ဇွန်လ ၂၇ ရက်
တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း)(SSPP/SSA) တို့အကြား နှစ်ဖက်တိုက်ခိုက်မှုများ ယာယီ ရပ်တန့်ထားကြောင်း SSPP/SSA ဝမ့်ဟိုင်း စစ်ဌာနချုပ် အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
ကျေးသီးမြို့နယ် တာဖာဆောင် ကျေးရွာရှိ SSPP/SSA တပ်စခန်းတစ်ခုကို တပ်မတော်က ဇွန်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်ပြီး နောက်ပိုင်း SSPP/SSA တပ်ဖွဲ့များ တာဖာဆောင်စခန်းမှ ဆုတ်ခွာပြီး တိုက်ပွဲများ ယာယီရပ်တန့်ထားခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“အစိုးရတပ်ဘက်က တာဖာဆောင်မှာ အင်အားတွေ ထပ်ဖြည့်တာတော့ တွေ့ရတယ်” ဟု ၎င်းကဆိုသည်။
တပ်မတော်နှင့် SSPP/SSA တပ်တို့အကြား လက်ရှိ ဖြစ်ပွားနေသော နှစ်ဖက် ပဋိပက္ခများ ပိုမိုမကြီးထွား လာစေရေး အတွက် အစိုးရအနေနှင့် တပ်မတော်ကို ထိန်းသိမ်းပေးရန် နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းထံ စာပို့ တောင်းဆိုထားကြောင်း ၎င်းကပြောကြားသည်။
ယင်းသို့ စာပို့ထားသော်လည်း ယခုအချိန်အထိ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။
မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာမင်းဇော်ဦးကမူ ပဋိပက္ခ ဖြေရှင်းနည်းများအရ အောက်ခြေအဆင့်ရှိ နှစ်ဖက် တပ်မှူးများ တွေ့ဆုံညှိနှိုင်း ဖြေရှင်းနည်းဖြင့် ပြေလည်နိုင်ကြောင်း သုံးသပ်ပြောကြားသည်။
နှစ်ဖက်တိုက်ပွဲများကြောင့် ပေါင်းလောင်းကျေးရွာတွင် စစ်ဘေး ရှောင်နေသည့် ဒုက္ခသည်များအနက် စစ်ဘေးရှောင် ဘုန်းတော်ကြီးနှင့် သံဃာတော်များကို ပေါင်းလောင်း ဒေသခံများက ဆွမ်းကပ် သော်လည်း အခြားစစ်ဘေးရှောင် ဒုက္ခသည်များမှာမူ အဆင်ပြေသလို စားသောက် နေရကြောင်း SSPP/SSA ဝမ့်ဟိုင်း စစ်ဌာနချုပ် အရာရှိက ပြောကြားသည်။
ကျေးသီးမြို့နယ် တာဖာဆောင် ကျေးရွာရှိ SSPP/SSA စခန်းတစ်ခုကို အစိုးရစစ်တပ်က စစ်ကြောင်း နှစ်ကြောင်းဖြင့် ဇွန်လ ၂၂ ရက်နေ့တွင် ဝိုင်းလာရာမှ ဇွန်လ ၂၃ ရက်နေ့တွင် နှစ်ဖက် တိုက်ခိုက်မှုများ စတင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့ ထံမှသိရသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးထားသည့် SSPP/SSA တပ်တို့သည် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီး နောက်ပိုင်း တိုက်ပွဲပေါင်း ၄၀ ခန့် တစ်ကျော့ပြန် ဖြစ်ပွားခဲ့ဖူးသည်။
The Voice Weekly