Monday, March 11, 2013

မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ခွဲစိပ်ရန် လိုအပ်နေသော လူနာအား ကူညီ

0 comments
မတ်(၁၁)


မတ်လ(၁၀)ရက်နေ့က မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ခွဲစိပ်ရန်လိုအပ်နေသော လူနာတစ်ဦးအား ဆေးဝါးကုသရန်အတွက် အဆွေတော်မိသားစု (၂၄)နာရီဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ကြပါသည်။

ပါလျှံ(၃)ရပ်ကွက်တွင် နေထိုင်သူ ကိုစိုးမိုးသည် ချိုင်းကြားမှာ အကြိတ်တခုဖြစ်ရာ ပြည်သူ့ဆေးရုံတွင် တက်ရောက်ပြီး ခွဲစိပ်ကုသရာ သက်သာပျောက်ကင်းမှုမရှိပဲ ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ ထပ်မံကုသရာမှာလည်း ထူးခြားခြင်းမရှိတဲ့အတွက် ထိုင်းနိုင်ငံ ချင်းရိုင်းထိ သွားရောက်ကုသခဲ့ကြောင်းပြောပါသည်။

ထိုင်းနိုင်ငံ ချင်းရိုင်းသို့ သွားရောက်ကုသရာမှာ ထိုင်းစကား မကျွမ်းကျင်မှုကြောင့် အခက်အခဲများစွာကို တွေ့ရှိရပြီး ၎င်း၏ရောဂါအခြေအနေကိုလည်း ဆရာဝန်များ နားလည်အောင် မပြောတတ်တဲ့အတွက် ထိုင်းဆရာဝန်များက အနာဟောင်းကို ထပ်မံခွဲစိပ်ခြင်း နှင့် နောက်တဖန် အနာအောက်နံရိုးနားတွင်လည်း အပေါက်ဖောက်ကာ ပိုက်တန်းလန်းဖြင့် ထား ထားကြောင်း၊ ရောဂါအခြေအနေမှာ ထူးခြားမှုမရှိ၍ လက်ဖြတ်ရမှာဖြစ်ကြောင်းလည်း ထိုင်းဆရာဝန်က ပြောလာသည်ဟု ကိုစိုးမိုး၏ ဇနီးက ပြောလာပါသည်။ ချင်းရိုင်းတွင် (၁၅)ရက်ခန့် တက်ရောက်ကုသခဲ့ရာ ထိုင်းဘတ်ငွေ ခြောက်သောင်းခန့် ကုန်ကျခဲ့သော်လည်း ထူးခြားမှုမရှိပဲ အနာမှာ ပိုဆိုးလာတဲ့အတွက် လူနာကို မြန်မာဘက်သို့ ပြန်လည် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း ပြောလာပါသည်။

မတ်လ(၉)ရက်နေ့က လူနာအား ကူညီနေသူ ကိုမြတ်စိုးနှင့် တွေ့ရ၍ ၎င်းမှ အဆိုပါအတိုင်း လူနာတစ်ဦး အကူအညီလိုအပ်နေကြောင်း ပြောလာတာကြောင့် မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေ နှင့် အသင်းသားများက သွားရောက် ကြည့်ရှုခဲ့ကြပြီး ယခုလို ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ကြခြင်းဖြစ်ပါသည်။

အဆွေတော်မိသားစု (၂၄)နာရီဆေးခန်းတွင် လူနာအား ကျန်းမာရေးစစ်ဆေးခြင်း နှင့် ဓါတ်မှန်ရိုက်ခြင်းများပြုလုပ်ပြီး လူနာအား ဆေးရုံအဖြစ် တက်စေကာ ဆေးကုသခဲ့ပါသည်။ ဆေးကုရမှာ လူနာ၏ အနာအောက်တွင် အဆွေတော်မိသားစု (၂၄)နာရီဆေးခန်းရှိ ခွဲစိပ်ဆရာဝန်ကြီးမှ ခွဲစိပ်ကာ အပေါက်ဖောက်ပြီး ပေါက်ထည့်၍ အထဲရှိ အရည်ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ဆက်လက်၍ လူနာမှာ သွေးလိုအပ်နေတာကြောင့် မဇ္ဈိမ လူမှုကူညီရေးအသင်းမှ အသင်းသားတစ်ဦးဖြစ်သူ ( B ) သွေးပိုင်ရှင် ကိုတင်အေးမှလည်း သွေးတစ်လုံး နှင့် ယနေ့တွင်လည်း အသင်းသား တစ်ဦးဖြစ်သူ ကိုရဲ မှလည်း သွေးတစ်လုံး လှူဒါန်းခဲ့ကြပါသည်။

ယခင်က အသည်းအသန်ဖြစ်သော လူနာများအား ထိုင်းနိုင်ငံ ချင်းရိုင်းအထိ ကုသခဲ့ရပါသည်။ ယခုအခါမှာ အဆွေတော်မိသားစု (၂၄)နာရီဆေးခန်းတွင် ခေတ်မှီသော ခွဲစိပ်စမ်းသပ်သည့် စက်ပစ္စည်းများ၊ ဓါတ်ခွဲခန်းများ၊ ဓါတ်မှန်ရိုက်ခန်းများ၊ အရေးပေါ်ဆေးကုသခန်း၊ သက်ဆိုင်ရာ ကျွမ်းကျင်သော ဆရာဝန်ကြီးများ အစုံအလင်နှင့် ရှိနေပြီဖြစ်သည့်အပြင် အဆွေတော်မိသားစု (၂၄)နာရီဆေးခန်းသည် ကျန်းမာရေးကုသရာမှာ လူနာများအား ငွေကြေးနှင့်ပတ်သက်လာလျှင် တတ်နိုင်သမျှ ကူညီနေသော ဆေးကုခန်းဖြစ်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် မဇ္ဈိမလူမှုကူညီရေးအသင်းမှလည်း လူနာများကို စိတ်ချမ်းသာစေပြီး အကောင်းဆုံးဖြစ်စေရန်အတွက် အဆွေတော်မိသားစု (၂၄)နာရီဆေးခန်းကို ရွေးချယ်ကာ ပို့ဆောင်ပေးခြင်းဖြစ်ပါသည်။
မဇ္ဈိမလူမှုကူညီရေးအသင်း - တာချီလိတ်မြို့

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here