Monday, September 30, 2013

ပုံမှန်ရထားများထက် ပြေးဆွဲချိန် ၃၅ မိနစ်အထိ လျှော့ချနိုင်ပြီး အဲယားကွန်းပါ ရန်ကုန်မြို့ပတ်ရထား စတင်ပြေးဆွဲ

0 comments
(မြို့ပတ်ရထားအဖြစ် ပြေးဆွဲမည့် အဲယားကွန်း ရထားအား စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်ဘူတာကြီးတွင် တွေ့ရစဉ်)

30.9.2013
ပုံမှန်ရထားများထက် ပြေးဆွဲချိန် ၃၅ မိနစ်အထိ လျှော့ချနိုင်ပြီး အဲယားကွန်း ပါဝင်သော ရန်ကုန်မြို့ပတ် ရထားကို စက်တင်ဘာ ၂၉ ရက်က စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

မြို့ပတ်ရထားဆိုင်း ၁၀ ဆိုင်း ပါဝင်သော ဂျပန်နိုင်ငံမှ အဲယားကွန်းရထားကို ပြေးဆွဲရခြင်းမှာ ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ရန်အတွက် ရထားများ၏ ၀န်ဆောင်မူကို တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ တစ်တွဲကို ဂျပန်ယန်း ၈ ဒသမ ၆ သန်း ပေးဝယ်ထားတယ်။ ဒါကို ၂၀၁၁ ခုနှစ်ထဲကတည်းက မှာယူထားပေးမယ့် ရန်ကုန်မြို့ပတ် ရထားလမ်း အခြေအနေတွေ ညှိရတာတွေကြောင့် အနည်းငယ် ကြန့်ကြာသွားတာပါ" ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ အထွေထွေမန်နေဂျာ ဦးမြင့်ဝေက ပြောကြားသည်။

ခရီးသည် ၀န်ဆောင်ခများ အနေဖြင့် တစ်ဦးလျှင် ကျပ် ၄၀၀ နှုန်း သတ်မှတ်ခဲ့ပြီး နိုင်ငံခြားသား တစ်ဦးလျှင်မူ တစ်ဒေါ်လာစီ ကောက်ခံသွားမည် ဖြစ်ကြောင်းလည်း ဦးမြင့်ဝေက ဆက်လက်ပြောကြားသည်။

ယင်းအဲယားကွန်း ပါဝင်သော ရန်ကုန်မြို့ပတ် ရထားကို လူစီးနှုန်း များပြားသော ဘူတာဂိတ် ၁၂ ဂိတ်တွင်သာ ရပ်နားသွားမည်ဖြစ်ပြီး တစ်နေ့လျှင် ရှစ်ခေါက်နှုန်းဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်ဘူတာကြီးမှတစ်ဆင့် ရပ်နားသွားမည့် ဘူတာများ အနေဖြင့် ဘုရားလမ်း၊ ကြည်မြင့်တိုင်၊ ကမာရွတ်၊ သမိုင်း၊ အင်းစိန်၊ ဒညင်းကုန်း၊ မင်္ဂလာဒုံ၊ ပုရွက်ဆိတ်ကုန်း၊ တံတားကလေး၊ ကံဘဲ့၊ မလွှကုန်းနှင့် ပုဇွန်တောင်တို့ ဖြစ်သည်။

စတင်ပြေးဆွဲချိန်များ အနေဖြင့် နံနက် ၆ နာရီခွဲမှစ၍ အင်းစိန်ဘူတာ-ရန်ကုန်ဘူတာကြီးမှ မြို့ပတ်ကာ-မင်္ဂလာဒုံဘူတာ၊ မင်္ဂလာဒုံဘူတာ-ရန်ကုန်ဘူတာကြီး၊ အင်းစိန်ဘူတာ-ရန်ကုန်ဘူတာကြီး- နောက်ဆုံးတွင် အင်းစိန်ဘူတာ၌ ခေါင်းဆုံးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိရန်ကုန်မြို့တွင် ပြေးဆွဲနေသော မြို့ပတ်ရထားလိုင်းပေါင်း ၂၁ လိုင်းရှိပြီး ငါးမိနစ်လျှင်တစ်ကြိမ် ထွက်ရှိနေပြီး တစ်နေ့လျှင် ခေါက်ရေ ၂၀၀ တွင် လူဦးရေ တစ်သိန်းကျော် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here