Friday, October 18, 2013

“၀” ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရေး သဘောတူပြီးဟု UWSA မှ ထုတ်ဖော်ပြော

0 comments
18/10/2013

အစိုးရမှ လာမည့် ၂၀၁၄ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး စီစဉ်လျက် ရှိရာတွင် အခက်အခဲ တစ်ရပ်ဖြစ်နေသော “၀” ဒေသအတွင်း သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စရပ်အပေါ် သဘောတူ လိုက်ပြီဖြစ်ကြောင်း “၀”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)မှ ထုတ်ဖော် ပြောကြား မှုများ ပြုလုပ်လိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအထိ ပြေလည်မှု မရှိသေးသော ယင်းကိစ္စရပ်အပေါ် အောက်တိုဘာ ၄ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဖြစ်သည့် ဦးသိန်းဇော် ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် UWSA ဒုဥက္ကဋ္ဌ အပါအ၀င် “၀”ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှု ရလဒ်အရ ထိုသို့ သဘောတူညီ ခဲ့ခြင်းဖြစ်ကြောင်း UWSA ဒုတိယစစ်ဦးချုပ် ဦးစိုင်းဆမ်က တရားဝင် ထုတ်ဖော် ပြောကြားမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“၀” ဒေသတွင် လူမျိုးစု ၁၉ မျိုး၊ လူဦးရေ ၄ သိန်း နီးပါးရှိပြီး အများစုမှာ “၀”၊ တရုတ်၊ ပလောင်နှင့် ရှမ်းတို့ ဖြစ်သည်။ “၀” ဒေသအတွင်း သန်းခေါင်စာရင်း ကောက်ယူရေး အစီအစဉ်များကို ပြီးခဲ့သည့် စက်တင် ဘာလက၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အဆောက်အဦအတွင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကြိုတင် ပြောကြား ထားပြီဖြစ်သည်။ …

““ “၀” ဒေသရော၊ မိုင်းလား၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသရော ကျွန်တော်တို့ ကောက်မှာ ဖြစ်ပါတယ်။ သူတို့ နေရာတွေမှာ အခုလို ကောက်တယ်ဆိုရင် ကောက်ဖို့ စဉ်းစားတဲ့အခါမှာ တချို့နေရာတွေက မြေပုံဆွဲတာ အခက် အခဲဖြစ်တယ်ဆိုရင် ရွာလိုက်၊ ရွာလိုက်မှာ ဒီရွာကို ကောက်ကွက် ၁၊ ဒီရွာသည် ကောက်ကွက် ၂ စသဖြင့် အဲဒီလို ကောက်မှာပါ။ ဒါကိုလည်း အကြမ်းဖျင်းအားဖြင့် သူတို့ လက်ခံပြီး ဖြစ်ပါတယ်”” ဟု ဦးခင်ရီက ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် ပါဝင်သော ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ယင်းသို့ ပြောကြား ခဲ့သော်လည်း “၀”ဒေသ အတွင်း သန်းခေါင်စာရင်း ကောက်ယူရေး အခက် အခဲ ရှိနေကြောင်း၊ သတင်းဖော်ပြမှုများ ရှိခဲ့ပြီး ယခုကဲ့သို့ အောက်တိုဘာလ အတွင်း တွေ့ဆုံမှု ပြုလုပ်ခဲ့ ပြီးမှ “၀”ဒေသ အတွင်း အဓိက ဦးဆောင်မှု ရှိသည့် UWSA က သဘောတူကြောင်း ထုတ်ဖော်ပြော ကြားမှုရှိလာခြင်း ဖြစ်သည်။

UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) မှ ခွဲထွက်ခဲ့သော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အတိုက် အခံ လက်နက်ကိုင် အဖွဲ့များထဲတွင် စစ်အင်အား၊ စစ်လက်နက် အင်အား အကောင်းဆုံးဖြစ်ပြီး ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလက အစိုးနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့သော်လည်း စစ်လက်နက် အင်အားကို တရုတ်နိုင်ငံမှ ၀ယ်ယူ တိုးချဲ့လျက်ရှိကြောင်း သတင်းများလည်း မကြာသေးမီကပင် ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် “၀” ဒေသအတွင်း သန်းခေါင်စာရင်း ကောက်ယူရန် အကျပ်အတည်း တွေ့နေခြင်းမှာ အခြား အိမ်နီးချင်းနိုင်ငံမှ တရားမ၀င် ၀င်ရောက်မှု၊ ဆက်သွယ်မှု ရှိနေခြင်းကြောင့် ဖြစ်ကြောင်း သုံးသပ်မှု များလည်း ရှိခဲ့သည်။ သို့သော် ယခုအခါ ၂၀၁၄ ခုနှစ် မတ်လမှ ဧပြီလအတွင်း ပြုလုပ်မည့် သန်းခေါင် စာရင်း ကောက်ယူမှုကို ဒေသတွင်း ရှိသူများ မှတ်ပုံတင် ပြုလုပ်ရန် အပါအ၀င် သဘောတူမှု ရရှိခဲ့ပြီဖြစ်သည်။

UWSA နှင့် အမျိုးသားဒီမို ကရက်တစ် မဟာမိတ် တပ်မတော် NSAA-SSS မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင် များသည် ပြီးခဲ့သည့် စက်တင်ဘာ ၃ရက်က ကျိုင်းတုံမြို့နယ်တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် တွေ့ဆုံ မှုလည်း ရှိခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် ၎င်းတို့ အစဉ်အစိုက် ပြောကြားခဲ့သော “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် တိုးမြှင့်ပေးရေး ကိစ္စရပ်များ ပြောဆိုမှုလည်း ရှိခဲ့သည်။ “၀”ဒေသကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ အဖြစ် မြို့နယ် ၆ မြို့နယ်ဖြင့် ဖွဲ့စည်း ပေးထားခြင်း ဖြစ်သည်။

မြန်မာသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here