Tuesday, September 17, 2013

သတိထားရမယ့် သွေးအားနည်း ပြဿနာ

0 comments
သွေးဟာ ခန္ဓာကိုယ် အလေးချိန်ရဲ့ ၇ မှ ၈ ရာခိုင်နှုန်း နီးပါးမျှ နေရာ ယူထားပါတယ်။ ဒီလို လည်ပတ် စီးဆင်းနေတဲ့ သွေးတွင်းမှာ ပါဝင် ပစ္စည်းတွေ ဟာလည်း အချိုးအ စားလိုက် တည်ရှိနေကြပါတယ်။ ပါဝင်ပစ္စည်းတွေ အနက် သွေးနီဥ တွင်းက ဟေမိုကလိုဘင်ဟာ သွေးအားကောင်း ခြင်းနည်းခြင်းကို ဖြစ်ပေါ်စေတဲ့ အရာပါပဲ။ ဘယ်လို အခြေအနေမှာ သွေးအားနည်းနေသလဲ ဆိုတာ နဲ့ ဒီလို သွေးအားနည်းမှုကို ကာကွယ်ဖို့ အတွက် ဘာတွေ လိုအပ်သလဲ ဆိုတာကိုတော့ ရတီ ပရိသတ်များ အတွက် ဒေါက်တာ ခင်သန္တာအေးနဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ သွေးအားနည်းခြင်း ဆိုတာဘာလဲ လို့သိချင်ပါတယ်။ Blood pressuer နည်းတာနဲ့ သွေးအားနည်းခြင်း တူမ တူဆိုတာကိုလည်း ရှင်းပြပေးစေ ချင်ပါတယ်။

သွေးအားနည်းခြင်းဆိုတာ အင်္ဂလိပ်လိုတော့ anemia လို့ခေါ်တာပေါ့။ ခန္ဓာကိုယ်ထဲကသွေး ထဲမှာရှိတဲ့ RBC (သွေးနီဥလို့ခေါ်တာပေါ့) သူ့ထဲ မှာရှိတဲ့ ဟေမိုဂလိုဘင်နည်းသွားတာကိုသွေး အားနည်းတယ်လို့ မြန်မာလိုခေါ်တာပေါ့။ အဲဒီ တော့ သွေးအားနည်းတယ်ဆိုတာ ဟေမိုဂလိုဘင် ဓာတ်နည်း တာ။ ဟေမိုဂလိုဘင်သည် ယောက်ျား မိန်းမမူတည်ပြီးတော့မှ သတ်မှတ်စံချိန် ကွဲပြားမှု ရှိတယ်။ ဥပမာ ယောက်ျားလေး တစ်ယောက်မှာ ဆိုရင် သူ့ရဲ့ ဟေမိုဂလိုဘင် level က 13 to 15 gram percent ရှိရမယ်။ မိန်းကလေးတစ်ယောကမှာဆိုရင် ၁၁ အသ ၁၃ ရှိရမယ်။ အဲဒီသတ်မှတ်ထားတဲ့ စံချိန်စံနှုန်း ထက်နည်းတယ်ဆိုရင် သွေးအားနည်းတယ်လို့ သတ်မှတ်တာ။ ခုနက မေးတဲ့ Blood pressure နည်းတာနဲ့ သွေးအားနည်းတာ မတူဘူး။ Blood pressure သွေးပေါင် ချိန်တာကိုခေါ်တာ။ သွေး ပေါင်ချိန် တယ်ဆိုတာ သွေးကြောထဲမှာရှိတဲ့ ဖိအားကိုတိုင်းတာ။ ပုံမှန် လူဆို ၁၂ဝ-၈ဝရှိရမယ်။

သူ့ထက်နည်းသွား ရင် Blood pressure နည်းနေပြီ။ ၁၂ဝ-၈ဝ ထက် များသွားရင် သွေး တိုးရှိတယ်စသဖြင့်ပေါ့။ ဆိုတော့ ဒီသွေးအားနည်း တာနဲ့ ဒီ Blood pressure သည်လုံးဝမတူ ပါ ဘူး။ ဒါကိုတော့ လူထုကို ကွဲကွဲပြားပြား နားလည်စေချင်ပါတယ်။ မဟုတ်ရင် လူတွေက သွေးပေါင်ကျ တယ်ဆိုရင် သွေးအားနည်း တယ်လို့ ပြောကြတယ်။သွေးအားနည်းတယ်ဆိုတာ anemia ဖြစ်တာ။ ဒီနှစ်ခုက လုံးဝမတူဘူး။ ဘာမှမဆိုင်ပါဘူး။ anemia ဖြစ်တဲ့လူတစ် ယောက်မှာ သွေးပေါင်က ကျချင်မှကျနေမယ်။သွေးပေါင်တက်ပြီးတော့ anemia လည်းဖြစ်ချင် ဖြစ်နေနိုင်တယ်။ ဥပမာ ကျောက်ကပ်ပျက်စီးနေ တဲ့လူနာသည် သွေးပေါင်လည်းတက်နေမယ်။ anemia လို့ခေါ်တဲ့ သွေးအားလည်းကျချင်ကျနေမယ်။ ဒါမျိုးပေါ့။

သွေးအားနည်းခြင်းတွေမှာ နာတာရှည်၊ မျိုးရိုးလိုက်မှု စတာတွေရောရှိတတ်ပါသလား။

ဒီသွေးအားနည်းခြင်းမှာ နာတာရှည်တာ၊ မျိုးရိုးလိုက်တာတွေ ရှိပါတယ်။ မွေးရာပါ သွေး အားနည်းရောဂါ တွေရှိတယ်။ အဲဒါတွေက မျိုးရိုး လိုက်လိုက်တာပေါ့။ ဘယ်လိုဟာတွေလဲဆိုရင် ဥပမာ ဆရာမတို့ မြန်မာပြည်မှာ အဖြစ်အများ ဆုံးက သာလာဆီးမီးယား (Thalassemia)။ နောက်တစ်ခု Haemoglobin E disease။ အဲဒါ က သာမန်လူမှာ ဆိုရင်ဟေမိုဂလိုဘင် A တို့ A2 တို့ပဲရှိရမယ်။ သူက A တို့ A2 တို့မရှိဘဲ E ဖြစ်သွားတာ။ အဲဒါက မွေးရာပါမျိုးရိုး လိုက်တဲ့ E disease ရောဂါပေါ့။ နောက်တစ်ခုက G6PD deficiency ဆိုတာ။ဒါကလည်းပဲ မျိုးရိုး လိုက်တယ်။ သူက ယောက်ျားလေးတွေမှာ ဖြစ်တတ်ပြီး မိန်းကလေးတွေမှာ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ဒါကယောက်ျားလေးရဲ့gene ဖြစ်တဲ့ Y gene နဲ့မဆက်သွယ်ဘဲနဲ့ X linked gene နဲ့ဆက်သွယ်တယ်။ ယောက်ျား လေးတွေမှာ X က တစ်လုံးပဲပါတဲ့အခါကျတော့ သူတို့မှာ ဖြစ် တယ်။ ယောက်ျားလေးတွေမှာက XY ကိုး။မိန်းကလေးတွေမှာက XX gene ဆိုတဲ့အခါကျ တော့ မိန်းကလေးတွေမှာမဖြစ်ဘူး။ ဒီ G6PD deficiency ဖြစ်တဲ့ သွေးနီဥတွေက ဒဏ်မခံနိုင် တတ်ဘူး။ ပဋိဇီဝ ပိုးသတ်ဆေးတွေသောက်တဲ့ အခါမျိုးမှာ မတည့်ရင်ဒဏ်မခံနိုင်ဘူး။ ဒီ သွေးနီ ဥတွေ ကပေါက်ကွဲပျက်စီးသွားပြီး လူနာက ချက် ချင်းဖွေးဆုတ်သွားတတ်ပြီးသွေးအားနည်းပြီး jaundice ဖြစ်သွားပြီးမျက်စိတွေဝါလာ တတ်တယ်။ နောက်တစ်ခုက နာတာရှည်မှာ ကျတော့ နာတာရှည်ဝေဒနာ တွေခံစားရတဲ့သူတွေက သွေးအားနည်းတတ်တယ်။ ဥပမာ နာတာ ရှည်ကျောက်ကပ်ရောဂါ ခံစားရတဲ့သူတွေမှာ သွေး အားနည်းမှာပဲ။ သူကကျောက်ကပ်တွေ ပျက်စီး သွားတာပေါ့လေ။ chronic kidney disease လို့ကျောက်ကပ် ဆရာဝန်တွေခေါ်တာပေါ့။ အဲဒီကျောက်ကပ်မှာ အေသရိုပွုင်တင်(erythro-poietin) ဆိုတဲ့ ဟော်မုန်းဓာတ်က သူရှိ မှ ခြင်ဆီ က အလုပ်လုပ်တာ။ အဲဒီအခါကျတော့ သူကမှခြင်ဆီအလုပ်လုပ်ဖို့ဓာတ်ကို ထုတ်မပေး ဘူးဆိုရင် ခြင်ဆီကအလုပ်မလုပ်ဘဲ သွေးအား ကနည်းသွား တယ်။ ဒါကြောင့် နာတာရှည် ကျောက်ကပ်ပျက်စီး တဲ့သူမှာ နာတာရှည်သွေးအားနည်းရောဂါ ဖြစ်သွားတတ်တယ်။ နောက် တစ်ခါ မိန်းကလေး တွေမှာအဖြစ်များတဲ့ SLE ဆိုတဲ့ နာတာရှည် ရောဂါမှာအဖြစ်များတယ်။ (ယောက်ျားလေး တွေမှာ အင်မတန်အဖြစ်နည်းပါ တယ်)သူ့ ရောဂါ ကိုယ်၌က ခြင်ဆီကိုခန်းစေတယ်။သွေးနီဥကိုပေါက်ကွဲ ပျက်စီးစေတဲ့ (AIHA)Autoimmune Haemolytic Anaemia ကို လည်းဖြစ်စေတယ်။နာတာရှည် SLE ခံစားနေရ တဲ့ မိန်းကလေး တစ်ယောက်မှာလည်း နာတာရှည် သွေးအား နည်းမှုကို ခံစားရတတ်တယ်။

အမျိုးသားနဲ့ အမျိုးသမီး ခွဲခြားဖြစ်တတ်တဲ့ သွေးအားနည်းမှုပြဿနာရှိပါသလား။ သွေးယို၊ သွေးထွက်မှုများရင်လည်း သွေးအားနည်းဖြစ် တတ်တယ်လို့ သိရပါတယ်။ ဒါဆိုရင် လစဉ်ဓမ္မတာလာတဲ့အတွက် အမျိုးသမီးတွေဟာ အမျိုး သားတွေထက်ပိုလို့ သွေးအားနည်းမှု ဝေဒနာကို ပိုရင်ဆိုင်ရတယ်လို့ မဆိုနိုင်ဘူးလားဆိုတာ သိချင်ပါတယ်။

ဆရာမတို့ ကမ္ဘာကြီးတစ်ခုလုံးမှာ ခြုံကြည့် မယ်ဆိုရင် သံဓာတ်ချွတ်ယွင်းလို့သွေးအားနည်းတဲ့ရောဂါဆိုတာ ကမ္ဘာမှာရော မြန်မာမှာပါရော most command တွေပါပဲ။ အဖြစ်အများဆုံး ဖြစ်တဲ့ သွေးအားနည်းမှုပဲ။ သူက အများဆုံးပဲ။ Iron Deficieny Anemia ပေါ့။ အဲဒါက မိန်းမနဲ့ယောက်ျားမှာယှဉ်ကြည့်ရင် အမျိုးသမီးတွေမှာ အဖြစ်များတယ်။ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေက လစဉ်ဓမ္မတာလာတဲ့အခါမှာ သူ့ရဲ့ ခန္ဓာကိုယ်က သွေးထွက်သွားတယ်။ အဲဒီ အခါမှာ သွေးအားက နည်းနည်းသွားမှာပဲ။ နောက်တစ်ခုအမျိုးသမီးတွေက မီးဖွားရတယ်။ ကလေးတွေမီးဖွားရတဲ့အခါမှာ သွေးတွေ အများ ကြီးထွက်တယ်။ အဲဒီအခါ သံဓာတ်ချွတ်ယွင်းပြီး သွေးအားနည်းရောဂါရဖို့ပိုပြီးနှုန်းထားများတယ်။ နောက်တစ်ခုကလည်းပဲ အမျိုးသမီးတွေမှာ မိသားစုဝင်တွေ များလာတဲ့အခါမှာ နေ့စဉ်စား တဲ့ အစားအစာအာဟာရက သွေးပြန်ဖြစ်ဖို့၊ဟေမိုဂလိုဘင်ပြန်ဖြစ်ဖို့ နည်းနည်းသွားတယ်။ ဆိုလိုတာက မြန်မာအမျိုးသမီးတွေမှာ အိမ်ဦး နတ်ဖြစ်တဲ့ သူ့ယောက်ျားအတွက်၊ သူ့ ကလေးတွေ အတွက် စသည်ဖြင့်ဦးစားပေးလိုက် ရပြီး သူက လျှော့စားတဲ့အခါ၊ အသားအစား အရိုးကိုစား တဲ့အခါမှာ အာဟာရဟာ ချို့ယွင်းလာတယ်။ သွေးအားကောင်းဖို့ဆိုရင် အသားစားဖို့ လိုအပ် တယ်။ first class protein ကိုရဖို့ဆိုရင် အသား စားဖို့၊ ခြေလေးချောင်းသားစားဖို့လိုအပ်တယ်။ အရိုးတွေစားပြီး၊ ဟင်းသီးဟင်းရွက် တွေစားပြီး သွေးအားက မကောင်းနိုင်ဘူး။ ဒါကြောင့်အမျိုး သမီးနဲ့ အမျိုးသားမှာဆိုရင် မြန်မာလူထုထဲ ကြည့် မယ်ဆိုရင် အမျိုးသမီးတွေမှာ သွေးအားနည်းဖို့ ပိုများတယ် လို့ပြောရမှာပေါ့။

သွေးလှူတဲ့သူတွေမှာရော သွေးတွင်းပါဝင်ဓာတ်တွေကုန်ဆုံးသွားတဲ့အတွက် သွေးအားနည်း မှုကို ခံစားရနိုင်ပါသလား။

ဒီမေးခွန်းကတော့ တော်တော်စိတ်ဝင်စား ဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဆရာမတို့ သွေးလှူရှင်တစ်ယောက်ကို သတ်မှတ်ထားတဲ့ criteria တွေရှိတယ်။ သူများကိုသွေးလှူမယ် ဆိုရင် သူ့သွေးကတစ်ဆင့် တခြားလူကို ကူးစက် သွားမယ့် ပိုးတွေ(ဥပမာ ဘီပိုးတွေ၊ စီပိုးတွေ၊ အေ့ဒ်စ်ပိုးတွေ၊ ကာလသားရောဂါပိုးတွေ၊ ငှက် ဖျားပိုးတွေ)ရှိမရှိစစ်ဆေးတဲ့အပြင် သူကိုယ် တိုင် ကရော သွေးအားနည်းရောဂါ ခံစားနေရသလား။ သူ့သွေးအား ကောင်းရဲ့လား၊ သူ့မှာ ဟေမိုဂလိုဘင် ရှိရမယ့် percentage တွေဖောက် စစ်ကြည့်တယ်။ နောက် Blood pressure ရောကောင်းရဲ့လား၊ အဲဒါတွေကို စစ်ဆေးတယ်။ အဲဒါတွေအားလုံး ကောင်း တယ်ဆိုမှ သွေးလှူလို့ရတာ။ သွေးအားကောင်းနေတဲ့လူတစ်ယောက်က သွေး တစ်အိတ် ထုတ်လှူလိုက်လို့ သူ့ရဲ့သွေးအားက ကုန်မသွား ဘူး။ ဘာလို့လဲဆိုတော့ ခြင်ဆီက ပြန်ဖြည့် ပေးတယ်။ ပြဿနာမရှိဘူး။ သွေးကခန္ဓာကိုယ် တစ်ခုလုံးမှာ 6 litre ရှိတယ်လေ။ လှူလိုက်တာက 0.5 litre ပဲလေ။ ဆိုတော့ သွေးအားနည်းရောဂါ မခံစားရနိုင်ပါဘူး။ သွေး လှူတဲ့ လူတစ်ယောက်ဟာ နောက်တစ်ခါလှူဖို့တော့ အနည်းဆုံး သုံးလခြား ရမယ်။ တကယ်လို့ သူ့သွေးမှ မဖြစ်မနေ လိုအပ် တယ်ဆိုရင် တစ်လပြည့်ရင် ပြန်လှူလို့ ရပေမယ့် ဒါက သိပ်မကောင်း ဘူး။ ဒါပေမဲ့ သွေးလှူတဲ့လူ တစ်ယောက်က သွေးထွက်စရာ တစ်ခုခု ပြန်ဖြစ် သွားတယ်ဆိုရင် (ဥပမာ ကားတိုက်မှု မတော်တဆ ဖြစ်သွားတယ် ဆိုရင်ပေါ့) သူ့ကို သွေးပြန်သွင်းပေး ရတော့မှာပေါ့။

တချို့ဆေးဝါးတွေကြောင့်ဖြစ်ရတဲ့ သွေး အားနည်းခြင်းတွေလည်းရှိတယ်လို့ ကြားဖူးပါ တယ်။ အဲဒါမျိုး ဖြစ်တတ် မဖြစ်တတ်ဆိုတာမျိုးကိုလည်းရှင်းပြပေးစေချင်ပါတယ်။

ဟုတ်ပါတယ်။ ဒီခေတ်ကြီးမှာ တော် တော်များများဟာ ပဋိဇီဝဆေးဝါးတွေကို အလွယ် တကူ သောက် သုံးကြတယ်။ (ပိုးသတ် ဆေးတွေ ပေါ့လေ) နည်းနည်းလေးဖျားတာနဲ့လည်းသောက်တာပဲ။ နှာစေး ချောင်းဆိုးလည်း ပိုးသတ် ဆေး သောက်လိုက်ကြတာပဲ။ နည်းနည်းလေး ဖျားလည်းသောက်လိုက်ကြတာပဲ။ အရင်က လူ တွေကတော့ ဆေးသောက်ဖို့ကိုဝန်လေးတတ် ကြပေမယ့် အခုခေတ်ကတော့ ခေတ်မီတိုးတက် လာတာနဲ့အမျှ အနောက်တိုင်းဆေးဝါးတွေကို လည်း အားကိုးလာတာနဲ့အမျှ ဆေးတွေကို အလွယ်တကူသောက်တတ်ကြတယ်။ ဒီတော့ ခုနကပြောတဲ့ ပြဿနာဟာ လူတိုင်းတော့ ဖြစ်ချင်မှဖြစ်မယ်။ တချို့ဆေးဝါးတွေမှာ လူတိုင်း အတွက် မဖြစ်ပေမဲ့ တချို့လူတွေမှာ drugsidosyncrasy ဖြစ်သွားတယ်။ ဒီဆေးက သူ့ကျမှ ဖြစ်သွားတာ။ ဥပမာ ဘယ်လိုဆေးမျိုးလဲဆိုတော့ Chloramphe Nicol တို့လို ဆေးမျိုးတွေမှာ ဖြစ်တယ်။ ဆရာဝန်တော်တော်များများလည်း ဒီဆေးကို သုံးကြပါတယ်။ ဒီဆေးကို ဖျားနာ ရင်လည်းတိုက်တယ်။ အထက်လှန်အောက်လျှော၊ ဝမ်းလျှောရင်လည်း တိုက်တယ်။ တိုက်ဖိုက်ဖြစ်ရင်လည်းတိုက်ကို တိုက်ရမှာပဲလေ။ အဲဒီဆေးက ဒီလူနာကျမှ ခြင်ဆီကို သွားထိတယ်။ ခြင်ဆီကို အလုပ်မလုပ်တော့ အောင်သွားတားလိုက်တယ်။ ခြင်ဆီ အလုပ်မလုပ်တော့ဘဲသွေးနီဥပါမက သွေးဖြူဥတွေရော၊ သွေးချပ်ပြားတွေရော အကုန်လုံးခြင်ဆီက ထွက်တဲ့ပစ္စည်းတွေကိုထိ သွားနိုင်တာကိုတွေ့ရတယ်။ ဒါပေမဲ့ ဒီပဋိဇီဝ ဆေးဝါး တွေကိုသုံးတဲ့အခါမှာအရှေ့မှာပြောခဲ့တဲ့ G6PD dificiency ဆိုတဲ့ မျိုးရိုးလိုက်တဲ့ရောဂါရှိတဲ့ လူနာကိုများ ခုန Chloramphe Nicol တွေ၊ ဆာလ်ဖာပါတဲ့ဆေးတွေ၊ အကိုက်အခဲပျောက် ဆေးတွေ၊ငှက်ဖျားဖြတ်ဆေးတွေ သုံးမိလို့ ကတော့ ဒီလူနာဟာ လုံးဝ နာလန်မထူနိုင်ဘူး ဖြစ်သွားတတ်တယ်။ ဟေမို ဂလိုဘင် ၃ တို့ ၄တို့ ထိ အောက်ကျသွားပြီးတော့ အရမ်းသွေးအားနည်းသွားပြီးတော့ တော်တော်ကို ကုယူရမယ်။ ဒါ တွေတော့ သတိထားရမယ်။ ဆိုတော့ လူနာမှာ ဘာရောဂါအခြေခံရှိလဲ ဆိုတာကို မေးပြီးတော့မှ ဆေးတွေကို သုံးရမယ်။ မဟုတ်ရင်မသိနိုင်ဘူး လေ။

သွေးအားနည်းခြင်း လက္ခဏာရပ်တွေကို လည်း ပြောပြပေးစေချင်ပါတယ်။

ဒီမှာပြန်ကြည့်မယ်ဆိုရင် လူ့ခန္ဓာကိုယ်မှာ သွေးမရှိတဲ့နေရာရယ်လို့ လုံးဝမရှိဘူး။ သွေးရှိမှ လည်း အသက်ရှင်မှာကိုး နော်။ မော်တော်ကားက ဓာတ်ဆီနဲ့သွားနေ သလိုမျိုးပဲလေ။ အဲဒီတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အတွင်းကလီစာတွေ အကုန်လုံးကို ပံ့ပိုးနေတာဆိုတော့ သူမရှိရင် ဘယ်လိုမှအသက်ရှင်လို့မရတော့ဘူး။ တစ်ခုချင်း ပြောရရင် ခေါင်း၊ဦးနှောက်၊ ဒီဦးနှောက်ထဲမှာ သွေးကောင်းကောင်းမသွားတော့ဘူးဆိုရင် ခေါင်းမူးတယ်၊ ခေါင်းအုံတယ်၊ ခေါင်းကိုက်တယ်။ ထုံထိုင်းပြီးတော့ အိပ်ချင်သလိုဖြစ်တယ်။ နားထဲကလေထွက်တယ်။ မျက်လုံးတွေပြာတယ်။ အဲဒါ တွေအကုန်ဖြစ်တော့တာပဲ။ သွေးအားနည်းတဲ့ လူတစ်ယောက်က သွားလာလှုပ်ရှားမှုက နှေးကွေး လေးလံပြီးတော့သာမန်လိုသွက်သွက်လက်လက် မလျှောက်နိုင်တော့ဘူး။ အဲဒီလိုပဲ နှလုံးကို သွား တဲ့သွေးက အားနည်းသွားလို့ရှိရင် နှလုံးက အလုပ်မလုပ်တော့ဘူး။ ခန္ဓာကိုယ်မှာ သွေးအားနည်းသွားရင် ခန္ဓာကိုယ်မှာ သွေးပြန် ဖြည့်ရမယ် ဖြစ်တဲ့ အတွက်ကြောင့် နှလုံးက ပိုအလုပ်လုပ် ရတော့ နှလုံးခုန်နှုန်းတွေ မြန်လာတယ်။ သွေး အားနည်းတဲ့လူတစ်ယောက်ကိုမေးကြည့်ရင် သူ တို့က ရင်တုန်တယ်လို့ ပြောတယ်။ သူတို့မှာ နှလုံး ခုန်နှုန်း ကမြန်တယ်။ ဒီ့ထက်ပိုဆိုးရင် နှလုံးက chest pain လို့ခေါ်တဲ့ ရင်ဘတ်အောင့်တာတွေ ဖြစ်တယ်။မသိရင် နှလုံးသွေးကြောကျဉ်းလို့ ဖြစ် တယ်လို့ ထင်ရတယ်။ တကယ်တော့ တကယ် နှလုံးသွေးကြော ကျဉ်းနေတာ မဟုတ်ဘူး။ သွေး အားနည်းလို့ နှလုံးကခံစားနေရတာ။ ဒီ့ထက်ပိုဆိုးပြီးအရမ်း သွေးအားနည်းလို့ရှိရင် Anemic Heart Failure လို့ခေါ်တဲ့ ဝေဒနာကိုခံစားရတယ်။ လူနာက ညဘက်တွေမအိပ်နိုင်ဘဲ ထထိုင်နေရ တာမျိုးတွေထိ ဖြစ်တတ်တယ်။လှဲအိပ်လိုက်ရင် ပိုမောတယ်။ နှလုံးကအလုပ်မလုပ်တော့ဘဲ အဆုတ်ထဲမှာသွေး တွေလျှံပြီးတော့ ချောင်း ဆိုးတယ်။ ဒီ့ထက်ပိုဆိုးရင် ချောင်းဆိုးတဲ့အခါ သွေးတွေပါလာတယ်။ဒါ့အပြင် ကိုယ်ခံအားနည်း သွားတဲ့အတွက် တခြား ရောဂါတွေ ပါဝင်နိုင်တာ ပေါ့။ ဒါကြောင့် သွေးအားနည်းတဲ့ သူတွေဟာ မကြာခဏဖျားတတ်ကြ တယ်။ သာမန်လူတွေလိုမဟုတ်ဘဲ မကြာခဏ နှာစေးချောင်းဆိုးဖြစ် တတ်တယ်။ တစ်ခါတလေမှာ ဘာရောဂါမှ ဝင်လို့ မဟုတ်ဘဲ သူ့ကြောင့်လည်း အဖျားတက်တတ် တယ်။ ဒါ့အပြင် အစာအိမ်အူလမ်းကြောင်းက သွေးအားနည်းတဲ့ အခါကျရင် အလုပ်မလုပ်တတ် ဘူး။ ဒီတော့ အစာမကြေဘူး၊ ပျို့ချင် အန်ချင် တယ်၊ အစားမစားချင်ဘူး။ ဘယ်လိုမှ အစာက မချက်တော့ဘူး။ဆိုတော့ အစာအိတ်ရောဂါ ဖြစ်နေတယ်ဆိုပြီး အစာအိမ်အူလမ်းကြောင်း ဆရာဝန်တွေဆီကို သွားပြတတ်ကြတယ်။ အဲဒီ တော့ သူ့ရဲ့လက္ခဏာတွေက အများကြီးပဲ။ လူနာ ကဘာဖြစ်မှန်းမသိတော့ နှလုံးအောင့် တယ် ထင်ပြီး နှလုံးဆရာဝန်ကို သွားပြ တတ်ကြတယ်။ ဒါကိုသိနေဖို့ ကိုယ့်ကိုယ်ကိုယ် သတိထားရမယ်။ ဘယ်လို ကြည့်ထားရမလဲဆိုတော့လက်သည်း တွေ၊ မျက်ခမ်းအောက်တွေ၊ နောက် လက်ဖဝါးတွေ ကိုဖြူနေပြီလားဆိုတာ ကြည့်နေရမှာပေါ့။ နောက် သွေးအားနည်းမယ့် အခြေခံရှိသူတွေ၊ ဥပမာ လိပ်ခေါင်းသမားကလိပ်ခေါင်းသွေးကျရင် သွေး အားနည်းမှာပေါ့။ နောက် အမျိုးသမီးလေးတွေ ဓမ္မတာ အရမ်းဆင်း လို့ရှိရင်လည်း သွေးအား နည်းမှာပေါ့။ တချို့က တစ်လမှာ နှစ်ခါ သုံးခါလာတဲ့သူတွေရှိတယ်။ တစ်ခါလာရင် ငါးရက် ခြောက်ရက် ခုနစ်ရက်ထိလာတဲ့သူ အတုံးအခဲ ကြီးတွေအများကြီးဆင်းတဲ့ သူတွေ၊ ဒါမျိုးတွေ ဆိုရင်တော့ သူတို့က သတိထားရမှာပေါ့။နောက် နာတာရှည်သွေး လေးဖက်နာ လို့ခေါ်တဲ့ Rheumatoid Arthritis ဖြစ်နေရင် pain killer လို့ခေါ်တဲ့ နာကျင်ကိုက်ခဲ ပျောက်ဆေးတွေကို အကြာကြီးသောက်ရတယ်၊အဲဒီအခါကျရင် အစာအိမ်က သွေးယိုတတ်တယ်။ ဒီလိုဆိုရင်သူတို့ တွေကလည်း သွေးအားနည်းမှာပေါ့။

သွေးအားနည်းရောဂါမှာရော နောက်ဆက် တွဲရောဂါတွေရှိတတ်ပါသလား။

ရှိတယ်။ အများကြီးပဲ။ ဘာတွေလဲဆိုတော့ လူနာသည် နှလုံးရောဂါရတတ်တယ်။ နာတာရှည် ဖြစ်သွားနိုင်တယ်။ Anaemic Dilated Cardiomyopthy လို့ခေါ်တယ်။ နှလုံးက အကြီးကြီး ဖြစ်သွားတာ။ သွေးအားနည်းပြီး Anaemic Dilated Cardiomyopthy ကကြာလာရင် နာတာ ရှည်နှလုံးရောဂါ ဖြစ်သွားနိုင်တယ်။ အဲလို သိပ် သွေးအားနည်းလွန်းတဲ့အခါလည်းလေဖြတ်သွား တတ်တယ်။ လူနာက ဘာကြောင့်ဖြတ်မှန်း မသိ ဘူး။ သွေးအားနည်းသူတွေဟာ အာရုံစုစည်း နိုင် မှုလည်း နည်းတတ်တယ်။ သံဓာတ် ချို့ယွင်းလို့သွေးအားနည်းတဲ့သူတွေမှာ ထူးထူးခြားခြား နောက်ဆက်တွဲရောဂါတစ်ခုရှိတယ်။ အဲဒါက သံဓာတ် အရမ်းအားနည်းတဲ့ သူတွေမှာ ဖြစ်တတ် တယ်။ post crocoid web လို့ခေါ်တယ်အစာမျို ပြွန်ထိပ်နားမှာ ပင့်ကူမြှေးလေးလို အမြှေးပါး တစ်ခု ပေါ်လာတတ်တယ်။ ဒါဆို လူနာက အစာ မျိုရခက်သွားတတ်တယ်။ အဲဒါက အရေးကြီး တယ်။ စိတ်ပူရတယ်။ကင်ဆာဖြစ် သွားတတ်တယ်။ သံဓာတ်အရမ်းအားနည်းတဲ့ သူတွေမှာ အဲဒါဖြစ်တတ်တယ်။ နောက် လက်သည်း ခွံတွေ သာမန်လိုမဟုတ်ဘဲ ပြားကပ်လာတယ်။ အင်္ဂလိပ် လိုkoilonychia လို့ခေါ်ပါတယ်။ ဒါတွေ ကတော့ နောက်ဆက်တွဲဖြစ်တတ်တာတွေပါ။

သွေးအားနည်းရောဂါဟာ သွေးကင်ဆာတွေ ကိုရော ဆက်လက်ဖြစ်ပွားတတ် စေပါသလား။ ကင်ဆာဖြစ်ဖို့ ပံ့ပိုးတတ်ပါသလား။ နောက် ဒီ သွေးကင်ဆာဆိုတာမျိုး ကရော Life styleကြောင့်ဖြစ်တတ်ပါသေးသလား။

တချို့သွေးအားနည်းတာ Anemia တွေက သွေးကင်ဆာဖြစ်ဖို့အစလည်း ဖြစ်နိုင် တယ်။ ဆိုလိုတာက သူ့ကြောင့် ဖြစ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ lyphoma လို အဖုအကျိတ်ကင်ဆာတွေ၊ leukemia ဆိုတဲ့ သွေးဖြူဥ ကင်ဆာတွေက စစချင်းမှာ အခြားရောဂါ လက္ခဏာတွေမပြသေးဘူး။ တရှောင်ရှောင် ဖြစ် နေတယ်။ သွေးအားနည်းတာကနေ စလာတာ။နောက်တော့မှရောဂါလက္ခဏာ ပြလာတော့မှ သွေးကင်ဆာကြောင့်ဖြစ် နေတယ်။ ဆိုလိုတာက ဒီသွေးအားနည်းတာရိုးရိုးကတော့ သွေးကင်ဆာ အဖြစ်ကို မပြောင်းနိုင်ဘူး။ အမှန်ကIce-burg phenomenon ပါပဲ။ အချွန်လေးကသေးသေး လေးပဲ ရှိတော့ ရေခဲတုံးကြီးက အကြီးကြီးမှန်း မသိရဘူးပေါ့။ အကြီးကြီးကမြုပ် နေတာ။ ဒီလိုပဲ အစကတော့ လူနာကဒီသွေးအားနည်းတာလေး ကနေစလိုက်တာပေါ့။ ဘာ ကြောင့်မှန်းမသိဘူး။ နောက်တော့မှ တဖြည်းဖြည်းချင်းမှ သူ့နောက်မှာ ရှိနေတဲ့ leukemia ကြောင့်နည်းတာပဲ။ ဒါမှ မဟုတ်ခြင်ဆီနည်းလို့ ဖြစ်တာကြောင့်နည်းတာ ပဲလို့ သိလာရတာ။ ဒီလို သွေးကင်ဆာမှ မဟုတ် ပါဘူး။ ကင်ဆာတွေအကုန်လုံးသည် Oncogene လို့ခေါ်တဲ့ ကင်ဆာဖြစ်တဲ့ geneကြောင့်ဖြစ်တာ များတယ်။ ကင်ဆာဖြစ်စေတဲ့ gene ပေါ့၊ ဒါကြောင့် ကင်ဆာဟာမျိုးရိုးလိုက်တယ်လို့ ပြောတာပေါ့။ ကင်ဆာဖြစ်တဲ့အမျိုးဆိုရင် ဖြစ်တာပဲ။ ဖြစ်တဲ့ organသာမတူတာ။ ခုနကပြောတဲ့ အဲဒီ gene ရှိသူမှာပံ့ပိုးတာက life style ပေါ့။ သူ့ ချည်းသက်သက်တော့ မဖြစ်ဘူးပေါ့။ ဘယ်လို ပံ့ပိုးတာလဲဆိုတော့ ဥပမာပြောရရင် ဒုတိယကမ္ဘာစစ်တုန်းက ဟီရိုရှီးမား၊ နဂါဆာကီမှာ အဏုမြူ ဗုံးကြဲခံရတုန်းက လူတွေဟာ တော်တော်များများ Chronic Myeloid Leukemia လို့ခေါ်တဲ့ သွေးဖြူဥကင်ဆာဖြစ်ကုန်ကြတယ်။ဘ ဒီလိုပဲနိစ္စဓူဝ ဆေးဝါး၊ ဓာတ်ပစ္စည်းတွေနဲ့ ထိတွေ့နေတဲ့ လူတွေမှာလည်း သွေးဖြူဥကင်ဆာတွေ ဖြစ်နိုင် တယ်။ ဥပမာ radiation ထိတဲ့သူတွေ၊ X ray (ဓာတ်မှန်ခန်းမှာ)အလုပ်လုပ် သူတွေပေါ့။ သူတို့ဆီမှာ ကာတော့ ကာကွယ်တာပဲ၊ ကတ်ပြား လေးတွေချိတ်ထားရတယ်။ ဓာတ် ရောင်ခြည် ဘယ်လောက်ခံထားရပြီးပြီလဲ ဆိုတာ၊ တစ်နှစ်စာ စီပေါ့။ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူများ ထက်စာရင် သူတို့လိုလူတွေမှာဖြစ်ဖို့ ပိုများမှာပေါ့။ နောက် တစ်ခါ သင်္ဘောတွေဆောက်တဲ့နေရာမှာ လုပ်တဲ့ လူတွေ၊ မီးချောင်း စက်ရုံတွေမှာ လုပ်တဲ့သူတွေနဲ့ တာယာကွန်ပေါင်းစက်ရုံတွေမှာ လုပ်တဲ့သူမျိုးတွေ ကင်ဆာဖြစ်ဖို့ နှုန်းထားများတယ်။

သွေးအားကောင်းစေဖို့ အစားအစာတွေ ရွေးချယ်စားသောက်တာမျိုးရော လုပ်နိုင်ပါ သလား။ ဘယ်လို အစားအစာတွေက သွေးအား ကောင်းစေပါသလဲ။ ဒီလိုပဲဆေးေ သာက်ပြီးရောသွေးအားကောင်း အောင်လုပ်လို့ ရပါသလား။ ဘယ်လိုအကြံဥာဏ်များပေးချင်ပါသလဲ။

သွေးအားနည်းတယ်ဆိုရာမှာ ဟေမိုဂလို ဘင်နည်းတယ်လို့ ပြောတယ်နော်။ အဲဒီမှာ WHO က ပြောထားတာမှာ ဟေမိုဂလိုဘင် level ဟာ below 5 ဆိုရင်တေှာ့Severe Anemiaလို့ခေါ်တယ်။ ဒီလိုဖြစ်သွားရင်တော့ ဘာကြောင့်ပဲဖြစ်ဖြစ် (သူ့အခြေခံအကြောင်း တရားဟာ သွေးထွက်သံယိုဖြစ်လို့ပဲဖြစ်ဖြစ်၊ နာတာရှည် သွေးအားနည်း လို့ပဲဖြစ်ဖြစ်၊ သံဓာတ်ချို့ယွင်းလို့ သွေးအားနည်းတာပဲဖြစ်ဖြစ်၊ မျိုးရိုး လိုက်တာ ပဲဖြစ်ဖြစ်) ဒီလို below 5 ဖြစ်သွားရင် သူ့ကို သွေးသွင်းပေးရမယ်။ emergency replacement therapy လို့ခေါ်တယ်။သွေး မသွင်းလို့ မရဘူး။ မဟုတ်ရင် သူ့နှလုံးကမခံနိုင်ဘူး။ မဟုတ်ရင် သူ့နှလုံးက အမောဖောက်တာတွေ ဖြစ်တတ်တယ်။ လူနာ သွေးအားနည်းလွန်းလို့ လေဖြတ်သွားနိုင်တယ်။အနည်းဆုံးတော့ ၈ ရောက်အောင်သွင်းပေးရမယ်။ ဒီတော့ သွေး တစ်ထုပ်သွင်းရင် ဟေမိုဂလိုဘင် 1 တက်မယ်။ ဆိုတော့ ခုနက 5 ကိုသွေး၃ထုပ်လောက် ချိတ် လိုက်ရင်8ရောက်အောင်တက်လာမယ်။ ဒါမှ ကလီစာတွေမှ သိပ်မဆိုးတော့မှာကိုး။ ဒီတော့မှ လူနာကို သက်ဆိုင်ရာ အခြေခံရောဂါကို ကြည့် ပြီးတော့ ဆက်ကုရမှာပေါ့။ လူနာဟာ ဘာလို့သွေးအားနည်းတာလဲ၊ အမျိုးသမီးတစ် ယောက်သွေးသွန်လို့သွေးအားနည်းတယ်။ သူ့မှာ Myoma Uterus (သားအိမ်အလုံး)ရှိလို့လား၊ SLE ကြောင့်လား၊ ဒါမှမဟုတ်ကျောက်ကပ်ကြောင့်လားဆိုတဲ့ ရောဂါတွေကို ဆက်ကုရမှာပေါ့။ နောက် အဖြစ်အများဆုံး သံဓာတ်နည်းလို့ ဖြစ်ရ တာဆိုရင်လည်း ဆက်ပြီးတော့ သူ့ကို သံဓာတ် ပါတဲ့အားဆေးတိုက်ရမှာပေါ့။ ဒီမှာ တချို့ မေးစရာရှိတယ်။ သံဓာတ်အားဆေးကို သောက် တာထက် ဆေးထိုးလိုက်ရင် ပိုမမြန်ဘူးလားလို့။ တကယ်တော့ မဟုတ်ဘူး။ Inferon တို့တင်ပါးမှာ ထိုးတာ၊ နောက် Drip ချိတ်တယ်လေ။ စတာတွေနဲ့ နေ့တိုင်းသံဓာတ်ပါတဲ့ အားဆေး သောက်တာနဲ့ ထိုးတာနဲ့အတူတူပဲတက်တယ်။ တစ်ပတ်ကို one gram ပဲတက်တယ်။ ဒါကြောင့် ဆရာမ အမြဲ ပြောတယ်၊ စာသင်တဲ့အခါတိုင်းမှာ။ ဆေးတိုက် တာနဲ့ဆေးထိုးတာဆိုရင် လူနာကို အသားနာ အောင် မလုပ်ပါနဲ့လို့။ ဘာမှမထူးဘူး အတူတူပဲကိုအသားအနားမခံအောင် ဆေးပဲတိုက်မယ်။ တစ်ခုပဲရှိတယ်။ ဆေးတိုက်လို့စိတ်မချရတဲ့သူမျိုးတွေ(တချို့ စိတ်ရောဂါရှိ တယ်၊ ဆေးတွေကို သောက်ချင်ယောင်ဆောင်ပြီး လွှင့်ပစ်တယ်။ဖွက် ထားတယ်)ကိုသာ ဆေးထိုးပါလို့။ နောက် အရမ်း အန်နေတဲ့ သူတွေကိုလည်း သံဓာတ်ပါတဲ့ အားေ ဆးတွေ တိုက်ရတယ်။တချို့ ကိုယ်ဝန်ဆောင် မိခင်တွေ ကိုယ်ဝန်ရခါစမှာ အန်တာ( morning sickness) အရမ်းများပြီး ဘာမြင်မြင်အန်တယ်။ မစားနိုင်ဘူး။ တချို့က ပိုဆိုးသွားပြီး hypereme-sis gravidarum တွေ ခေါ်တယ်။သူတို့လိုလူမျိုး ဆိုရင်တော့ ဆေးတိုက် လို့မရဘူး။ သူတို့ကိုတော့ ဆေးထိုးမှရတယ်။ နောက် အစာအိမ်(အကြောင်း အမျိုးမျိုးကြောင့် တစ်စိတ်တစ်ပိုင်း)ဖြတ်တောက် ထားတဲ့လူနာတွေမှာဆိုရင် ကြာလာရင် အစာ အိမ်ရဲ့စုပ်အားက မကောင်းတော့ဘူး။ ဒီလိုလူမျိုး ဆိုရင် ဆေးထိုးပေးမှရတယ်။ တိုက်လို့မရဘူး။ အဲလို လူမျိုးက ကြာလာရင်လည်းသွေးအားနည်း ရောဂါ ဖြစ်လာတယ်။ ဒီမှာခုနတုန်းက ပြောသလို ဟေမိုဂလိုဘင် 8 ထိရောက်အောင် သွေးသွင်း လိုက်ပြီးရင်လည်း ဆေးတွေ ဆက်သောက်နေရ တယ်။ normaltarget ရောက်အောင် ထိန်းရ မှာပေါ့။ မိန်းမဆိုရင် ၁၁နဲ့ ၁၃ကြား၊ ယောက်ျား ဆိုရင် ၁၃ နဲ့၁၅ ကြားရောက်အောင်ပေါ့။ ရောက် ရင်ရောရပ် မှာလားဆိုတော့ မရပ်နဲ့ဦး။ နောက်ထပ်၆လ ထပ်သောက်ရဦးမယ်။ ဘာဖြစ်လို့လဲဆို တော့ ခန္ဓာကိုယ်မှာ သံဓာတ်တွေကိုထိန်း ထားတဲ့ iron store ခန်းဆိုတာရှိတယ်။ အသည်းမှာ ထိန်းတယ်။ သရက်ရွက်၊ခြင်ဆီတွေမှာ ထိန်း တယ်။ အဲဒါတွေကို ပြည့်အောင်ဖြည့်ပေးထား ရတယ်၊ လိုရင် ထုတ်သုံးလို့ရအောင်။ အဲဒီတော့ ဟေမိုဂလိုဘင် ပုံမှန်ရောက်ပေမယ့် ၆လလောက် ထပ်တိုက်ရသေးတယ်။ ဒါကတော့ဆေးအနေနဲ့ ပေါ့။အစားအသောက်တွေကတော့ သံဓာတ်ပါတဲ့ အစားတွေကို စားရမှာပေါ့။ ဟေမိုဂလိုဘင် ဖွဲ့စည်းဖို့ဆိုရင် ပထမဆုံးကတော့ ပရိုတင်းလို တယ်။ first class protein လို့ခေါ်တဲ့ ပထမတန်းစားအသားဓာတ်ပါတဲ့အရာတွေကို စားခိုင်းရ တယ်။ ကြက်တို့၊ ဘဲတို့ ငါးတို့ပုဇွန်တို့မဟုတ်သေး ဘူး။ ခြေလေးချောင်းသားတွေပေါ့။ နောက် နို့နဲ့ နို့ ထွက်ပစ္စည်းတွေ စားကိုစားရမယ်။ ဟင်းသီး ဟင်းရွက်ထဲမှတော့ အစိမ်း ရောင်ရင့်တဲ့ အရွက် မှန်သမျှ သံဓာတ်ပါတယ်။ ကန်ဇွန်းရွက်၊ ကိုက် လန်၊ ဟင်းနုနွယ်၊ ကညွတ်တို့ စတာတွေ သံဓာတ် များတယ်။တကယ့်တကယ် သံဓာတ်မပျက်စီး အောင်ဆိုရင်တော့ မချက်မပြုတ်ဘဲစားရမှာ။ ဒါပေမဲ့ ဒီလိုစားဖို့မလွယ်ဘူး။ သံကောင်တွေ ပါ မှာစိုးရတယ်လေ။ ရေနွေးလေး ဖျောပြီးစားရမှာပေါ့။

မြင့်သူဇာထွန်း
By-Yati Magazine

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here