Sunday, May 26, 2013

တရုတ်စီးပွားရေး လုပ်ငန်းများ ၀င်ရောက်နေရာ ယူလာခြင်းကြောင့် ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဒေသခံများ၏ မြေယာဆုံးရှုံးမှု မြင့်တက်လာ

0 comments

မေလ ၂၆ ရက်
 
ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် စခန်းသို့ ၀င်ရောက်လာသော တရုတ်ယာဉ် နံပါတ်ပြားတပ် ကားတစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)  

ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် မြန်မာစစ်တပ်အကြား အပစ်အခတ် ရပ်စဲထားသော်လည်း ထိုကာလအတွင်း စစ်ပြေးဒုက္ခသည်များ နေရပ်စွန့်ခွာချိန်တွင် တရုတ်စီးပွားရေး လုပ်ငန်းများ ၀င်ရောက်နေရာ ယူလာမှုများကြောင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် ဒေသခံတို့ မြေယာဆုံးရှုံးမှုများ တစ်စတစ်စ ပို၍များလာကြောင်း သတင်းရရှိပါသည်။

"ကချင်ဒေသမှာ အပစ်အခတ် ရပ်စဲထားပေမယ့် ဒေသခံတွေက သူတို့နေရာသူတို့ မပြန်ရဲကြပါဘူး။ အခုအချိန်မှာတော့ တရုတ်အစိုးရကလည်း သူတို့ကို လက်မခံတော့ သူတို့မြန်မာဘက်က IDP Camp တွေကို ပြန်လာနေကြတယ်။ တချို့ KIA ထိန်းချုပ်ရာ လိုင်ဇာဘက်မှာ နေတယ်။ တချို့က မြန်မာစစ်တပ် ထိန်းချုပ်တဲ့ဘက်မှာ နေကြတယ်။ 

ဘာသွားတွေ့လဲဆိုတော့ ဒီလို အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ ကာလအတွင်းမှာပဲ ဒေသခံတွေ မြေယာဆုံးရှုံးမှုတွေ အများကြီး ဖြစ်ပေါ်နေတယ်။ ဥပမာ ကရင်ပြည်နယ်မှာ အပစ်အခတ် ရပ်ဆဲထားတဲ့ အခါမျိုးမှာလည်း ဒီလိုပဲ နိုင်ငံခြားသားတွေ ဒီနေရာမှာ ၀င်ရောက်နေရာ ယူလာသလိုပဲ အခုကချင်ပြည်နယ်နဲ့ ရှမ်းမြောက်မှာ ဆိုရင်လည်း တရုတ်လူမျိုး စီးပွားရေးသမားတွေ ၀င်ယူလာကြတယ်။ အထူးသဖြင့် ဒီနေရာတွေကို ရော်ဘာစိုက်ပျိုးဖို့ဆိုပြီး ၀င်လာကြတာပါ။ အမှန်က တရုတ်လူမျိုး စီးပွားရေးသမားတွေက ဒေသက အခွင့်ထူးခံ ကုမ္ပဏီတွေနဲ့ပေါင်းပြီး ဒီနေရာတွေမှာ ၀င်ရောက်နေရာ ယူလာကြတာပါ။ ဒီနေရာတစ်ဝိုက်မှာ အပစ်အခတ် ရပ်စဲထားတဲ့ အခြေအနေ တစ်ရပ်က Negative development ကို ဖြစ်နေစေတယ်။ မိုင်းတွေတူးတယ်။ 

သစ်မှောင်ခိုတွေ လုပ်ကြတယ်။ conflict ဖြစ်နေတော့ လူတွေက ရှိတာလေးတွေထားပြီး ပြေးကြတော့ သူတို့အတွက် အခွင့်အလမ်း ဖြစ်နေတယ်။ အထူးသဖြင့် တရုတ်ကုမ္ပဏီတွေ။ ထိုင်း၊ မလေးတွေလည်း ၀င်လာတာမျိုး တွေ့တယ်" ဟု နယ်သာလန်အခြေစိုက် Transnational Institute မူးယစ်ဆေးဝါးနှင့် ဒီမိုကရေစီ အစီအစဉ်မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Tom Kramer က ပြောကြားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ထိုဒေသအတွင်း တရုတ်အစိုးရ၏ ဘိန်းအစားထိုး အစီအစဉ်များလည်း ရှိကြောင်း၊ သို့သော်လည်း ထိုအစီအစဉ်သည် အမှန်တကယ် ဘိန်းစိုက်ပျိုးမှုအပေါ် မှီခိုမှုလျော့ကျရန် နည်းလမ်းများ မဟုတ်ကြောင်း၊ ဘိန်းစိုက်သူ တောင်သူများအား အခြားအစားထိုး လူမှုဘ၀ အသက်မွေးဝမ်းကြောင်း မှုများကို ပံ့ပိုးပေးနိုင်ခြင်း မရှိကြောင်းနှင့် မြန်မာနိုင်ငံအတွင်း မြေယာဆုံရှုံးမှုများသာ မြင့်တက်နေကြောင်းလည်း သိရှိရသည်။

ဒီနေရာတစ်ဝိုက်မှာ အပစ်အခတ် ရပ်စဲထားတဲ့ အခြေအနေ တစ်ရပ်က Negative development ကို ဖြစ်နေစေတယ်။ မိုင်းတွေတူးတယ်။ သစ်မှောင်ခိုတွေ လုပ်ကြတယ်။ conflict ဖြစ်နေတော့ လူတွေက ရှိတာလေးတွေထားပြီး ပြေးကြတော့ သူတို့အတွက် အခွင့်အလမ်း ဖြစ်နေတယ် . . . . .

"ဒေသခံတွေက စစ်ပြေးနေတော့ ဒီနေရာမှာ တရုတ်လူမျိုး၊ စိုက်ပျိုးရေး လုပ်ငန်းတွေ ၀င်လာတာ။ တချို့ဘိန်းအစားထိုး ခေါင်းစဉ်အောက်မှာ ၀င်လုပ်နေတာ။ သူတို့ကိုယ်သူတို့ အစိုးရက အားပေးတယ်။ ဒါပေမဲ့ ဘိန်းစိုက်ပျိုးမှုလည်း လျော့ကျသွားတာတော့ မဟုတ်ဘူး။ သူတို့တရားဝင် လုပ်ပိုင်ခွင့် ရသွားတာပဲ ရှိတယ်။ ဒေသခံတွေက နေစရာမရှိဘူး။ အိမ်လည်း မရှိတော့ဘူး၊ ရှိလည်း မပြန်ရဲတော့ဘူး။ ကချင်ကိုကတော့ သူတို့နေရာလို့ကို သူတို့မှတ်ထားကြတဲ့ သဘောမျိုး ဖြစ်သွားပြီ" ဟု ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံများအတွက် ဘိန်းအစားထိုး ဖွံ့ဖြိုးရေး အစီအစဉ် တစ်ရပ်ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ အတည်ပြုချက် ယူခဲ့ပြီး ဘိန်းအစားထိုး အထူးရန်ပုံငွေတစ်ရပ် မတည်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ တရုတ်အစိုးရက စီမံကိန်း အောင်မြင်ရေးအတွက် တရုတ်စိုက်ပျိုးရေး လုပ်ငန်းများကို အထောက်အပံ့များ၊ ကင်းလွတ်ခွင့်များနှင့် သွင်းကုန်ခွဲတမ်းများကို ပေးခဲ့ကြောင်း၊ ထိုသို့ ဘိန်းအစားထိုး ခေါင်းအောက်တွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးရန် ရည်ရွယ်သည် ဆိုသော်လည်း တရုတ်တို့၏ ဖွံ့ဖြိုးရေး အကူအညီပေးသည့် ပုံစံသည် ကျေးလက်လူမှုဘ၀ အသက်မွေးဝမ်းကြောင်းများအတွက် မြှင့်တင်ပေးသည့် အစီအစဉ်များ ပါဝင်ခြင်း မရှိဘဲ တရုတ်ကုမ္ပဏီများ ပမာဏကြီးမားလှသော စိုက်ပျိုးရေး လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံစေရန် မက်လုံးပေးခြင်းအားဖြင့် အကောင်အထည် ဖော်နေသော ပုံစံသာဖြစ်ကြောင်း နယ်သာလန်အခြေစိုက် Transnational Institute TNI ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ မြေယာများ ချင်းနင်းဝင်ရောက် လုပ်ကိုင်မှုများနှင့် တောရှင်းလင်းမှုများကြောင့် သစ်တောများ၏ ဇီဝမျိုးစုံ ပေါများကြွယ်ဝမှုကို ဆုံးရှုံးစေခြင်း၊ မြေဆီလွှာများ ပျက်စီးခြင်းနှင့် ရေအရင်းအမြစ်များ ကုန်ခန်းလာစေခြင်း စသည့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသာနာသစ်များကို ဖန်တီးစေလျက် ရှိကြောင်း၊ အဆိုပါ စိုက်ပျိုးရေး လုပ်ငန်းများသည် တရားမ၀င် သစ်ခုတ်လုပ်မှုများကို အကာအကွယ်ဖြစ်စေပြီး ရွာသားများ အစဉ်အဆက်ပိုင်သော သစ်တောမြေများနှင့် အသစ်ပိုင်းခြား သတ်မှတ်ထားသော ရပ်ရွာပိုင် သစ်တောများကိုလည်း မကြာခဏဆိုသလို အန္တရာယ်ပြုလာကြောင်း အဆိုပါ Report အရ သိရှိရသည်။ 

EMG


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here