ဧပြီ(၁၈)
ရွှေမြန်မာ လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် မိနစ်ငါးဆယ်ခန့် မောင်းနှင်ပြီးချိန်တွင် နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် စင်ကာပူလေဆိပ်သို့ ပြန်လည်ဆင်းသက်ကာ အဆိုပါလေယာဉ်အား ပြင်ဆင်ပြီးမှသာ ရန်ကုန်မြို့သို့ ထွက်ခွာနိုင်ခဲ့ကြောင်း ယင်းခရီးစဉ်တွင် လိုက်ပါလာသူများ၏ ပြောကြားချက်အရ သိရသည်။
ရွှေမြန်မာလေကြောင်းလိုင်း၏ Y5 234 - GMA လေယာဉ်ပေါ် လိုက်ပါလာသူ အမျိုးသားတစ်ဦးက "နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းတယ်လို့ပဲ သိတယ်။ ဘာဖြစ်တယ်ဆိုတာ အတိအကျတော့ မသိဘူး။ လေယာဉ်က မိနစ်ငါးဆယ်လောက် ပျံတက်ပြီးမှ နောက်ပြန်လှည့်ပြီး လေယာဉ်ကွင်းကို ပြန်ဆင်းတာ။ ပြင်ဆင်ချိန် မိနစ် ၂၀ လောက်လို့ ပြောပေမယ့် တကယ်က တစ်နာရီလောက်ကြာတယ်။ ပြီးမှ အဲဒီလေယာဉ်နဲ့ပဲ ပြန်လာရတာ" ဟု ပြောကြားခဲ့ပါသည်။
လေယာဉ်ပေါ် လိုက်ပါလာသူ အခြား အမျိုးသား တစ်ဦးကလည်း "အတိအကျတော့ မသိဘူး။ ၀ါယာရိမ်းလို့တော့ ပြောတာပဲ။ မိနစ်ငါးဆယ်လောက် ပျံပြီးမှ နောက်ပြန်ဆုတ်တာ ကောင်းမယ်ဆိုပြီး ပြန်ဆုတ်သွားတာ။ သုံးနာရီခွဲလောက် နောက်ကျပြီး လေယာဉ်ကွင်းမှာပဲ သောင်တင်သွားတာ" ဟု ဆိုသည်။
ယင်းလေယာဉ် Y5 234 - GMA သည် ဧပြီလ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီ ၅၅ မိနစ်တွင်ရန် ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်ကာ ပုံမှန်ဆင်းသက်ရမည့် အချိန်ထက် ၃ နာရီကျော် နောက်ကျ ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။
ရွှေမြန်မာ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး စရိတ်နည်း လေကြောင်းလိုင်းအဖြစ် Air Bus A-320 လေယာဉ်တစ်စီးဖြင့် ဇန်န၀ါရီလ ၁၇ ရက်နေ့မှ စတင်ကာ ပြည်တွင်းခရီးစဉ် စတင်ပျံသန်းခဲ့ပြီး ဧပြီလ ၅ ရက်နေ့မှ စတင်ကာ ရန်ကုန်-စင်ကာပူ၊ မန္တလေး-စင်ကာပူ ခရီးစဉ်အား စတင်ပျံသန်းခဲ့ခြင်း ဖြစ်သည်။
ရွှေမြန်မာ လေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူမှာ စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးဖြစ်ပြီး၊ နိုင်ငံတော်၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင်လည်း ဖြစ်သည်။ အများပိုင် လေကြောင်းလိုင်း တစ်ခုအဖြစ် ရပ်တည်မည့် ရွှေမြန်မာ လေကြောင်းလိုင်းသည် လေကြောင်းခရီးစဉ်များ စတင်ပျံသန်းချိန်မှစ၍ အများပြည်သူသို့ ရှယ်ယာများ ရောင်းချပေးသွားရန် ရှိကြောင်းလည်း သိရသည်။
eleven