Wednesday, October 23, 2013

သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်းအတွင်း ပါဝင်နေသူများ နိုဝင်ဘာ ၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးရမည်

0 comments

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် ပြောင်းရွှေ့ပေးရမည့် သူများအား အစားထိုးမြေနေရာ ချထားပေးရန် မဲနှိုက်ပေးနေသည်ကို တွေ့ရစဉ်
 
သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်း ဧရိယာအတွင်း ပါဝင်နေသူများအား လာမည့်နို ၀င်ဘာ ၈ ရက် နောက်ဆုံးထားပြီး လက်ရှိ နေထိုင်ရာ နေရာများမှ အပြီးအပိုင် ပြောင်းရွှေ့ပေး ရမည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

"သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်းဧရိယာမှာ ပါဝင်တဲ့သူတွေဟာ နိုဝင်ဘာ ၈ ရက် နောက်ဆုံးထားပြီး ပြောင်းပေးရမှာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ပေးရမယ့် သူတွေကို မြိုင်သာယာ ကွက်သစ်မှာ နေရာချထားပေးမှာ ဖြစ်တဲ့အတွက် ဒီနေ့မှာ သူတို့ရမယ့် မြေကွက်တွေကို မဲနှိုက်ရွေးချယ်ပေး တာ ဖြစ်ပါတယ်။ အိမ်ထောင်စု ၆၈ စုမှာ တစ်ဦးကတော့ ဒီပွဲကို မလာပါဘူး။ ကျန်တဲ့တစ်ဦးကတော့ မဲမနှိုက်တဲ့အတွက် စုစုပေါင်း ၆၆ ဦးကိုပဲ မဲနှိုက် ရွေးချယ်ပေးခဲ့ပါတယ်" ဟု သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ ဒေါ်သန်းသန်းသွယ် က အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပပြုလုပ်သည့် မဲနှိုက် ရွေးချယ်ပွဲတွင် ပြောကြားခဲ့သည်။

ပြောင်းရွှေ့ပေးရမည့် ဒေသခံများအနေဖြင့် မြိုင်သာယာကွက်သစ်ရှိ ၎င်းတို့ရရှိသော မြေကွက်များတွင် ကိုယ်တိုင် အိမ်ဆောက်လုပ်လိုပါက ဆောက်လုပ်နိုင်ကြောင်း၊ သို့မဟုတ်ပါက ကော်မတီ အနေဖြင့် ဆောက်လုပ် လိုပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပသည့် မဲနှိုက်ရွေးချယ်ပွဲတွင် ရရှိသည့် သတင်းများအရ ကိုယ်တိုင်ဆောက်လုပ်လိုသူ ၄၉ ဦးနှင့် ကော်မတီအနေဖြင့် ဆောက်လုပ်လိုသူ ၁၇ဦးရှိကြောင်းလည်း သိရသည်။

"ဒေသခံတွေကို အောက်တိုဘာ ၂၉ ရက်မှာ စပြီး ပိုက်ဆံပေးပါမယ်။ ပထမအရစ်အနေနဲ့ ကျပ် ၁၃ သိန်းနဲ့ ပြောင်းရွှေ့ကြေး တစ်သိန်းခွဲပေးမယ်။ ဒုတိယအရစ်အနေနဲ့ ခုနစ်သိန်းနဲ့ တတိယအရစ်အနေနဲ့ ငါးသိန်းပေးသွားမှာဖြစ်ပါတယ်။ ဒေသခံတွေဟာ နိုဝင်ဘာ၈ရက် နောက်ဆုံးထား ပြောင်းပေးရမှာ

 ဖြစ်ပါတယ်။ မြိုင်သာယာကို ပြောင်းရွှေ့ပေးတဲ့နေ့မှာပဲ ဒေသခံတွေရဲ့ အသက်မွေး ၀မ်းကြောင်းအတွက် နစ်နာကြေးနဲ့ အပိုထပ်ဆောင်းကြေးတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်" ဟုလည်း သီလ၀ါ အထူး စီးပွားရေး ဇုန် စီမံခန့်ခွဲမှု ကော်မတီဝင် ဒေါ်မီမီအောင်က ဆိုသည်။

"အသက်မွေး ၀မ်းကြောင်းအတွက် နစ်နာကြေးဆိုတာ ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်တွေအတွက် စပါးတင်းတစ်ရာကို ငါးသိန်းနှုန်းနဲ့ ခြောက်နှစ်စာအတွက် ပေးအပ် သွားမှာ ဖြစ်ပါတယ်။ အပို ထပ်ဆောင်းကြေး ဆိုတာက ဥပမာ-လက်ရှိသူတို့နေတဲ့ နေရာက စတုရန်းပေ ၂၀၀ ရှိတယ် ဆိုပါစို့။ အခု သူတို့ရဲ့ရမယ့် မြေကွက်က ၂၅ပေ၊ ပေ ၅၀ ဆိုတော့ စတုရန်းပေ ၁၉၂ ပေပဲရှိတယ်။ အဲဒီတော့ ရှစ်စတုရန်းပေကွာ နေတယ်။ အဲဒီအတွက် တစ်စတုရန်းပေကို ကျပ် ၈၉၀၀ နဲ့ အပို ထပ်ဆောင်းကြေး ပေးသွားမယ်။ တကယ်လို့ သူတို့မြေက ၁၉၂ စတုရန်း ပေထက်များရင် များသလောက်ကို၈၉၀၀နဲ့မြှောက်ပြီး ပေးချေသွားမှာ ဖြစ်ပါတယ်"ဟု ဒေါ်မီမီအောင်က ပြောကြားခဲ့သည်။

မြေကွက်များကို မဲနှိုက်ရွေးချယ်ပွဲတွင် ပွဲတက်ရောက်လာသော်လည်း ကိုယ်တိုင် မဲနှိုက်ရန် ငြင်းဆန်ခဲ့သူ ဦးကျော်ဝင်းက "ကျွန်တော်က လက်ရှိမှာ နို့စားနွား နှစ်ကောင်၊ ခိုင်းနွားနှစ်ကောင်နဲ့ ယာနှစ်ဧကကျော် လုပ်စားနေပါတယ်။ သူတို့ ချပေးတဲ့ မြေမှာဆိုရင် ကျွန်တော် နို့စားနွားနှစ်ကောင်နဲ့ နေလို့ထိုင်လို့ လုပ်စားလို့ မရဘူးဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်ကတော့ မဲလည်း မနှိုက်ဘူး။ ပြောင်းလဲ မပေးနိုင်ဘူး။ ဒီကိစ္စတွေကို တရားဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်" ဟုလည်း ပြောကြားခဲ့သည်။

"အဘတို့ မြင်းလမ်းရွာမှာ အိမ်ခြေ ၁၀ လုံးရှိတယ်။ အဘတို့နဲ့ တခြားတစ်ယောက်ပဲ ဒီမှာနေတာကြာပြီ။ ကျန်တဲ့သူတွေကတော့ မြင်းလမ်းကို ရောက်လာတာ ခြောက်နှစ်ပဲရှိသေးတယ်။ အဘတို့ မြင်းလမ်း ရွာသားတွေကတော့ အခု မြိုင်သာယာကို ပြောင်းပေးရမယ်ဆိုတာကို ကျေနပ်ပါတယ်" ဟုလည်း မြင်း လမ်းကျေးရွာမှ ဦးဥာဏ်ထွန်းက ပြောကြားခဲ့သည်။

 

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here