သြဂုတ်လ(၈)ရက်

ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘော်လီဘော အသင်းသည် သြစတြေးလျ
ကလပ်အသင်း တစ်သင်း ဖြစ်သည့် Norwood အမျိုးသမီး ကလပ်အသင်းနှင့်
ရန်ကုန်မြို့တော်ရှိ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင်
စက်တင်ဘာ ၃၀နှင့် အောက်တိုဘာ ၁ ရက်နေ့ တို့တွင် လက်ရည်စမ်း ကစားမည်
ဖြစ်ကြောင်း မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘော်လီဘော နည်းပြချုပ်
ဦးသိန်းဆွေက ပြောကြား သည်။
မြန်မာအသင်းသည် SEA Games ပြိုင်ပွဲအတွက် ရန်ကုန်မြို့တွင် စခန်းသွင်း လေ့ကျင့်နေသည့် ပဏာမ မြန်မာ့လက်ရွေးစင် ကစားသမား ၁၈ ဦးနှင့် လက်ရည်စမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင် ကစားမည်ဟု ၎င်းက ဆိုသည်။
ယခုပွဲပြီးလျှင် ထိုင်း အမျိုးသမီး ဘော်လီဘော အသင်းနှင့်လည်း လက်ရည် စမ်းပွဲ ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း Norwood ကလပ်အသင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
မြန်မာ အမျိုးသမီး ဘော်လီဘော အသင်းသည် အာရှအဆင့် သတ်မှတ်ချက် ရရေးနှင့် SEA Games ပြိုင်ပွဲ အကြို ပြင်ဆင်သည့် အနေနှင့် စက်တင်ဘာ ၁၃ ရက်မှ ၂၁ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာရှ အမျိုးသမီး ဘော်လီဘော ချန်ပီယံရှစ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ် သည်။

The Voice Weekly