Sunday, September 29, 2013

လှိုင်သာယာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြုတ်ချပေးရန် ဆန္ဒထုတ်ဖော်မည်

0 comments

29.9.2013

လှိုင်သာယာမြို့နယ်တွင် ရာဇဝတ် ပြစ်ဒဏ် ကျခံထားဖူးသူ (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရာထူးဖြုတ်ချပေးရန် ရပ်ကွက်နေပြည်သူ ၂၀၀ ဦးကျော်က စက်တင်ဘာ ၂၉ ရက်တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ယင်းရပ်ကွက်နေ ဦးအုန်းကျော်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်ရန်အတွက် လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ခွင့်ပြုချက် ရထားပြီး လှိုင်သာယာမြို့နယ် အနော်ရထာလမ်းမှ မြို့နယ်အားကစားကွင်းသို့ စီတန်းလှည့်လည်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 
“ထောင်ကျခံရဖူးသူတစ်ယောက် လက်ထဲကို ကျွန်တော်တို့ အနာဂတ် ထည့်မထားနိုင်ဘူး” ဟု ၎င်းကဆိုသည်။

(၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ရာဇဝတ်မှု ကျခံရဖူးသောကြောင့် အုပ်ချုပ်ရေးမှူး အသစ်ပြန်လည် ရွေးချယ်ပေးရေးအတွက် ၂၀၁၂ ခုနှစ်အတွင်းက လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် ခရိုင်အုပ်ချုပ် ရေးမှူးရုံးသို့ တိုင်ကြားခဲ့သော်လည်း ထူးခြားမှု မရှိကြောင်း (၁၁) ရပ်ကွက်နေ ဦးကျော်ဝင်းက ပြောကြားသည်။

လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးကမူ အထက်ပါကဲ့သို့ တိုင်ကြားခဲ့သောကြောင့် ၂၀၁၃ ခုနှစ် မေလအတွင်း ခရိုင်လူဝင်မှု ကြီးကြပ်ရေးရုံးက လာရောက် စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်။
“ခရိုင်တင်မကဘူး။ တိုင်းရုံးကလည်း လာစစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရပ်ကွက်နေ ပြည်သူများအပေါ်တွင် သမာဓိရှိရှိ အလုပ်လုပ်ပြီး အများလေးစားရသော အုပ်ချုပ်ရေးမှူး ဖြစ်ရန်လိုအပ်ကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက မှတ်ချက်ပေးသည်။
“ရာဇဝတ်မှု ကျုးလွန်ဖူးသူ တစ်ယောက်ဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်လို့ မရပါဘူး” ဟု ၎င်းကဆိုသည်။

ဆန္ဒထုတ်ဖော်ခြင်းမှာ ရပ်ကွက် အတွင်းရှိ ပုဂ္ဂိုလ်ရေး ကိစ္စများကို ခုတုံးလုပ်ခြင်းသာဖြစ်ပြီး မည်သည့် ဖြေရှင်းချက်ကိုမျှ မပြောနိုင်ကြောင်း (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းလင်းဇော်က ပြောကြားသည်။
“အားလုံးစစ်ဆေးပြီးပြီ။ ကျွန်တော့် ဘက်ကတော့ လိပ်ပြာသန့်တယ်” ဟု ၎င်းက ဆိုသည်။

(၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ၂၀၀၁ ခုနှစ်တွင် ပြည်သူပိုင်ပစ္စည်း အလွဲသုံးစား ပြုလုပ်မှုဖြင့် ထောင်ကိုးလ ကျခံခဲ့ဖူးသောကြောင့် အများပြည်သူ လေးစားသော အုပ်ချုပ်ရေးမှူး အမြန်ရွေးပေးရန် လိုအပ်ကြောင်း ဦးအုန်းကျော်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ် ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here