Tuesday, September 17, 2013

နိုင်ငံသားများ သိသင့်သည့် “နိုင်ငံတော်” နှင့် “အစိုးရ” ဆိုသည်မှာ

0 comments



မိမိတို့နိုင်ငံတွင် “၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ”၊ ၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်းသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့် ၂၀၀၈ ခုနှစ်တွင် ပြဋ္ဌာန်းသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဟူ၍ ပြဋ္ဌာန်းကျင့်သုံးခဲ့သည်ကို လေ့လာ တွေ့ရှိ ရသည်။ ကျွန်တော့်အနေဖြင့် “နိုင်ငံတော်” ဟူသော စကားရပ်နှင့် “အစိုးရ” ဟူသော စကားရပ် များဆိုင်ရာ ပြဋ္ဌာန်းချက်များကို လက်ရှိ ကျင့်သုံးနေသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများ (Existing Law) များအား လေ့လာ၍ အများပြည်သူနှင့် ဥပဒေပြုကိုယ်စားလှယ်များ အချိန်တိုအတွင်း လေ့လာနိုင်ရန် ပကတိအတိုင်း ရှင်းလင်းတင်ပြသွားပါမည်။ ဦးစွာ “နိုင်ငံတော်” ဟူသော စကားရပ်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁)၊ နိုင်ငံတော်၏ အခြေခံမူများအခန်း ပုဒ်မ ၄၇ တွင် အောက်ပါ အတိုင်း ပြဋ္ဌာန်းထားသည်ကို ဖော်ပြပါသည်-

“ဤအခန်းပါ အခြေခံမူများနှင့် အခန်း (၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းတွင် ပါရှိသော “နိုင်ငံတော်” ဆိုသည် မှာ ရှေ့နောက်စကားရပ်တို့၏ အဓိပ္ပာယ်ကို ထောက်၍ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဥပဒေပြုမှု အခွင့်အာဏာကိုသော်လည်းကောင်း၊ အုပ်ချုပ်မှု အခွင့် အာဏာကိုသော်လည်းကောင်း ကျင့်သုံးသော အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ် ကို ဆိုလိုသည်။”

“The Basic Principles Set forth in this Chapter, and Chapter 8, Citizen, Fundamental Rights, and Duties of the Citizen, the term “Union” means person or body exercising this legislative or executive authority of the Union under this Constitution according as the context may require.”

အထက်တွင် ဖော်ပြထားသော အခန်း (၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းတွင် အဆိုပါပြဋ္ဌာန်းချက်အတိုင်း နိုင်ငံတော်သည် … ဟု စတင်ပြီး ပုဒ်မ ၃၄၇၊ ၃၄၈၊ ၃၅၂၊ ၃၅၆၊ ၃၅၈၊ ၃၅၉၊ ၃၆၁၊ ၃၆၂၊ ၃၆၃၊ ၃၆၈ နှင့် ၃၇၁ တို့တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရှိနိုင် ပါသည်။ အလားတူ အခန်း (၁၅)၊ အထွေထွေပြဋ္ဌာန်းချက်များအခန်းပုဒ်မ ၄၅၁ တွင် “နိုင်ငံတော်သည် ဥပဒေပြုရာတွင် လည်းကောင်း၊ အုပ်ချုပ် ရာတွင်လည်းကောင်း၊ နိုင်ငံတော်အခြေခံမူများနှင့်အညီ အလေးဂရုပြု ဆောင်ရွက် ရမည်။ သို့ရာတွင် ထိုသို့ဆောင်ရွက်စေရန် မည်သည့် တရားရုံးတွင်မျှ တရားစွဲဆိုခွင့်မရှိစေရ။” ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရပေသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအအခြေခံဥပဒေတွင် “နိုင်ငံတော် ဟူသော စကား၏ အဓိပ္ပာယ်ကို ရှင်းလင်းချက်” ခေါင်းစဉ်ဖြင့် ပုဒ်မ ၉ တွင် “ဤအခန်းနှင့် အခန်း ၄၊ အခန်း ၄ တို့တွင် နိုင်ငံတော် ဟူသော စကား၏ ဆိုလိုရင်းမှာ ရှေ့နောက်စကားတို့၏ အဓိပ္ပာယ်ကိုထောက်၍ ပြည်ထောင် စုနိုင်ငံ၏ သို့တည်းမဟုတ် သက်ဆိုင်ရာပြည်ထောင်စုအဖွဲ့ဝင်၏ အုပ်ချုပ်မှု အခွင့်အာဏာကိုသော်လည်းကောင်း၊ ဥပဒေပြုမှုအခွင့်အာဏာ ကိုသော် လည်းကောင်း ဆိုလိုသည်။” “In this Chapter and in Chapters III and IV, the term “State” means the executive or legislative authority of the Union or the unit concerned according as the context may require” … ဟုပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် “နိုင်ငံတော်” ဟူသော စကားရပ်အားတိကျစွာ အနက်အဓိပ္ပာယ်ဖွင့်ဆိုထားမှုအရ နားလည်ရန် လွယ်ကူပြီး အငြင်းပွားရန်မရှိနိုင်ပေ။

ဆက်လက်၍ “အစိုးရ” ဟူသော စကားရပ်နှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက် များကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် တည်ဆဲ ဥပဒေများပါ ပြဋ္ဌာန်းချက်များအား အခြေခံ၍ ရှင်းလင်းတင်ပြ သွားပါမည်။ အခန်း (၅)၊ အုပ်ချုပ်ရေးအခန်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ (The Union Government) ခေါင်းစဉ်ပြု၍ စတင်ထားသည်ကို တွေ့နိုင်သည်။ ပုဒ်မ ၁၉၉ (က) တွင် နိုင်ငံတော်အုပ်ချုပ်ရေးအကြီး အကဲသည် နိုင်ငံတော်သမ္မတဖြစ် သည် ဟု ပြဋ္ဌာန်းထားသည်။ (ပုဒ်မ ၁၆ တွင် “နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်” “The Head of the Union and the Head of Executive of the Union is the President” … ဟု ပြဋ္ဌာန်းထားသည်။)

ဆက်လက်၍ အခန်း (၅) ပုဒ်မ ၂၀၀ တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း နှင့် စပ်လျဉ်း၍ “နိုင်ငံတော်သည် ပြည်ထောင်စုအစိုးရအဖွဲ့စကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်-

(က) နိုင်ငံတော်သမ္မ၊
(ခ) ဒုတိယသမ္မတများ၊
(ဂ) ပြည်ထောင်စုဝန်ကြီးများ၊
(ဃ) ပြည်ထောင်စုရှေ့နေချုပ်။” …. ဟု ပြဋ္ဌာန်းထားသည်။ 

ဥပဒေပြုလွှတ်တော်နှင့် တရားရေးမဏ္ဍိုင်တို့ မပါဝင်သည်ကို ရှင်းလင်းစွာ သိရှိနိုင်သည်။

ထို့ပြင် ပုဒ်မ ၂၁၉ တွင် “ပြည်ထောင်စုအစိုးရသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်း သာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်သည်။” …. ဟု ပြဋ္ဌာန်းချက်အား တွေ့ရှိနိုင်သည်။ ပိုမိုရှင်းလင်းရန် ဆက်လက်တင်ပြပါဦးမည်။

- ပုဒ်မ ၂၂၀ တွင် “ပြည်ထောင်စုအစိုးရ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရ၏ မူဝါဒများကို ချမှတ်ရမည်။ ယင်းမူဝါဒများနှင့်အညီ လိုအပ်သော စီမံကိန်းများကို ရေးဆွဲ၍ ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ရမည်” … ဟုလည်းကောင်း၊ 

- ပုဒ်မ ၂၂၁ တွင် “ပြည်ထောင်စုအစိုးရ သည် ဘဏ္ဍာရေး ကော်မရှင်နှင့် ညှိနှိုင်းရရှိသည့် ပြည်ထောင်စု၏ နှစ်စဉ်အရသုံးခန့်မှန်းခြေငွေစာရင်းကို အခြေပြုလျက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေ ကြမ်းကို ရေးဆွဲ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ရယူရမည်” …. ဟုလည်းကောင်း၊

- ပုဒ်မ ၂၂၅ တွင် “ပြည်ထောင်စုအစိုးရ သည် တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရတို့က လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ တို့ကလည်းကောင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ထိရောက်အောင်မြင်မှု ရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးသည်” … ဟု လည်းကောင်း၊

- ပုဒ်မ ၂၂၈ တွင် “ပြည်ထောင်စုအစိုးရ သည်-

(က) ပြည်ထောင်စုလွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေး ဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက် ရမည်။ မိမိ၏ အရေးယူဆောင်ရွက်ချက် များကို ပြည်ထောင်စု လွှတ်တော် သို့ ပြန်လည် အစီရင်ခံရမည်။

(ခ) နိုင်ငံတော်၏ အခြေအနေတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ အခါ အားလျော်စွာ တင်ပြရမည်” ဟုလည်းကောင်း စသည်ဖြင့် ပြဋ္ဌာန်းချက်များကို တွေ့ရှိနိုင်သည်။

ဤပြဋ္ဌာန်းချက်များသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် ပြည်ထောင်စုအစိုးရ နှင့် ဥပဒေပြုလွှတ်တော်များ ဆောင်ရွက်နိုင်ခွင့်ကို ပိုင်းခြားထားခြင်းအတွက် တိကျသော အဓိပ္ပာယ်ဖွင့် ဆိုချက်ပင်ဖြစ်ပေတော့သည်။

ထို့ပြင် အထက်ပါကဲ့သို့ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် အစိုးရနှင့် ဥပဒေပြု လွှတ်တော်တို့၏ ဆောင်ရွက် ခွင့်ပိုင်းခြားမှုကို ပြဋ္ဌာန်းထားသော အခန်း (၁၄) ပါ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ အခန်း၏ ပြဋ္ဌာန်းချက်များကို ရှင်းလင်းတင်ပြလိုပါသည်-

- ပုဒ်မ ၄၄၆ တွင် ''တည်ဆဲဥပဒေများသည်ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။''... ဟု လည်းကောင်း၊

- ပုဒ်မ ၄၄၇ တွင် ''တည်ဆဲနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံး လုပ်နည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။''...ဟု လည်းကောင်း၊

- ပုဒ်မ ၄၄၈ တွင် ''ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာ စတင်တည်သည့် နေ့တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်အောက်၌ ဖွဲ့စည်းထားရှိသည့် တပ်မတော်အပါအဝင် ဌာန ဆိုင်ရာ အဖွဲ့အစည်းများ၌ အမှုထမ်းရွက်ဆဲဖြစ်ကြသော နိုင်ငံ့ဝန်ထမ်းများသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရက အခြားပြဋ္ဌာန်းခြင်းမပြုသမျှ ဆက်လက်အမှုထမ်းရမည်။''...ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ''နိုင်ငံတော်'' ဟူသော စကားရပ်နှင့် ''အစိုးရ'' ဟူသော စကားရပ်သုံးနှုန်းခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေက ရှင်းရှင်းလင်းလင်း ပိုင်းခြားဖွင့်ဆို ပြဋ္ဌာန်းထားပြီး ဖြစ်ပေသည်။

တည်ဆဲဥပဒေတစ်ရပ်ဖြစ်သော ရာဇသတ်ကြီး (The Penal Code) ပုဒ်မ ၁၇ တွင် ''အစိုးရ'' ဟူသော စကားရပ်ကို ''အစိုးရဆိုသည်မှာ ၊ ပြည်ထောင်စု နိုင်ငံတော်တစ်ဝှမ်းလုံးတွင် မည်သည့်အရပ်၌မဆို၊ ဥပဒေအရ အုပ်ချုပ်မှု အာဏာရရှိသောသူ တစ်ဦးကိုဖြစ်စေ၊ အများကိုဖြစ်စေ ဆိုလိုသည်။'' “The word Government denotes the person or persons authorized by law to administer executive government in any part of the Union of Burma.” ... ဟုပြဋ္ဌာန်းထားသည်။

ထို့ပြင် ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၅(က)၊ ပုဒ်မခွဲငယ် (၃)တွင် ''အစိုးရဆိုသော စကားရပ်တွင်ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ အခြေခံဥပဒေဖြင့်ဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ် ဖြင့်ဖြစ်စေ နိုင်ငံတော်၏ စီမံခန့်ခွဲမှုအာဏာအပ်နှင်းခြင်းခံရသော အဖွဲ့အစည်းကို ဆိုသည်။''...ဟု ပြဋ္ဌာန်းထားသည်။ ၁၉၇၃ ခုနှစ်၊ စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေဖြင့် ရုပ်သိမ်းခဲ့သည့် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သော The Burma General Clauses Act ဥပဒေ၏ ပုဒ်မ ၂၊ ပုဒ်မခွဲ (၂၆)တွင် ''Government" or ''the Government" shall mean the person authorized by or under the Constitution of the Union of Burma to exercise the executive authority of Burma''ဟု ပြဋ္ဌာန်းထားပါသည်။ ဤသို့ တည်ဆဲဥပဒေတစ်ရပ်ဖြစ်သော ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက် အဓိပ္ပာယ် ဖွင့်ဆိုရေးဥပဒေကို ကိုးကား၍ ဖော်ပြခဲ့မှုနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းချက်ကို လက်ရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၃ တွင် ''ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တည်ဆဲ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေကို ကိုးကားရမည်။'' ...ဟု တွေ့ရှိနိုင်ပေသည်။

ဥပဒေဆိုင်ရာ အကိုးအကားပြုခြင်းနှင့်စပ်လျဉ်း၍ အခြားမည်သည့်နိုင်ငံက ပြဋ္ဌာန်းချက်၊ အဓိပ္ပာယ် ဖွင့်ဆို ချက်တို့ကိုမျှ သုံး၍မရနိုင်ပေ။ မိမိနိုင်ငံသားများ ပါဝင်အတည်ပြုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားတည်ဆဲဥပဒေ တို့ပါ ပြဋ္ဌာန်းချက်၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုသာ အကိုးအကားပြုရမည်ကို ဥပဒေဖြင့် ဘွဲ့မရလင့်ကစား သာမန်အသိအကြားရှိသူပင် နားလည်နိုင်သည်။

အကိုးအကားပြုရမည်ကို မကိုးကားဘဲ၊ အကိုးအကား မပြုရမည်ကို အကိုးအကားပြုက ဥပဒေကို Misleading ပြုရာ ရောက်ပေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) အခန်း(၅)ပါ အုပ်ချုပ်ရေးအာဏာ အပ်နှင်းခံရသည့်အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်သာ အစိုးရဖြစ်ကြောင်း မှန်ကန်စွာ သိရှိကြရန် ဝေမျှလိုက်ရပါသည်။

ကျွန်တော်၏ ရှင်းလင်းတင်ပြချက်များ၏ အနှစ်ချုပ်ကို အောက်တွင် ဖော်ပြလိုက်ရပေသည်-

- နိုင်ငံတော် (State) ဟူသော စကားရပ်သည် အုပ်ချုပ်ရေးအဖွဲ့နှင့် ဥပဒေပြုအဖွဲ့ကို ကိုယ်စားပြုသည်။

- အစိုးရ (Government) ဟူသော စကားရပ်သည် အုပ်ချုပ်ရေးအဖွဲ့ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသောပုဂ္ဂိုလ်ကို ဆိုလိုသည်။

- ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ စကားရပ်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုလိုလျှင် ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေးဥပဒေကို အကိုးအကားပြုရမည်။

- တရားဥပဒေစိုးမိုးရေး (Rule of Law) ဟု လူကြိုက်များသော စကားရပ်သည် နိုင်ငံတော်တွင် မရှိမဖြစ် လိုအပ်သည်မှာ သေချာသည်။ Rule of Law ၏ အဓိက အချက်မှာ ဥပဒေသည်သာလျှင် အမြင့်ဆုံး ဖြစ်ပြီး လူတိုင်း ဥပဒေ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဟူသော သဘောတရား ပင်ဖြစ် သည်။ လူတိုင်းတည်ဆဲဥပဒေကို လိုက်နာရမည်။ တည်ဆဲ ဥပဒေ ပြဋ္ဌာန်း ချက်တစ်ရပ်အပေါ်မှာ မှားယွင်းစွာ အကောက်အယူပြု၍ လမ်းမှား သို့ရောက်အောင် ဆောင်ရွက်ခြင်း မပြုအပ်ပေ။

- တစ်မျိုးသားလုံးရှိ လူထုလူတန်းစား အလွှာစုံဖြစ်သည့် အဖွဲ့(၈)ဖွဲ့မှ လူ ၂ဝဝဝ ခနြ့်ဖင့် (၁၅) နှစ်ခန့် အချိန်ယူ၍ ရေးဆွဲကာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက် တစ်ရပ်ရပ် ကို သိ၍သော်လည်းကောင်း၊ မသိဟုဆို၍ လည်းကောင်း၊ မည်သည့် အကြောင်း ကြောင့်မျှ မချိုးဖောက်အပ်။ အထူးသဖြင့် နိုင်ငံတော်အုပ်ချုပ်ရေး တွင် တာဝန်ရှိသူများ၊ နိုင်ငံတော် ဥပဒေပြုရေးတွင် တာဝန်ရှိသူများနှင့် တရားစီရင်ရေးကဏ္ဍမှ တာဝန်ရှိသူတို့သည် မည်သည့်ကြောင့်မျှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ရန် မဆိုထားနှင့်၊ စဉ်းစားရန်ပင် မသင့်ပေ။

- ဥပဒေကိုမသိရုံနှင့် ကင်းလွတ်ခွင့်မရနိုင် (Ignorance of Law is no excuse) ဟူသော ဥပဒေရေးရာ အဆိုအမိန့်ကို သိရှိခံယူအပ်သည်။ 

- ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း အောင်မြင်ခိုင်မာရေးအတွက် ပွင့်လင်းမြင်သာမှု (Transparency)၊ တာဝန်ရှိမှု (Responsibility) နှင့် တာဝန်ခံမှု (Accountability) တို့ကို မဏ္ဍိုင်ကြီး (၃) ရပ်တွင် အဓိက တာဝန်ရှိသူများ၊ တာဝန်ရှိသူများက သိအောင်လုပ်၍ အများပြည်သူအကျိုးငှာ ရှေးရှု ဆောင်ရွက်သင့် လှပေသည်။

ဤတင်ပြချက်များသည်ကား ဥပဒေများ၏မိခင်ဟုဆိုအပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေ တို့ပါ ပြဋ္ဌန်းချက်များအရ ရှင်းလင်းတင်ပြခြင်းသာဖြစ်သည်။ ထို့ပြင် နိုင်ငံတော်တွင် ခေတ်အဆက် ဆက်၌ ဥပဒေများကို ပြဋ္ဌာန်းထားပြီး အခြေခိုင်မာသည့် ဥပဒေစနစ်ရှိ၍ တည်ဆဲဥပဒေများကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးရှိ တာဝန် ရှိသူများက သိရှိအောင်လေ့လာ၍ လိုက်နာသင့်လှပေသည်။

တရားဥပဒေစိုးမိုးရေးလိုလားသူတိုင်းကိုယ်တိုင် ဥပဒေကိုလည်း သိရှိအောင်လုပ်၍ လိုက်နာသင်ကြောင်း ခံယူအပ်ပေသည်။ ဥပဒေသည် လူတိုင်းနှင့်သက်ဆိုင်သည်။ ဥပဒေများကို သေချာစွာ ဖတ်ရှုလေ့လာခြင်း မရှိဘဲ၊ မိမိထင်သလို ပြောဆိုရေးသားခြင်းများသည် ပြည်သူများအား အသိအမြင်လွဲမှားစေသည်။ အသိမှားပါက အလုပ်ပါလိုက်၍ မှားမည်ကို သတိပြုသင့်ကြောင်း အကြံပြုလိုက်ရပါသည်။

စက်တင်ဘာလ ၁၆ ရက်ထုတ် မြန်မာ့ အလင်းသတင်းစာမှ ကူးယူဖော်ပြသည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here