ဇွန်လ ၂၇ ရက်
ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) တပ်မဟာ(၇)မှ အသွင်ပြောင်းထားသည့် နမ့်လန်ပြည်သူ့စစ်အဖွဲ့မှ ဇွန်လ ၂၆ ရက်နေ့တွင် ကွန်ဟိန်းမြို့ ရပ်ကွက်(၅)သို့ ရောက်ရှိလာခဲ့ပြီး ၎င်းတို့နှင့် သားသမီးကိစ္စအဆင်မပြေ ဖြစ်ခဲ့ဖူးသူ ဦးလုံးငင်းအား ကြိုးတုပ်ပြီး ကာလိဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့ ရပ်ကွက်(၅)၊ ၀ိန်းလုံလမ်းမှ လူငယ်တစ်ဦးက `` ဦးလုံးငင်းရဲ့ သား စိုင်းလျန်းနဲ့ ကျွန်တော်က ရင်းနှီးပါတယ်.. ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် သင်္ကြန်တုန်းက ရေပက်ကစားရင်းနဲ့ စိုင်းလျန်းနဲ့ ကာလိမြို့နယ်ခွဲ၊ နောင်ငင်းကွက်သစ်၊ အမှတ်(၈)ရပ်ကွက်မှာ ရှိတဲ့ ဦးလုံးခုံတိယရဲ့ သမီး မနန်းဆိုင်းစံ နဲ့ လူငယ်သဘာဝ ချစ်ကြိုက်ခဲ့ကြပါတယ်.. ဒါကို ဦးလုံးခုံတိယ သိသွားပြီး ၎င်း၏ သမီးနဲ့ အတူနေထိုင်ခဲ့သည်ဟု စွပ်စွဲပြောဆိုပြီး နစ်နာကြေးအဖြစ် ငွေကျပ်သိန်းတစ်ရာ ရလိုကြောင်း နမ့်လန် ပြည်သူ့စစ်အဖွဲ့ကို သွားတိုင်ခဲ့တယ်လို့ သိရတယ်.. အခု ကျွန်တော့် သူငယ်ချင်း စိုင်းလျန်းကလဲ ဇွန်လ ဒုတိယပတ်လောက်ကတည်းက အလုပ်လုပ်မယ် ဆိုပြီးတော့ ယိုးဒယားနိုင်ငံဘက် ထွက်သွားခဲ့ပါတယ်.. အခု စိုင်းလျန်းရဲ့ အဖေကို နမ့်လန်ပြည်သူ့စစ်အဖွဲ့က လာဖမ်းသွားတာလဲ ဒီကိစ္စကြောင့်ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်ဗျာ ´´ ဟု ပြောပြပါသည်။
ဦးလုံးငင်း အား နမ့်လန်ပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်၍ နယ်ဘက်ဌာနဆိုင်ရာ များနှင့်နယ်မြေခံတပ်များမှ ဥပဒေနည်းလမ်းအတိုင်း ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရပါသည်။
စိုင်းနောင်