Thursday, April 4, 2013

ရာသီဥတုကြောင့် အပူရှောင်လိုသူများပင် လာရောက်မှု နည်းပါးလာသည့် ပြင်ဦးလွင်

0 comments

ဧပြီ(၄)


ပြင်ဦးလွင်မြို့တွင် နွေရာသီ၌ ငွေကြေးတတ်နိုင်သူများ လာရောက် အပူရှောင်လေ့ရှိသော်လည်း ယခုနှစ် အတွင်း အိမ်ငှားရမ်းမှုမှာ နည်းပါးလျက်ရှိကြောင်း အိမ်၊ခြံ၊မြေအကျိုးဆောင်များထံက သိရှိရသည်။

ထိုကဲ့သို့ အပူရှောင်ရန်အိမ်ငှားရမ်းမှုနည်းပါးရခြင်းမှာ ပြင်ဦးလွင်မြို့တွင်လည်း ရာသီဥတုပူနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြင်ဦးလွင်အိမ်၊ခြံ၊မြေအကျိုးဆောင်ဦးခင်မောင်ဝင်းက ပြောသည်။

“ဘယ်လိုကြောင့် ရယ်တော့မသိဘူးဗျ၊ ဒါပေမဲ့ ကျွန်တော်ထင်တာကတော့ ပြင်ဦးလွင်မြို့မှာလည်း တော်တော်ပူနေပြီ၊ ပန်ကာဖွင့်ပြီးနေနေရတယ်။” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

၂၀၁၂ ခုနှစ်၌ အပူရှောင်ရန် အိမ်ငှားရမ်းသူများ ယခုနှစ်ထက် ပိုမိုများပြားပြီး ယခုနှစ်တွင်မူ မေးမြန်းစုံစမ်းဆဲ အဆင့်သာရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။

အိမ်ငှားရမ်းမှုနှင့်အိမ်ခြံရောင်းဝယ်မှု နည်းပါးလာခြင်းမှာ အိမ်၊ခြ၊ံမြေ၀ယ်ယူသူများက အစိုးရအား အခွန်(၃၅) ရာခိုင်နှုန်း ပေးဆောင်ရခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ရွှေညီကို အိမ်၊ခြံ၊မြေအကျိုးဆောင်က ပြောပြသည်။

“အရင်တုန်းက အစိုးရကို (၁၀)ရာခိုင်နှုန်းပဲ ပေးရတာ၊ အခုတော့ ၃၅ ရာခိုင်နှုန်း ၀ယ်သူက ပေးရတာဆိုတော့အရောင်းအ၀ယ် သိပ်မဖြစ်တော့ဘူး အမေးအမြန်းတွေပဲ ရှိတယ်” ဟု ရွှေညီကိုအိမ်ခြံမြေအကျိုးဆောင်တစ်ဦး က ပြောသည်။

ပြင်ဦးလွင်မြို့တွင် အိမ်အငှားဈေးနှုန်းမှာ ရပ်ကွက်၊ အကျယ်အ၀န်းတို့ အပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း သိရသည်။ပြင်ဦးလွင်၌ အိမ်ငှားခဈေးနှုန်းများမှာ တစ်လလျှင် ကျပ် လေးသောင်း မှ ဆယ်သိန်းအထိဈေးရှိကြောင်း သိရသည်။ ပြင်ဦးလွင်မြို့တွင် အငှားအသွက်ဆုံး
အရပ်မှာ မြို့သစ်ဘက်၌ ဖြစ်ကြောင်း သိရသည်။

“အများဆုံးငှားဖြစ်တာကတော့ မြို့သစ်ဘက်မှာပဲ အဲဒီမှာက အိမ်အလွတ်တွေ အများကြီးရှိတယ်။” ဟုဒေသခံတစ်ဦးက ပြောသည်။

၂၀၁၁ ခုနှစ်ကုန်ပိုင်းတွင် ပြင်ဦးလွင်မြို့၌ အိမ်ခြံမြေများ အ၀ယ်လိုက်ခဲ့ရာမှ ၂၀၁၂ ခုနှစ် နှစ်လယ်ခန့်တွင် မတန်တဆဈေးများ တက်ခဲ့ပြီးနောက် အရောင်းအ၀ယ်အေးခဲ့သည်မှာ ယခုအချိန်အထိဖြစ်ကြောင်း ပွဲစားတို့က ဆိုသည်။

ငွေကြေးတတ်နိုင်သူများအနေဖြင့် ပြင်ဦးလွင်မြို့ရှိကျေးရွာများတွင် ခြံမြေအလွတ်များ ၀ယ်ယူ၍ အိမ်ဆောက်ပြီး နွေရာသီတွင်လာရောက် အပန်းဖြေလျက်ရှိကြသည်။

ပြင်ဦးလွင်မြို့မှာ မန္တလေးတိုင်းအတွင်းရှိသော်လည်း တောင်ပေါ်မြို့ဖြစ်သဖြင့်နွေရာသီတွင် အပူချိန် မမြင့်မားခြင်းကြောင့် ငွေကြေးတတ်နိုင်သူများ အပူရှောင်ရန် စိတ်ဝင်စားသောမြို့တစ်မြို့လည်းဖြစ်သည်။

ပြင်ဦးလွင်မြို့သို့ အပူရှောင်ရန်အများဆုံးလာရောက်ကြသူများမှာ မန္တလေးမြို့၊မိတ္ထီလာမြို့နှင့် မုံရွာမြို့တို့မှအများဆုံးဖြစ်ကြောင်းသိရသည်။

ပြင်ဦးလွင်မြို့၌ အပူချိန်တဖြည်းဖြည်းမြင့်တက်လာခြင်းမှာ သစ်တောများပြုန်းတီးမှုကြောင့်ဖြစ်နိုင်ကြောင်း ဒေသခံအချိုက သုံးသပ်ပြောဆိုကြသည်။

ထိုကဲ့သို့ သစ်တောပြုန်းတီးရခြင်းအကြောင်းရင်းမှာ ဘော်ဒါဆောင်များ၊ စစ်တပ်များ အနေဖြင့် အစားအသောက်ချက်ပြုတ်ရာတွင် ထင်းကိုအသုံးပြုခြင်းတို့ကြောင့်ဖြစ်နိုင်သည်ဟု ဒေသခံအချို့ကဆိုသည်။

ထို့အပြင် ပြင်ဦးလွင်မြို့တွင် ထုံးဖုတ်လုပ်ငန်းများပြုလုပ်လျက်ရှိရာ ထုံးဖုတ်ရာတွင် ထင်းများကို အသုံးပြုခြင်းကြောင့် လည်းဖြစ်နိုင်ကြောင်း အချို့ကပြောကြသည်။

“ဒီမှာ တဖြည်းဖြည်းပူလာတာလည်းမပြောနဲ့ ဘော်ဒါဆောင်တွေ၊ စစ်တပ်တွေ ရှိနေတော့ ချက်ရေးပြုတ်ရေး အတွက် ထင်းခုတ်ကြတယ်လေ၊ ထုံးဖုတ်ရင်လည်း အမြစ်ပါမကျန် ထုံးဖိုထဲ ထည့်လို့ရတော့ ခုတ်လို့ရသမျှ အမြစ်ပါမချန် အကုန်ခုတ်နေကြတယ်။” ဟု ပြင်ဦးလွင်မြို့ရှိ နောင်ခမ်းကြီး
ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

Myit Makha Mediagroup

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here