Wednesday, October 16, 2013

အောက်တိုဘာ ၁၅ ရက်က စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံ ဟိုတယ်နှင့် ဆွမ်းဦးပုညရှင် စေတီအ၀င်လမ်းတို့၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီး ရန်ကုန်မြို့တွင်လည်း ဗုံးလန့်မှုများ ဆက်လက်ဖြစ်ပေါ်

0 comments
အောက်တိုဘာ၁၅ရက်ကစစ်ကိုင်းမြို့ ရွှေပြည့်စုံဟိုတယ်အတွင်းဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ်

16.10.2013

ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် ဖြူးမြို့နယ်များတွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများ ဗုံးဟုမသင်္ကာ ဖွယ်ရာ တွေ့ရှိမှုများ ဖြစ်ပွားပြီးနောက် အောက်တိုဘာ ၁၅ ရက် နံနက် ၃ နာရီခွဲနှင့် ၅ နာရီ ၄၅ မိနစ်ဝန်း ကျင်က စစ်ကိုင်းမြို့ပေါ် ရှိ ရွှေပြည့်စုံဟိုတယ်နှင့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော် အ၀င်လမ်းတို့၌ ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။အောက်တိုဘာ ၁၅ ရက်က စစ်ကိုင်းမြို့၊ မင်းလမ်းရပ်၊ အိုးတန်း ၄ လမ်းကြားရှိ ရွှေပြည့်စုံ ဟိုတယ်၏ လေးထပ်မြောက်ရှိ စားသောက်ခန်း အတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

"ဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်က ဟိုတယ်မှာ လူ ၄၄ ယောက် တည်းခိုသွားတယ်။ အခု အဲဒီလူတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်။ ဒီအနီးတစ်ဝိုက်မှာ နောက်ထပ်ဗုံးတွေ ရှိမရှိကိုလည်း စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းကလာပြီး စစ်ဆေးပြီးသွားပြီ။ ဗုံးနဲ့ပတ်သက်ပြီးမသင်္ကာစရာ ဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေ၊ လူတွေကို ရှာဖွေဖော်ထုတ် နိုင်အောင်လို့လည်း ဟိုတယ်မှာ တပ်ထားတဲ့ စီစီတီဗွီ ကင်မရာ လေးလုံး ကနေပြီး အခုရှာဖွေမှုတွေ လုပ်နေပါပြီ" ဟု စစ်ကိုင်းမြို့မ ရဲစခန်းမှ စခန်းမှူးဒုရဲမှူး သိန်းဆွေက ပြော ကြားသည်။

ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပွားအပြီး နှစ်နာရီကျော်ခန့်အကြာ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်ကလည်း စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်၏ ၀င်ပေါက်ကားပါကင်ထားရှိရာ အရှေ့ရှိ ပန်းခုံ၌လည်း ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းသို့ ပေါက်ကွဲမှုကြောင့် ပန်းခုံ၏ အောက်ခြေ အနီးတစ်ဝိုက် ပျက်စီးခဲ့ပြီး အနီးဝန်းကျင်၌ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

"ဗုံးလာထောင်တဲ့သူဆိုပြီးမသင်္ကာစရာလူတော့သတိမထားမိဘူး။မနက်အစောပိုင်းကြီး ပေါက်သွားတာ
ဆိုတော့ ညပိုင်းလောက်က လာထောင် သွားတာပဲ ဖြစ်မှာပေါ့။ နေ့ခင်းပိုင်းဆိုရင်တော့ ဘုရားပေါ်မှာ လူတွေရှိတော့ တစ်ယောက်မဟုတ်၊ တစ်ယောက်တော့ သတိထားမိမှာပါပဲ။ တခြားမြို့တွေမှာလည်း ဗုံးတွေပေါက်နေတာ ကြားရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို အခြေခံ လူတန်းစား၊ တစ်နေ့လုပ် တစ်နေ့စားတွေကတော့ ဗုံးအန္တရာယ် ရှိနေပေမယ့်လည်း အလုပ်တော့ လုပ်ရမှာပါပဲ။ ကိုယ်လုပ်မှ ကိုယ်စားရမှာလေ" ဟု ဆွမ်းဦးပုညရှင် စေတီတော် အနီးတွင် ဈေးရောင်းသူ တစ်ဦးက ပြောကြားသည်။

ဗုံးများ ဆက်တိုက်ပေါက်ကွဲ တွေ့ရှိသည့် ဖြစ်စဉ်များအပြင် ဗုံးဟုယူဆရသည့် အရာများကို တွေ့ရှိနေ သည့် ကောလဟလ သတင်းများလည်း လက်ရှိတွင် ထွက်ပေါ်နေသည်။ အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်က ကမ္ဘာအေး ဂမုန်းပွင့် ကုန်တိုက်ရှေ့တွင် စက္ကူဖြင့် ထုပ်ပိုးထားသည့် အထုပ်တစ်ထုပ် ကို တွေ့ရှိခဲ့ပြီး စစ်ဆေးကြည့်သည့်အ ခါ ကြော်ငြာလက်ကမ်း စာရွက်များသာ တွေ့ရှိခဲ့ရသည့်အပြင် ယင်းနေ့ညနေ ၆ နာရီခန့်တွင်လည်း လှိုင်မြို့နယ်၊ တံတားဖြူ မှတ်တိုင်အနီးတွင် စက္ကူဖြင့် စနစ်တကျ ထုပ်ပိုးထားသည့် ဗုံးဟုယူဆရသည့် မသင်္ကာဖွယ်ရာ အထုပ်နှစ်ထုပ် အား တွေ့ရှိခဲ့သည့် အပြင် အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းကလည်း ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းနှင့် ၃၈ လမ်းထောင့်ရှိ City Star Computer & Mobile အရောင်းဆိုင်ရှေ့တွင် မသင်္ကာဖွယ်ရာ အတက်ချီကေ့စ် အိတ်တစ်လုံး အား တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများက သွားရောက်စစ်ဆေးသည့်အခါ အထဲတွင် မည်သည့်အရာမှ မပါဝင်သည့် အိတ်တစ်လုံးသာဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ်၊ နတ်ချောင်းလမ်းရှိ တိုက်အမှတ် (၅) အရှေ့တွင် အောက်တိုဘာ ၁၅ ရက် ည ၆ နာရီ ၁၀ မိနစ်တွင် ဗုံးဟုယူဆရသော ပစ္စည်းတစ်ခု တွေ့ရှိခဲ့ကြောင်း တာမွေမြို့မ ရဲစန်းမှ သိရသည်။
ဗုံးဟု ယူဆ ရသော အရာမှာ ရေဒီယို တစ်လုံးဖြစ်ပြီး စတင်တွေ့ရှိသော နေရာမှ အနီးရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့သို့ ပြောင်းရွေ့၍ တာယာများဖြင့် ဖုံးထားခဲ့ပြီး ရဲစခန်း အကြောင်းကြားခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

"ဗုံးလို့ ယူဆရပြီး တွေ့ရှိခဲ့တဲ့ ပစ္စည်းကတော့ စတီးတံလေး ထောင်ထားတဲ့ ရေဒီယိုလေးပါ။ ပစ္စည်းကိုတော့ တပ်မတော် အင်ဂျင်နီယာတပ်ရင်းက လာရောက်ယူဆောင် သွားတယ်။ ဗုံးဟုတ်မဟုတ် ဆိုတာကိုတော့ တပ်မတော် အင်ဂျင်နီယာ တပ်ရင်းကပဲ စစ်ဆေးမှာပါ" ဟု တာမွေမြို့မ ရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။



Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here