Monday, April 1, 2013

ဧရာရွှေဝါ သိမ်းခဲ့သည့် လယ်များ ပိုင်ရှင်များထံ ပြန်ပေးရေး လွှတ်တော်ဆုံးဖြတ်

0 comments

ဧပြီလ(၁)

 

စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇပိုင် ဧရာရွှေဝါ စိုက်ပျိုးရေးကုမ္ပဏီက သိမ်းဆည်းထားသည့် မြေဧက ၄ သောင်းကျော်ကို မူလပိုင်ရှင် လယ်သမားများထံ စနစ်တကျ ပြန်လည်ပေးအပ်ရန် ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော်က ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။
လယ်ယာမြေများအား ယမန်နှစ် ဇူလိုင်လတွင် ဦးတေဇကိုယ်တိုင် လက်မှတ်ထိုး၍ နိုင်ငံတော်သို့ပြန်လည် အပ်နှံခဲ့သော်လည်း ၈ လကြာသည်အထိ လယ်သမားများလက်ဝယ် မရောက်ရှိသေးသည့်အတွက် မိုးစပါး စိုက်ပျိုးချိန်အမီ လယ်သမားများကို ပြန်လည်ပေးအပ်ရန် သာပေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုအား လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံတော်သို့ ပြန်လည်အပ်နှံပြီးသည့် ဧရာရွှေဝါ စိုက်ပျိုးရေးကုမ္ပဏီပိုင် လယ်မြေများအား လယ်ယာမြေ လက်လွတ် ဆုံးရှုံးခဲ့သော မူရင်းလက်ငုပ် တောင်သူများလက်ထဲသို့ လယ်မြေများ ဥပဒေနဲ့အညီ စနစ်တကျပြန်လည်ရောက်ရှိရေးကို တိုင်းဒေသကြီးအစိုးရက စနစ်တကျ စီမံဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း၊ အတည်ပြုကြောင်း ကြေညာအပ်ပါတယ်”ဟု တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုးက လွှတ်တော်အစည်းအဝေးတွင် ပြောခဲ့သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၁၉၉၈ ခုနှစ်တွင် ဧရာရွှေဝါကုမ္ပဏီအား ရေကြီးကွင်း၊ ရေနက်ကွင်း၊ မြေလွတ်မြေရိုင်းများ ဖော်ထုတ်ရေး စီမံကိန်းအဖြစ် ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြည်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ ဒါးက၊ သာပေါင်းစသည့် မြို့နယ်များမှ မြေဧကပေါင်း ၄၁၂၀၀ ဧကအား လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
လုပ်ကိုင်ခွင့်ရပြီးနောက် စီမံကိန်းနယ်မြေတွင် ပါဝင်သော မြို့နယ်များမှ လယ်သမားများ၏ လယ်မြေများကို ဧရာရွှေဝါက သိမ်းယူပြီး လယ်သမားများနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်သည်ဟုဆိုကာ ဧက ၅၀၊ ၁၀၀၊ ၃၀၀ စသဖြင့် လုပ်ကွက်များ သတ်မှတ်၍ ချမ်းသာသော လယ်သမားများအား ၁ ဧက စပါး ၂ တင်းနှုန်းဖြင့် သီးစားချထားပေးခဲ့ကြောင်း ဓနုဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်က ပြောသည်။
“ဧရာရွှေဝါ ကုမ္ပဏီဟာ လယ်တွေကို ဆင်းရဲတဲ့လယ်သမားတွေဆီက သိမ်းယူပြီး ငွေရှင် လယ်သမားကြီးများကို သီးစားခနဲ့ လုပ်ကိုင်စေခဲ့တာဖြစ်ပါတယ်။ လယ်သမားတွေဟာ သူတို့လယ်တွေကို ၁၄ နှစ်လောက် လုပ်ကိုင်ခွင့်ဆုံးရှုံးနေတာပါ” ဟု ဦးလှမြင့်က လွှတ်တော်တွင် တင်ပြခဲ့သည်။
ယင်းလယ်မြေများအား ဧရာရွှေဝါကုမ္ပဏီက ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် နိုင်ငံတော်သို့ ပြန်လည် အပ်နှံခဲ့ရာတွင် ဦးတေဇက “နိုင်ငံတော်ရဲ့ စီမံခန့်ခွဲမှုက ပိုကောင်းတယ်။ အရင်တုန်းက ပုဂ္ဂလိကအနေနဲ့ ပံ့ပိုးပေးတယ်။ ၁ ဧကကို ကျပ် ၂ သောင်းလောက်ပဲ ပေးနိုင်တယ်။ လက်ရှိမှာ နိုင်ငံတော်က တစ်ဧက ၄၊ ၅ သောင်း ပေးနိုင်တယ်ဆိုတော့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုက ပိုကောင်းတဲ့အတွက် ပြန်အပ်ခြင်း ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက လွှတ်တော်တွင် တင်ပြသွားသည်။
ဧရာရွှေဝါကုမ္ပဏီက တိုင်းအစိုးရအဖွဲ့ထံ ပေးပို့သည့် အကြောင်းကြားစာတွင် ကုမ္ပဏီအနေဖြင့် လုပ်ကိုင်ခွင့်ရသည့် မြေများအား စိုက်ပျိုးနိုင်သည့်မြေ ၃၅၈၈၆. ၆၄ ဧက၊ အင်းအိုင် ၄၈၁၃. ၃၆ ဧကနှင့် ငါးကန် ၁၂၀၅. ၅ ဧက ဖော်ထုတ်ကာ စိုက်ပျိုးမွေးမြူရေးများ အသုံးချနိုင်ခဲ့ကြောင်း ရေသားဖော်ပြထားသည်။
ထို့အပြင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ရက်စွဲဖြင့်ပေးပို့ခဲ့သည့် ယင်းစာ၏ နောက်ဆုံးအပိုဒ်တွင် “ကျနော်များ ကုမ္ပဏီအနေဖြင့် ယခင်နိုင်ငံတော်မှ လုပ်ကိုင်ခွင့်၊ လုပ်ပိုင်ခွင့် ရယူထားသော မြေများအား ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ပါကြောင်း” ဟု ရေးသားပါရှိသည်။
ယင်းစာကို တိုင်းအစိုးရ၀န်ကြီးချုပ် ဦးသိန်းအောင်ထံ လိပ်မူပေးပို့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်တို့ထံ မိတ္တူပေးပို့ထားသည်။
လယ်မြေများအား နိုင်ငံတော်သို့ ပြန်အပ်ခဲ့သော်လည်း မူလလက်ငုတ်ပိုင်ရှင် လယ်သမားများထံ ပြန်လည်ပေးအပ်ဖို့ထက် ဧရာရွှေဝါပိုင် သမ၀ါယမ လယ်ယာကုန်ထုတ် အသင်းများအနေဖြင့် ဆက်လက်လုပ်ကိုင်မည့် အနေအထားဖြစ်နေကြောင်း သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ဧရာဝတီကို ပြောသည်။
“လယ်တွေကို မူလပိုင်ရှင်လယ်သမားတွေကို ပြန်ပေးဖို့ လွှတ်တော်ကတော့ ဆုံးဖြတ်လိုက်ပါပြီ။ တကယ့်လက်တွေ့ အကောင်အထည် ဖော်ဖို့ လိုပါတယ်။ ဒီကိစ္စ အကောင်အထည်မပေါ်တာ ၂ နှစ်ရှိနေပါပြီ။ ဒီနှစ် စိုက်ပျိုးရာသီအမီ ဆောင်ရွက်ပေးနိုင်ဖို့ လိုပါတယ်။ လက်ရှိမှာတော့ လယ်ယာမြေကို စီမံခန့်ခွဲပိုင်ခွင့် ဧရာရွှေဝါလက်ထဲမှာပဲ ရှိနေ ပါသေးတယ်” ဟု သူက ဆိုသည်။
မြန်မာပြည်တွင် ယခင်စစ်အစိုးရ လက်ထက်၌ စီးပွားရေး လုပ်ပိုင်ခွင့်အများအပြား ရရှိခဲ့သူ ထိပ်တန်းသူဌေးကြီး ဦးတေဇမှာ ဘဏ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သစ်လုပ်ငန်း၊ စက်သုံးဆီလုပ်ငန်း၊ လေကြောင်းလိုင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းစသဖြင့် လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင် လုပ်ကိုင်နေသူတဦးဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက် စစ်လက်နက်များ ၀ယ်ယူရာတွင် ပွဲစား တဦးအဖြစ် ဆောင်ရွက်ပေးခဲ့သူဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here