Tuesday, June 11, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/ SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးယွက်စစ်နှင့်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

0 comments

ဇွန်လ ၁၁ ရက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/ SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးယွက်စစ်နှင့်အဖွဲ့ဝင်များအား ယနေ့ နံနက် (၁ဝ) နာရီတွင် နေပြည်တော်ရှိ တောင်သူပညာပေး ဧက(၅ဝဝ) စက်မှုလယ်ယာ စံပြစိုက်ခင်း အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်မောင်စိုးနှင့် ဦးအုန်းမြင့်၊ ဒုတိယဝန်ကြီး ဦးရဲထွဋ် နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးယွက်စစ်နှင့် အဖွဲ့ဝင်များအား ရင်းနှီးခင်မင်စွာ လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးယွက်စစ်က နိုင်ငံတော်သမ္မတအား ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဂါရဝ လက်ဆောင် အဖြစ် ပေးအပ်ပြီး ရှမ်းတိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ဆွေးနွေးပြောကြားရာတွင် '' ဦးယွက်စစ် ခေါင်းဆောင်သည့် အဖွဲ့ကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မိမိတို့ တစ်ယောက်အကြောင်း တစ်ယောက် ကြားဖူး၊ သိဖူးနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ယခုကဲ့သို့ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း စားပွဲဝိုင်းတွင် တွေ့ဆုံနိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပါကြောင်း၊ တစ်နိုင်ငံတည်းအတွင်းမှာ အတူမွေးဖွား ကြီးပြင်းလာသူများဖြစ်၍ ဤနိုင်ငံကို မိမိတို့ ပိုင်ဆိုင်သကဲ့သို့ ဦးယွက်စစ်တို့ ရှမ်းတိုင်းရင်းသားများလည်း ပိုင်ဆိုင်ပါကြောင်း၊ တိုင်းရင်းသားအားလုံး၊ ပြည်သူအားလုံးသည် နှစ်ပေါင်း (၆ဝ) ကျော် ကြာညောင်းပြီဖြစ်သည့် တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းစေလိုကြပါကြောင်း၊ လက်နက်ဖြင့် ဖြေရှင်း၍ မပြီးဆုံးနိုင်သည့် ဤလက်နက်ကိုင် ပဋိပက္ခကို ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာမှသာ မှန်ကန်သည့် အဖြေကို ရရှိနိုင်မည်ဖြစ်ကြောင်း။

မတူကွဲပြားမှုများကြောင့် ပဋိပက္ခ ဖြစ်ပွားခဲ့ကြသော်လည်း တူညီသည့်အချက်များလည်း ရှိပါကြောင်း၊ ကိုယ့်တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့စိတ် ကိုယ့်တိုင်းပြည် ပြိုကွဲပျက်စီး သွားမည်ကို မလိုလားသည့်စိတ် ကိုယ့်တိုင်းပြည်အတွင်းမှ ခွဲမထွက်ဘဲ ရာသက်ပန် ဥမကွဲသိုက်မပျက် အတူနေထိုင်လိုကြသည့်စိတ် စသည်ဖြင့် တူညီကြပါကြောင်း၊ တိုင်းပြည် အတွက် တူညီသည်များကို လက်တွဲပူးပေါင်းဆောင်ရွက်ပြီး မတူညီသည်များကို စိတ်ရှည် သည်းခံပြီး အချိန်ယူညှိနှိုင်း ဆွေးနွေးခြင်းဖြင့် အဖြေရှာသည့် နိုင်ငံရေးပုံစံသစ်ကို မိမိတို့ သွားလိုပါကြောင်း၊ အနိုင်အရှုံး အဆုံးအဖြတ် ရယူခြင်းထက် အတူတကွ လက်တွဲ ပူးပေါင်း ဆောင်ရွက်ခြင်း သည်သာ တိုင်းပြည်အတွက် အကျိုးအမြတ် ရရှိစေမည် ဖြစ်ပါကြောင်း၊ အများလက်ခံနိုင်သည့် တစ်ခုတည်းသော ဥပဒေ၏ အောက်တွင် မိမိတို့အတူတကွ လက်တွဲ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် တိုင်းသူပြည်သား အားလုံး မျှတစွာ အကျိုးခံစား ကြရမည် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများထက် အဘက်ဘက်တွင် များစွာ နောက်ကျကျန်နေ ခဲ့ကြပါကြောင်း၊ ဖွံ့ဖြိုးမှုအခြေခံကောင်းများ ရှိပါလျက်နှင့် ယခုကဲ့သို့ နောက်ကျ ကျန်ရစ်ခဲ့သည်မှာ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုမရှိ၍ ဖြစ်ပါကြောင်း၊ နှစ်ပေါင်း ကြာရှည်ခဲ့ပြီဖြစ်သည့် တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင်ပဋိပက္ခကို မိမိတို့ လက်ထက်တွင် အဆုံးသတ်ပြီး မိမိတို့ သားသမီးများလက်သို့ ငြိမ်းချမ်းသော အမွေကိုသာ လွှဲပြောင်းပေးခဲ့ လိုပါကြောင်း၊ ယခုအခါ တစ်ပြည်လုံးငြိမ်းချမ်းရေးသည် လက်တစ်ကမ်း အကွာသို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ အောက်ခြေတွင် ပစ်ခတ်တိုက်ခိုက်မှုအချို့ ရှိနေသေးသည်ကို လုံးဝရပ်စဲ သွားအောင် နားလည်မှုရှိရှိဖြင့် နှစ်ဘက်ညှိနှိုင်း ဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း၊ လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည့် ပြည်တွင်း ငြိမ်းချမ်းရေးကို လက်လွတ်မခံဘဲ အမိအရ ဆုပ်ကိုင်ပြီး မိမိတို့လက်ထက်မှာ ငြိမ်းချမ်းရေး သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူသွားရန် ဖြစ်ပါကြောင်း။

တပ်များနေရာချထားရေး၊ အိုးအိမ်များ ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေရေး၊ စားရေရိက္ခာ အကူအညီပေးရေးလုပ်ငန်းနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို မိမိတို့ အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ညှိနှိုင်း ပူးပေါင်း၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့သည် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းသော အနာဂတ် ပို၍ကောင်းမွန် ပြည့်စုံသော အနာဂတ်ကို ဖန်တီးပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက် နေခြင်းသာ ဖြစ်သည်ကို နားလည်သဘောပေါက် စေလိုပါကြောင်း၊ နယ်မြေဒေသ အားလုံး တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိသွားပြီဖြစ်ပါက ငြိမ်းချမ်းရေး အဖွဲ့အားလုံး နေပြည်တော် (သို့မဟုတ်) အခြားသင့်လျော်သည့် တစ်နေရာရာတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နှင့် တွေ့ဆုံပြီး အားလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးလက်မှတ်ရေးထိုး သွားကြမည် ဖြစ်ပါကြောင်း။

လက်မှတ်ရေးထိုးပြီးပါက အားလုံးနှင့် သက်ဆိုင်သည့် နောက်ဆက်တွဲ ဆောင်ရွက်ဖွယ်ရာ များကို မိမိဆောင်ရွက်ရမည့် အပိုင်းမှ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်သို့ တင်ပြ၍ လွှတ်တော်၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း၊ နေပြည်တော်တွင် ရောက်ရှိ နေထိုင်စဉ်အတွင်း လေ့လာကြည့်ရှုလိုသည်များကို ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အားလုံးကျန်းကျန်းမာမာ ရှိကြစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးအဆင့်သို့ အမြန်ဆုံး ရောက်ရှိရန် ဆုမွန်ကောင်းတောင်းပါကြောင်း'' ဖြင့်ပြောကြားသည်။

ထို့နောက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးယွက်စစ်က ပြောကြားရာတွင် '' ယခုကဲ့သို့ နေပြည်တော်တွင် ငြိမ်းချမ်းရေး ဆွေးနွေး မှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ပြီး ရင်းနှီးစွာ ကြိုဆိုခဲ့သည့်အတွက် သမ္မတကြီးကို ကျေးဇူးတင်ရှိပါကြောင်း၊ သမ္မတကြီး၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများ အောင်မြင်စေရန်အတွက် မိမိတို့ တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်လိုပါကြောင်း၊ သမ္မတကြီး၏ ပြောကြားချက်များကြောင့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ ရှင်သန်လာပါကြောင်း၊ မိမိတို့အနေဖြင့် လက်နက်ကိုင် တိုက်ပွဲများ ဆင်နွှဲနေရခြင်းသည် ပြည်ထောင်စုကြီးမှ ခွဲထွက်ရန် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရန် တိုင်းရင်းသားများ အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိရန်၊ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရန်နှင့် ပြည်သူ အားလုံး လက်တွဲပါဝင် ဆောင်ရွက်ရန်ကိုသာ မျှော်လင့် ပါကြောင်း။

ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် မိမိတို့အကြား သံသယများ ပပျောက်သွားရန် လိုအပ်ပါကြောင်း၊ အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်ရမည်ဖြစ်ကြောင်း အလားတူ ပင် ပြည်သူများအတွင်း ဖြစ်ပေါ်နေသည့် ကြောက်ရွံ့မှုများ ပျောက်ကွယ် သွားအောင်လည်း ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ ဗြိတိသျှကိုလိုနီစနစ်ကို ဆန့်ကျင် တိုက်ခိုက်စဉ်က မိမိတို့အားလုံး လက်တွဲတိုက်ပွဲဝင်ခဲ့ကြပါကြောင်း၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှသာ သံသယများကြောင့် အချင်းချင်း တိုက်ခိုက်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ အစိုးရက နိုင်ငံရေးတံခါးကို ဖွင့်လှစ်လိုက်ပြီဖြစ်သောကြောင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်တော့မည် ဖြစ်ပါကြောင်း။

အပစ်အခတ်ရပ်စဲပြီးပါက တပ်ဖွဲ့ဝင်များ၊ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆက်လက်ဆောင်ရွက်ရန် ရှိပါကြောင်း၊ နိုင်ငံရေး ဆွေးနွေး ပွဲများ ဆောင်ရွက်နေချိန်တွင် တပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ဒေသခံပြည်သူများ၏ စားဝတ်နေရေး ပြည့်စုံအောင် ဆောင်ရွက်ပေးနေရမည်ဖြစ်ရာ ထိုလုပ်ငန်းများအတွက် နိုင်ငံတော် အစိုးရက ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဒုက္ခသည်များအတွက် နိုင်ငံသားစိစစ်ရေး လက်မှတ်များ ရရှိရေး၊ စိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက် မြေလွတ်မြေရိုင်း များ ဖော်ထုတ်ပေးရေးအတွက်လည်း စီစဉ်ပေးစေလိုပါကြောင်း၊ နှစ်ဘက် တပ်ဖွဲ့များအကြား နားလည်မှုလွဲမှား တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ငြိမ်းချမ်းရေး စောင့်ကြည့် အဖွဲ့များ ဖွဲ့စည်းသင့်ပါကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုကို ရရှိစေရန်နှင့် အကြောက်တရားများ ပျောက်ကွယ်သွားရန်အတွက် နှစ်ဖက် ပူးပေါင်းပြီး တွေ့ဆုံရှင်းလင်းမှုများ ပြုလုပ်လိုပါကြောင်း'' ဖြင့် ပြောကြားသည်။

ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည် ရှင်းလင်းဆွေးနွေးပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ ဦးယွက်စစ်နှင့် အဖွဲ့ဝင်များ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ရင်းရင်းနှီးနှီး ထပ်မံနှုတ်ဆက်သည်။

ထို့နောက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးယွက်စစ်နှင့် အဖွဲ့ဝင်များသည် တောင်သူပညာပေး ဧက(၅ဝဝ)စက်မှု လယ်ယာ စံပြစိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှု ကြသည်။

Hmuu Zaw 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here