Tuesday, September 17, 2013
အမျိုးမျိုးပြောနေကြတဲ့ ဖက်ဒရယ် ပြည်သူတွေလည်းသိဖို့ လိုအပ်တယ်
Categories :
17.9.2013
မြန်မာ့လူမှု့ပတ်ဝန်းကျင်မှာ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ဘုန်းတော်ကြီးကျောင်းတိုင်းမှာ ကျောင်းထိုင်ဆရာတော်၏ အာဘော်အတိုင်း သီလပေးရာ၌ ဘုရားရှိခိုးပုံနဲ့ ဂါထာရွတ်ဆိုမှုတွေဟာ မတူညီတာပဲဖြစ်ပါတယ်။ တစ်ရွာတစ်ပုဒ်ဆန်းဆိုတာကတော့ ရွာဓလေ့ ရပ်ဓလေ့အရ သုံးနှုန်းတဲ့စကားတွေ မတူညီတာပဲဖြစ်ပါတယ်။ ဥပမာ-အကြောင်းအရာကိစ္စတစ်ခုကို လက်မခံဘူးလို့ သုံးနှုန်း ကြတဲ့အခါ အချို့က မဟုတ်ဘူးလို့ ဆိုကြတယ်။ အချို့က ညာတယ်၊ အချို့က ၀ါတယ်၊ အချို့ကျပြန်တော့ ဟုတ်မနေဘူးလို့ သုံးနှုန်းကြပြန်တယ်။ ဒါပေမယ့် အဲဒီလို ၀ိဝါဒ ကွဲပြားမှုတွေဟာ သူ့အရပ်နှင့် သူ့ ဇာတ်မို့ တစ်ပါးသူကိုလည်း မထိခိုက် အများကိုလည်း မနစ်နာနိုင်တဲ့အတွက် ပြဿနာရှိနိုင် မည် မဟုတ်ပါ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ဓလေ့ဟာ အဲဒီလိုလူမှု့ပတ်ဝန်းကျင်မှာသာမကဘဲ နိုင်ငံရေးနယ်ပယ် အထိပါ ကူးစက်ပျံ့နှံ့လာပါတယ်။ ဒီမိုကရေစီနိုင်ငံတော် ဖြစ်လာတာကိုတော့ ပြည်သူအားလုံး သိပြီးဖြစ်ပါတယ်။ အခုဆို ရင် လပေါင်း (၃၀) ရှိခဲ့ပြီမို့လား။ လွတ်လွတ်လပ်လပ် ပြောဆိုကြ၊ ငြင်းခုံကြ၊ ရေးကြ၊ ဝေဖန်ပုတ်ခက်ကြနဲ့ မသိ ချင်အဆုံး အကုန်လုံးမြင်တွေ့ကြားသိနေရတာ အမှန်ပါပဲ။ အခုတလော ကျွန်တော်တို့ စာပေအနုပညာ ရပ်ဝန်း ထဲမှာရော နိုင်ငံရေးနယ်ပယ်ပါမကျန် ဂယက်ထနေတဲ့ ကိစ္စကတော့ ဖက်ဒရယ်ဆိုတဲ့ စာသားလေး သုံးလုံးပဲ ဖြစ်ပါတယ်။
ဟိုတစ်နေ့က စာရေးဆရာတွေ လက်ဖက်ရည်ဆိုင်မှာ ဆုံတုန်း ဂျာနယ်တစ်စောင်ထဲက အင်တာဗျူး အစီအစဉ် အကြောင်း ငြင်းခုန်ဆွေးနွေးကြရင်း ထိုးကြကြိတ်ကြမယ့် အခြေအနေမျိုးထိ ဖြစ်ခဲ့ကြပါတယ်။ သြော် နိုင်ငံရေး ဆိုတာ မိတ်ဆွေအချင်းချင်းကိုတောင် တစ်ခဏအတွင်း ရန်တိုက်ပေးနိုင်တဲ့ အစွမ်းအစရှိပါလားလို့တောင် မှတ်ချက်ပေးခဲ့မိပါတယ်။
ဧရာဝတီ သတင်းထောက်တစ်ဦးနဲ့ စာရေးဆရာ ဦးကျော်ဝင်းတို့ အပြန်အလှန်မေးထားဖြေ ထားတာလေးတွေနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့ မှတ်သားမိသော ဖက်ဒရယ်အကြောင်းကို မျှဝေပေးချင်ပါတယ်။ သီအိုရီသဘောအရ ဖက်ဒရယ်ဆိုတာ တစ်မျိုးပဲရှိတယ်လို့ လေ့လာမိပါတယ်။ အဓိပ္ပါယ်ကတော့ ဗဟိုနဲ့အစိုးရကြားမှာ အာဏာခွဲဝေ ကျင့်သုံးခြင်းလို့ ဆိုပါတယ်။ ဒါပေမယ့် ဖက်ဒရယ်မှာ ဆရာဦးကျော်ဝင်းပြောသလို Power Sharing ,Taxes Sharing, Resource Sharing ဆိုပြီး မူကွဲဖြစ်သွားတယ်။ ပထ၀ီအရ ခွဲတာရှိသလို လူမျိုးကိုအခြေခံပြီး ခွဲတာ ရှိတယ်လို့ သိရပါတယ်။ အမေရိကန်မှာ ပထ၀ီအရ ခွဲတာဖြစ်ပြီး အိန္ဒိယကတော့ လူမျိုးအခြေခံပြီး ခွဲတာလို့ အထောက်အထားနဲ့ ရှင်းပြသွားပါတယ်။
အခုလက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုးကွဲပြားနေတာကို မီဒီယာ တွေအပေါ်မှာ အတော်လေးပျံ့နှံ့လာတာကို တွေ့ရပါတယ်။ ပြည်သူ့အသံကို နာစွင့်ပြီး အုပ်ချုပ်နေပါတယ်ဆို တဲ့ လွှတ်တော်ထဲမှာ ဖက်ဒရယ်ကို ဗဟိုချုပ်ကိုင်မှုလျော့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့်ပိုပေး ရင်ရပြီလို့ အဓိပ္ပါယ်သတ်မှတ်နေကြပါတယ်။ ဗမာတိုင်းရင်းသားအတွက် ဗမာပြည်ထောင်စုဆိုတဲ့ လူမျိုးစုကို အခြေခံတဲ့ ဖက်ဒရယ်မျိုးကို SNLD ဥက္ကဌ ဦးခွန်ထွန်းဦး ကလည်း လိုလားကြောင်း ပြောဆိုခဲ့တာရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဖက်ဒရယ်ကတော့ အမေရိကန်နိုင်ငံလို ဖက်ဒရယ်လို့ သိရပါတယ်။ ဒါဆိုရင် သူတို့ ပြောနေတဲ့ ဖက်ဒရယ်သုံးခုထဲမှာ လက်ရှိမြန်မာနိုင်ငံနဲ့ ဘယ်စနစ်ကလိုက်လျောညီထွေရှိမလဲဆိုတာ နိုင်ငံသား တစ်ဦးချင်းစီမှစ၍ အားလုံးအထိ အဖြေရှာကြည့်ဖို့ လိုအပ်ပါတယ်။
ဦးကျော်ဝင်းပြောတာကတော့ ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ရေဆွဲကတည်းက လူမျိုးကို အခြေခံ ခွဲလာတော့ အခုမှ ပထ၀ီအရ ပြောင်းခွဲလို့ မရနိုင်တော့ဘူး။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အမေ ရိကန်နဲ့ ပုံတူကူးချလို့ မရတော့ဘူး။ အဲဒီအချက်ကို ကျွန်တော်တို့ ပြည်သူတွေ သိထားဖို့ လိုအပ်သလို ဖြစ်သင့် မဖြစ်သင့်ကိုလည်း ကြိုတင် စဉ်းစားရမယ့် အချိန်ရောက်နေပြီ ဖြစ်ပါတယ်။
ဒီနေ့ခေတ်စနစ်ထဲမှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး အမျိုးမျိုးထင်မြင်ယူဆချက်တွေ ကွဲပြားနေပေမယ့်၊ လက်ရှိ ဒီမိုကရေစီစနစ်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ဖက်ဒရယ်ဖြစ်ဖို့တော့ လိုပါတယ်။ အခုကျွန်တော်တို့ ကြားနေရတဲ့ ဖက်ဒရယ်ဆိုတာက သီးခြားပြည်နယ်၊ သီးခြားအစိုးရ၊ သီးခြားတပ်မတော် လုပ်မယ်ဆိုတာမျိုးဖြစ်ပါတယ်။ ဒါဆို ရင် တပ်နဲ့သွားညှိနိုင်သလို စစ်မှန်တဲ့ ငြိမ်းချမ်းရေးလည်း မရနိုင်တော့ဘူးလို့ မြင်မိပါတယ်။ နောက်တစ်မျိုးက ဦးခွန်ထွန်းဦး တို့ပြောတဲ့ ဖက်ဒရယ်ဆိုတာ ရှမ်းမူကိုအခြေခံထားတဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ ကျတော့ ပြည်နယ်တွေ အစိတ်စိတ်အမွှာမွှာဖြစ်သွားနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့အမေရိကန် ပုံစံ ပထ၀ီအရ ခွဲမယ် ဆိုတာကလည်း နှစ်မျိုးကွဲနေတဲ့အတွက် လက်တွေ့မကျနိုင်သလို ဒီနေ့ အမေရိကန်ပုံစံ ဆိုရင် အထိုက်အလျောက် ကိုက်ညီနိုင်တယ်လို့ ဦးကျော်ဝင်းက သုံးသပ်ထားပါတယ်။ အဲဒီလို အမြင် အမျိုးမျိုးကို ဖြစ်နိုင်၏ မဖြစ်နိုင်၏ဆိုတဲ့ အတွေးအခေါ်မျိုး ကျွန်တော်တို့ ပြည်သူအားလုံးမှာ ပြည့်ဝနေဖို့ လိုပါ တယ်။
သိတဲ့တတ်တဲ့သူကပြောတာကို ဂဃနဏမသိဘဲ ရောယောင်ခေါင်းညိတ်လိုက်ရင် ကိုယ်ပိုင်အသိကိုယ်ပိုင် အတွေး အခေါ် ကိုယ်ပိုင်ဆုံးဖြတ်ချက်မဖြစ်နိုင်ပါဘူး။ အများပြောတာကို နားထောင်ပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အတွက် အမှန်တကယ်ဖြစ်သင့်တဲ့ ဖက်ဒရယ်ပေါ်ပေါက်ရေးကို နိုင်ငံ
သားတစ်ဦးအနေနဲ့ စဉ်းစားတွေးခေါ် အားပေး ထောက်ခံဖို့ လိုပါတယ်။
အထက်မှာပြောခဲ့သလို မြန်မာ့လူမှုပတ်ဝန်းကျင်မှာ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုတဲ့
ဆိုရိုး စကားရှိပါတယ်။ ဒါပေမယ့် အခုမျှဝေပေးခဲ့တဲ့ ဖက်ဒရယ်ဆိုတဲ့ စကားရပ်ကတော့ ကိုယ့်ဓလေ့ ကိုယ့်စရိုက် နဲ့ ကိုယ်လိုချင်သလို ကျင့်သုံးလို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံသားအားလုံးအတွက် ရေရှည် အကျိုးစီးပွား တည်မြဲ စေမယ့် ဖက်ဒရယ်ဖြစ်ဖို့ အရေးကြီးသလို အားလုံးစဉ်းစားချင့်ချိန် စည်းလုံးပါဝင်ဖို့လည်း လိုအပ်တယ်ဆိုတာ အကြံ ပေးချင်ပါတယ်။
အောင်ကြီး (လမ်းမတော်)
မြန်မာပြည်သား
←
သတိထားရမယ့် သွေးအားနည်း ပြဿနာ
ကလေး သူငယ် ကို အဓ္ဓမ ကျင့်လျှင် သေဒဏ်ပေးနိုင် ရန် ဦးသိန်းညွှန့် ကြိုးစားနေ
→
Subscribe to:
Post Comments (Atom)