သာဓုကန် စက်မှုဇုန်ရှိ အပြန်အလှန်
အမှုဖွင့်ထားသော လယ်မြေများတွင် နေထိုင်နေသော လယ်သမားများကို ဇူလိုင်လ
အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန် မြေလွတ်မြေရိုင်း မိုးစပါး စီမံကိန်းဝင် လယ်မြေများကို သိမ်းဆည်းထားသော ကေတုမတီ ကုမ္ပဏီနှင့် မူလလုပ်ကိုင် လယ်သမားများ အပြန်အလှန် အမှုဖွင့်ထားပြီး လယ်သမားများဘက်မှ သက်သေများအား စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း သြဂုတ် ၁၆ ရက် က အဆိုပါ လယ်သမားများထံမှ သိရသည်။
ကေတုမတီ ကုမ္ပဏီသည် ယင်းလယ်သမားများကို ပိုင်နက်ကျူးကျော် မှုဖြင့် လှော်ကားမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားပြီး လယ်သမားများ ဘက်ကလည်း ၀င်ပေါက် ထွက်ပေါက် ပိတ်ဆို့မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် အပြန်အလှန် အမှုဖွင့်ထားကြောင်း သိရသည်။''သူတို့ အမှုဖွင့် ထား သလို ကျွန်မတို့လည်း အမှုဖွင့် ထားပါတယ်။ ရဲစခန်းမှာ အမှုကိုစပြီး ကိုင်တွယ်နေပါပြီ။ ကျွန်မတို့ဘက်က သက်သေ အထောက်အထားတွေကို စတင်စစ်နေတုန်းပါ။ စိုက်လက်စ ပျိုးခင်းတွေ ရှေ့ကကြဲ၊ နောက် ကသဲနဲ့ မောင်းသွင်းတာတို့၊ ရေနက်ပိုင်းကတော့ ရေသွင်းပေါက် ထုတ်ပေါက်တွေ ပိတ်ထားတော့ ရေတွေအကုန် ပြည့်သွားပါပြီ'' ဟု အမှုဖွင့်ခံ ထားရသော လယ်သမား ဦးသိန်းလွင်၏ သမီးဖြစ်သူ မသင်းသင်းအေးက ပြောကြားသည်။
ကေတုမတီ ကုမ္ပဏီမှ လက်ထောက် မန်နေဂျာ ဦးဥာဏ်ဝင်းသည် မြို့ရွာနှင့် အိုးအိမ်ဖွ့ဖြိုးရေး ဦးစီးဌာန၏ စက်မှုဇုန်မြေကွက် များ ဖော်ထုတ်ရောင်းချရာတွင် ရွှေပြည်သာမြို့နယ်၊ ကျောက်ကုန်းရပ်ကွက်၊ သာဓုကန် စက်မှုဇုန်၊ မြေတိုင်းအမှတ် (၅၀)၊ မြေကွက် အမှတ်(၃၅/၃၆/၃၇/၃၈) တို့ကို ၂၀၀၉ ခုနှစ် မတ် ၆ ရက်က ၀ယ်ယူခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် စက်ရုံတည်ဆောက်ရန် သွားရောက်သောအခါ ယင်းမြေကွက်များတွင် ဦးသိန်းလွင်၊ ဒေါ်လှ၊ ဦးဝင်းဇော်၊ ဦးစိန်မြင့်အောင်၊ မသိန်းသိန်းအေး (စုံစမ်းဆဲ)တို့ ငါးဦးသည် စပါးစိုက်ပျိုးခြင်း၊ အိမ်ဆောက်ခြင်းတို့ ပြုလုပ်နေသည်ကို ဖယ်ရှားရန် ပြောသော်လည်း ဖယ်ရှားခြင်း မရှိသဖြင့် ပြစ်မှုပုဒ်မ-၄၄၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သာဓုကန် စက်မှုဇုန် ၁၊ ၂ တွင် မြေလွတ်မြေရိုင်း မိုးစပါး စီမံကိန်းဖြင့် ၂၀၀၇ ခုနှစ်မှ စတင်ပြီး လယ်လုပ်ကိုင်နေသော လယ်သမားတို့၏ လယ်ဧက ၅၀ ကို ကေတုမတီ ကုမ္ပဏီမှ လန ၃၉ ကျသည်ဟု ဆိုကာ အဆိုပါ လယ်မြေများကို ၀င်ရောက် သိမ်းဆည်းလျက် ရှိရာမှ နောက်ပိုင်းတွင် လယ်မြေများကို သဲဖို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။
၂၀၁၂ ခုနှစ်တွင် အုတ်စည်းရိုးတန်းများ ကာရံခြင်း၊ ရေသွင်း ရေနုတ်မြောင်း များ ပိတ်ဆို့ခြင်း၊ ထွန်ယက်ရန် ပစ္စည်းများ ၀င်ထွက်သွားလာသည့် လမ်းကြောင်းများကို ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် လယ်သမားများက ယခုကဲ့သို့ အမှုဖွင့်ရင်ဆိုင် နေရခြင်းကြောင့် မိမိတို့ အနေဖြင့် ဥပဒေ လမ်းကြောင်းအတိုင်း အဆုံးထိ ရင်ဆိုင်သွားမည်ဖြစ်ပြီး တရားဥပဒေ၏ ဆုံးဖြတ်ချက်အတိုင်း ခံယူသွားမည် ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
အဆိုပါ အမှုကို ကိုင်တွယ်နေသော လှော်ကား ရဲစခန်းမှ ဒုရဲအုပ်စိမ်းလန်းက ''ကုမ္ပဏီဘက်က လယ်သမားတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ ဖွင့်ထားသလို လယ်သမား တွေကလည်း အကျိုးဖျက်ဆီးမှု၊ ပိတ်ဆို့မှုတွေနဲ့ ပြန်ဖွင့်ထားပါတယ်။ စစ်ဆေးမှုတွေပြီးရင် ရွှေပြည်သာ မြို့နယ်တရားရုံးမှာ စွဲဆိုတင်ပို့ သွားပါမယ်'' ဟု ပြောကြားသည်။
Eleven Media Group