်နိုင်ခဲ့သော လူများအနက် ခလေးငယ်တယောက်မှမပါရှိကြောင်း၊ သေဆုံးသည့်ခလေးငယ်များ၏ မိသားစုများထံသို့လည်းသွားရောက်အားပေးခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက ရေးသားသည်။











