လူသားများတွင် အဓိကအားဖြင့် အခွင့်အရေးနှစ်ရပ်ရှိသည်ဟု ပညာရှင်တွေက ယူဆကြပါသည်။ တစ်ခုက သဘာဝ တရားကြီးကပေးသည့် အခွင့်အရေးနှင့် နောက်ထပ် အခွင့်အရေးတစ်ခုမှာ နိုင်ငံအလိုက် ပြဋ္ဌာန်းထားသည့်ဥပဒေအရ ရရှိတဲ့ အခွင့်အရေးဟူ၍ ဖြစ်သည်။
သဘာဝတရားကြီးကပေးသည့် အခွင့်အရေးဆိုသည်မှာ ဥပမာအားဖြင့် လေနှင့် ရေတို့ကို မိမိတို့လူသားများ အသက်ရှင်
နေထိုင်ဖို့ လိုအပ်သလောက် ခွဲဝေသုံးစွဲဖို့ပေးထားသည့်အခွင့်အရေး ဖြစ်ပါသည်။ ဥပဒေအရ အခွင့်အရေးဆိုသည်မှာမူ မိမိတို့နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြဋ္ဌာန်းထားရှိသည့် ဥပဒေအရ နိုင်ငံသားတိုင်း အညီအမျှ ခံစားခွင့်ရှိ သည့် အခွင့်အရေး ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း မိမိတို့တိုင်းပြည် ယခင်အစိုးရ လက်ထက်အတွင်း အဆမတန် ကြီးပွားချမ်းသာ လာခဲ့ကြသူ တချို့က သူတို့သည် သဘာဝကပေးထားသည့် ပစ်္စည်းများကို လွန်ကဲစွာ အသုံးချခဲ့သည့်အတွက် ယင်းအမှားကို ကုစားသည့် သဘောအားဖြင့် လူမှုရေးလုပ်ငန်းများကို အားပေးဆောင်ရွက်သွားမည့် အကြောင်း ပြောဆိုသံကို မိမိတို့ အားလုံး ကြားကြရ၏။ ဥပမာအားဖြင့်ဆိုလျှင် သစ်တောများကို အဆမတန် ခုတ်လှဲရောင်းချခဲ့သည့် လုပ်ရပ်မျိုးပင်
ဖြစ်သည်။
အမှန်အားဖြင့်ဆိုလျှင် သဘာဝတရားကြီးက မိမိတို့လူသားများအတွက် ပေးထားသည့် ယင်း ရေ၊ လေ၊ အစရှိသည့် ပစ္စည်းများမှာ မိမိတို့လူသားများ အညီအမျှ သုံးစွဲပိုင်ခွင့်ရှိသည်ဟူသော မဟာကိုယ်ကျင့် တရား အပေါ် လူတစ်စုသည်
ဖောက်ဖျက်ခဲ့သည့် သဘောဟု ပြောလို့ရပါသည်။ ယင်းလုပ်ရပ်မှာ မမျှော်မှန်းနိုင်လောက်အောင် ဆိုးရွားသည့် ဆိုးကျိုး များကိုလည်း ဖိတ်ခေါ်ရာရောက်သည့်အပြင် လူသားအချင်းချင်းကြား မလွဲမသွေထားရှိအပ်သည့် အင်မတန်မွန်မြတ် သည့် ကိုယ်ကျင့်သိက်္ခာ ထိန်းသိမ်းဖို့ လိုအပ်သည့် အချက်ကိုလည်း ချောင်ထိုးထားလိုက်သလို ဖြစ်ခဲ့သည်ဟုပင် ဆိုနိုင်ပါသည်။
ယခုအခါ မိမိတို့တိုင်းပြည်တွင် နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ အခြားအခြားသော နယ်ပယ်အသီးသီးတွင် လူတချို့သည် အခွင့်အရေး ပိုမိုယူခဲ့ကြသဖြင့် မိမိတို့ တိုင်းပြည် ဖြေရှင်းရခက်သော ပြဿနာ များဖြင့် ၀န်ပိနေကြရသည်ဟု ဆိုရပါမည်။ မမျှတမမှန်ကန်သော အခွင့်အရေးများ ပိုပြီးယူခဲ့ အသုံးပြုခဲ့ကြသဖြင့် မိမိတို့ တိုင်းပြည်မှာ တစ်ဦးနှင့်တစ်ဦး မယုံသင်္ကာဖြစ်ကြရခြင်း၊ ရန်ငြိုးကြီးကြရခြင်း အစရှိသည့် အနိဋ္ဌာရုံများကို မျက်မှောက်ပြု
နေကြရ၏။ ထို့ပြင် သဘာဝ၏ အရင်းအမြစ်များ သဘာဝ၏ အများဆိုင်လက်ဆောင်များကို အလွန်အကျူး အခွင့်အရေး ပိုယူကာ အသုံးချခဲ့ကြခြင်းအတွက်လည်း သဘာဝကြီး၏ ဒဏ်ခတ်မှုကို မိမိတို့ ပြည်သူများ ခံစားကြရတော့မည်သာ
ဖြစ်သည်။
တိုင်းပြည်တစ်ပြည် ကြွယ်ဝချမ်းသာရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးရဖို့ ရှိဖို့ဆိုလျှင် အထက်ကဆိုခဲ့သော လူသား၏ ခံစားပိုင်ခွင့်နှစ်ခုစလုံးတွင် မိမိတို့ ပြည်သူများ မည်သည့်ပုံစံဖြင့် ခွဲဝေခံစားရယူကြသနည်းဆိုသည့် အချက် အပေါ် မူတည်နေသည်မှာလည်း မည်သူမျှ မငြင်းနိုင်ချေ။ ထိုနည်းတူစွာ တိုင်းပြည်တစ်ပြည်အဖို့ ဆင်းရဲမွဲတေမှု၊
သွေးကွဲမှုနှင့် စစ်ပွဲများဖြင့် မျက်မှောက်ပြုနေကြရမည်ဆိုပါကလည်း ယင်းလူသား၏ ရပိုင်ခွင့် အခွင့်အရေး နှစ်ခုစလုံး တွင် မိမိတို့ပြည်သူ များ မှားယွင်းစွာ ခွဲဝေခံစားမှုကြောင့်သာ မျက်မှောက်ပြုကြရခြင်းဟု ဆိုရပါမည်။
ထို့ကြောင့် လောကကြီး သာယာလှပစေရေး၊ တိုင်းပြည်တစ်ပြည် သာယာငြိမ်းချမ်းဝပြောရေးအတွက်ဆိုလျှင် လူသားတို့ သို့မဟုတ် မိမိနိုင်ငံသားတို့ ကံအားလျော်စွာ ရရှိထားသည့် ယင်းအခွင့်အရေးနှစ်ရပ်အား မှန်ကန်စွာ ခွဲဝေခံစားနိုင်ရေးမှာ အဓိကကျကြောင်း တင်ပြလိုက်ရပါသည်။
Mizzima