Tuesday, August 27, 2013

အမြန်ဆုံး အားပြန်ဖြည့်ရန် ခရမ်းချဉ်သီးဖျော်ရည် သောက်သင့်

0 comments
 
27.8.2013
သမိန်ဘရမ်း (မော်လမြိုင်)
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြင်းပြင်းထန်ထန် ပြုလုပ်ပြီးချိန်၊ နေ့စဉ် လုပ်ငန်းခွင်တွင် ခန္ဓာကိုယ်  ခွန်အား စိုက်ထုတ်၍
ပင်ပင်ပန်းပန်း လုပ်ကိုင်ရသူများ၊ နေ့စဉ် တစ်နေကုန် သွားလာ လှုပ်ရှားလွန်းသူ ဈေးကွက် ရှာဖွေရေး (Marketing) ဝန်ထမ်းများ အနေဖြင့် အားဖြည့် အချိုရည်များ သောက်သုံးခြင်းထက် ခရမ်းချဉ်သီးမှည့် ဖျော်ရည် သောက်ခြင်းက ကြွက်သား လှုပ်ရှားမှုကြောင့် နွမ်းနယ်မှုများ အတွက်  ကြွက်သားနှင့် သွေးခုန်နှုန်းများကို ပုံမှန် ပြန်ဖြစ်လာနိုင် စေရုံ သာမက ကြွက်သားများ ပြန်လည်အားဖြည့် မှုနှုန်း မြန်ဆန်ပြီး သကြားဓာတ်ကို ပုံမှန် အနေအထားသို့ လျင်မြန်စွာ ပြန်လည် ရရှိစေနိုင် ပါသည်။ အားကစား သမားများ အနေဖြင့် ကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ပြီးချိန် များတွင် ခရမ်းချဉ်သီးမှည့် ဖျော်ရည်များကို ပုံမှန် သောက်သုံးပေးခြင်း အားဖြင့် ဦးနှောက်နှင့် ကြွက်သားများအား ထိခိုက်မှု ဖြစ်စေသည့် အင်ဇိုင်းနှင့် ပရိုတင်း ဓာတ်များကို ပုံမှန် အနေအထားသို့ အမြန် ပြန်လည် ရောက် ရှိစေနိုင်ကြောင်း လေ့လာ တွေ့ရှိမှု အသစ်များ အရ သိရှိရ ပေသည်။
ကူးစက်မှု အမြန်ဆုံး ဖြစ်နေသော ကိုရီးယား ယဉ်ကျေးမှုဟု ပြောနိုင်သည့် ကိုရီးယား ရုပ်ရှင်ကားများတွင်ပင်  ကလေး ငယ်များ၊ မိသားစု နံနက်စောစောစာများတွင် ခရမ်းချဉ်သီးမှည့် ပုံမှန်စားသည့် အလေ့အထကို မိဘများမှ သားသမီးငယ် များအား လေ့ကျင့်ပေးလျက်ရှိကြောင်း တွေ့ရှိနိုင်ပေသည်။ ထို့အပြင် အားဖြည့် အချိုရည်ဟု ထုတ်လုပ် ရောင်း ချနေသော ပစ္စည်းများမှာ ဓာတ်ပေါင်း ထုတ်လုပ်ထားသော ပစ္စည်းများ ဖြစ်သည့် အတွက် သဘာဝ သစ်သီးဝလံ အား ဖျော်ရည်လုပ်၍ သောက်သုံး သကဲ့သို့ အန္တရာယ် ကင်းမှု အားနည်းသလို အားဖြည့် အချိုရည်များ ထဲမှ ဘေးထွက်ဆိုးကျိုး အသံဝင် လည်ချောင်းနာခြင်းတို့ ဖြစ်ပွား နိုင်မှုကိုလည်း သဘာဝ သစ်သီးဖျော်ရည်မှ ကာကွယ် တားဆီးပေးရာ ရောက်ပေသည်။
အနီရောင်ရှိသော ခရမ်းချဉ်သီးတွင် ကိုယ်ခန္ဓာအတွက် အဓိက အရေးပါသော (Lycopene) ဒြပ်ပေါင်းများ ပါဝင်သည်။ ထို့ကြောင့် ခရမ်းချဉ်သီးကို ပုံမှန် စားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ခြင်း၊ အခြား ဗက်တီးရီးယား ပိုးမွှားများကို ကာကွယ် ဟန့်တားနိုင်ခြင်း အကျိုးများ ရရှိ နိုင်ပေသည်။ ခရမ်းချဉ်သီး ဆိုသည်မှာလည်း ဈေးကြီးသည့် သစ်သီးမဟုတ်သလို ဝယ်ယူရန် ခက်ခဲ ရှားပါးသည့် သစ်သီးလည်း မဟုတ်ပေ။ မြန်မာနိုင်ငံ တစ်ဝန်း ပေါများစွာ ထွက်ရှိသော သစ်သီးဝလံ ဖြစ်သကဲ့သို့ မြန်မာလူမျိုးများ အနေဖြင့် ပုံစံမျိုးစုံဖြင့် စားသုံ နေကြသော သီးနှံလည်း ဖြစ်ပေ သည်။ ခရမ်းချဉ်သီး အစိမ်းကို သုပ်စား ကြသည်။ ခရမ်းချဉ်သီး အမှည့်ကို သုပ်စား၊ ဟင်းချက်ရာတွင် ဟင်း အနှစ်အဖြစ် ချက်စား သကဲ့သို့ တို့စရာ အဖြစ်လည်း စားသုံး နေကြသည့်အပြင် ယခု နောက်ပိုင်းတွင် ဖျော်ရည်အဖြစ် သောက်သုံး လာကြသည်ကို နေရာ အနှံ့အပြားတွင် တွေ့ရှိနိုင်ပေသည်။ ခရမ်းချဉ်သီး ဖျော်ရည်အဖြစ် ဖျော်ရည်လုပ် သောက်ရန်မှာ အစေ့စစ်သည့် ဆန်ခါခွက်၊ ကြိတ်စက်၊ ဖျော်စက် စသည်ဖြင့် နိုင်ငံခြားမှ တင်သွင်းလာသော ပစ္စည်းများ ရှိမှသာ ရနိုင်သည်ဟု အထင်မှား နေခြင်း ဖြစ်နိုင်ပေသည်။ ခရမ်းချဉ်သီးကို လက်ဖြင့်ညှစ် ကြေအောင် ခြေကာ ပိတ်စိမ်းပါးဖြင့် စစ်ပြီး ဖျော်သောက်ရန် စိတ်ဝင်စားမှု အားနည်းခြင်းကြောင့် မသောက်ဖြစ်ကြခြင်း ဖြစ်ပေသည်။
ခရမ်းချဉ်သီးကို နဂိုအတိုင်း စားသုံးခြင်း၊ ဟင်းချက်စားခြင်း တို့ကြောင့်လည်း အကျိုးကျေးဇူး များစွာ ရနိုင် ပေသည်။ သို့သော် ခရမ်းချဉ်သီး ဖျော်ရည်သည် လူတို့ကို အကျိုးကျေးဇူးများစွာ ရရှိ စေနိုင်သကဲ့သို့ အဝ လွန်သူများ  ပရိုတင်းဓာတ် လွန်ကဲသူများ အတွက်လည်း ခရမ်းချဉ်သီး ဖျော်ရည်ကို နေ့စဉ် သောက်သုံးပေး ခြင်းဖြင့် နှစ်လအတွင်း အကျိုးထူးများ ရရှိနိုင်ပါကြောင်း ရေးသား လိုက်ရပါသည်။     ။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here