ဧပြီ(၁၀)
ရန်ကုန် ကားဈေးကွက်အတွင်း သင်္ကြန်ကာလ နီးကပ်လာသည့်အတွက် နယ်မှ ကားဝယ်လိုအား နည်းပါးသွားကြောင်း ကားဈေးကွက်အတွင်းမှ သတင်းရရှိသည်။
ယခင်က နယ်မှ ကားဝယ်လိုအား ကောင်းခဲ့ပြီး မိတ္ထီလာဖြစ်စဉ် အပါအ၀င် နယ်မြို့အချို့တွင် ဖြစ်ပွားခဲ့သည့် အခြေအနေများကြောင့် နယ်မှ ကားဝယ်လိုအား အနည်းငယ် အားလျော့ကျခဲ့ကြောင်း၊ ယင်းနောက် သင်္ကြန်ကာလ နီးကပ်သည့်အတွက် နယ်မှ ကားဝယ်ယူသူများ လာရောက်မှု ထပ်မံနည်းသွားခြင်းဖြစ်ကြောင်း သိရသည်။ သင်္ကြန်ကာလအပြီးတွင် နယ်ကားအ၀ယ် ပြန်လည်မြင့်တက်လာမည်ဖြစ်ပြီး နယ်မှ ၀ယ်လက်များ တက်လာပြီး ကျပ်သိန်း ၂၀၀ ၀န်းကျင် အနေအထားရှိ ကားများ ၀ယ်ယူမှု ပိုမိုများပြားကြောင်း သိရသည်။
"နယ်အ၀ယ်လာပြီ ဆိုရင် အရင်ကတော့ 4WD အမျိုးအစား ကားတွေ ၀ယ်တာများတယ်။ အခုနောက်ပိုင်းတော့ ၁၃၀၀ စီစီ၊ ၂၀၀၀ စီစီ ကားတွေလည်း ၀ယ်တာပဲ။ ရန်ကုန်အ၀ယ်နဲ့ နယ်အ၀ယ်ကွာတာ တစ်ခုတော့ ရှိတယ်။ နယ်က၀ယ်တဲ့သူက နောက်ဆုံးနံပါတ်မျိုးထက် ထွက်ပြီးသား၊ စာအုပ်ရပြီးသား နံပါတ်ဟောင်းမျိုးကို ပိုလိုချင်တယ်။ တစ်ခါတည်းဝယ် စာအုပ်လည်း တစ်ခါတည်း ရတာမျိုးကို ကြိုက်တာ။ ပြီးတော့ နံပါတ်အဟောင်းက နောက်ဆုံးနံပါတ်ထက် ကျပ်သိန်း ၂၀ လောက်အထိ သက်သာတယ်လေ။ သင်္ကြန်ပြီးရင် နယ်ကား အ၀ယ်ပြန်တက်လာမယ်" ဟု မင်းရဲကျော်စွာ ကားရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း ဦးဝင်းထွဋ်က ပြောပြပါသည်။
လက်ရှိအချိန်တွင် ရန်ကုန်ကား ဈေးကွက်အတွင်း နယ်အ၀ယ် အနည်းငယ် လျော့ကျသွားသော်လည်း ရန်ကုန်အ၀ယ်မှာ ပုံမှန်အတိုင်း ရှိနေသည်ဟုလည်း သိရှိရသည်။
ရန်ကုန်အ၀ယ် အနေဖြင့် ၁၃၀၀ စီစီများ အ၀ယ်ပိုမိုများပြားကြောင်း၊ ကျပ်သိန်း ၁၀၀ ၀န်းကျင် ကားများ အရောင်းအ၀ယ် ပိုဖြစ်ကြောင်း သိရသည်။
eleven
eleven