Thursday, October 31, 2013
စက်မှုဇုန်လုပ်သားများ ခေတ်သစ်ကျွန်ပြုခံနေရဟု အစီရင်ခံစာထုတ်ပြန်
Categories :
31.10.2013
ဆန္ဒပြတောင်းဆိုမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် လုပ်ကိုင်နေ သည့် လုပ်သားများမှာ ခေတ်သစ်ကျွန်ပြုမှု ခံနေရကြောင်း လုပ်သားနှင့် လုပ်ငန်းခွင်ရေးရာ အတိုင်ပင်ခံ စင်တာ (LRC) က အစီရင်ခံ စာတစ်စောင်ကို အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။
လုပ်သားများသည် လုပ်အားခ နည်းပါးစွာဖြင့် အလုပ်ချိန် နာရီပေါင်းများစွာ လုပ်ကိုင်နေရပြီး ပုံမှန်အလုပ်ချိန်အတွင်း ရရှိသည့် လုပ်အားခဖြင့် ကြွေးမြီများပင် မဆပ်နိုင်သဖြင့် လုပ်သား အများစုမှာ အချိန်ပို မဖြစ်မနေ လုပ်ကိုင်နေရကြောင်း၊ လုပ်သားတစ်ဦး၏ အချိန်များစွာကို အလုပ်ထဲတွင် ပေးဆပ်နေ ရခြင်း၊ လူ့အခွင့်အရေးများ ဆုံးရှုံးနေရခြင်းများသည် ခေတ်သစ် ကျွန်ပြုမှု ခံနေရခြင်း ဖြစ်ကြောင်း LRC ရုံးခွဲ (၂) မှ တာဝန်ခံဖြစ်သူ ဦးနေလင်းထွေးက ပြောကြားသည်။
ခေတ်သစ်ကျွန်သဘောက် အမည်ရ အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ အောက်တိုဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့တော် တော်ဝင်နှင်းဆီးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
လုပ်သားများသည် လုပ်ငန်းခွင်ကို ၇ နာရီရောက် ရန် နှစ်နာရီခန့် စောပြင်ဆင်ရပြီး ည ၁၁ နာရီခန့်အထိ ပျမ်းမျှအလုပ် လုပ်နေရကြောင်း၊ အလုပ်ချိန် အလွန်အကျွံ လုပ်ကိုင်နေရသဖြင့် လုပ်သားအများစု၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဝလုံခြုံမှု၊ လူ့အခွင့်အရေး များစွာဆုံးရှုံးနေကြောင်း ဦးနေလင်းထွေးက ဆိုသည်။
“အလုပ်သမားတွေက ရှစ်သုံးလုံး (ရှစ်နာရီလုပ်၊ ရှစ်နာရီနား၊ ရှစ်နာရီပျော်) ဆို အိပ်မက်တောင် မမက်ရဲဘူး” ဟု ၎င်းက ထပ်မံပြောကြားသည်။
ကျွန်စနစ် ထွန်းကားခဲ့သည့် အချိန်ကာလကဲ့သို့ ငွေကြေးဖြင့် ဝယ်ယူကာ ကျွန်ပြုခြင်း မဟုတ်သော်လည်း လုပ်သားများသည် သွယ်ဝိုက်သော နည်းလမ်းဖြင့် ငွေကြေးဖြင့် ချုပ်နှောင်ကာ အလုပ်ရှင်များ ၏ ခေတ်သစ် ကျွန်ပြုခြင်း ခံနေရကြောင်း ဦးနေလင်းထွေးက သုံးသပ်သည်။“ရောမခေတ် ကလို ကျွန်တော့ မဟုတ်ဘူး။ ခေတ်သစ်ကျွန်” ဟု ၎င်းကဆက်လက် ပြောဆိုသည်။
အစီရင်ခံစာတွင် လုပ်သားအများစုသည် ရရှိသည့် လုပ်အားခဖြင့် မလုံလောက်ခြင်း၊ လုပ်ခများ ကို ခေါင်းစဉ်အမျိုးမျိုး တပ်ကာ ခိုင်းစေခြင်း၊ ညဥ့်နက်သည်အထိ လုပ်ကိုင်ရသဖြင့် အမျိုးသမီးလုပ်သား အများစု သွားလာရေးတွင် လုံခြုံမှုမရှိခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ စက်ရုံအများစု လုပ်ငန်း ခွင် ဘေး အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး စံနှုန်းများ (လေဝင်လေထွက်ပေါက်၊ အရေးပေါ် ထွက်ပေါက် စသည့်) နှင့် မညီညွတ်ခြင်း၊ ဥပဒေ ပြဋ္ဌာန်းချက်များတွင် အလုပ်သမားများ၏ အခွင့်အရေးကို ဟန့်တားနေ သည့် ပြဋ္ဌာန်းချက်များ ပါဝင်နေမှုများကို ထည့်သွင်း ဖော်ပြထားသည်။
ယင်းအစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ပေါင်း ၁၃ ခု ရှိ လုပ်သားအများစုကို ကိုယ်စားပြုနိုင်သည့် လုပ်သား ၁၀၀၀ ကျော်ကို မေးမြန်းထားချက်များ၊ စစ်တမ်းများကို အခြေခံရေး သားထားခြင်း ဖြစ်ကြောင်း LRC ထံမှသိရှိရသည်။
လုပ်သားတွေကို တည်ဆဲဥပဒေများအရလည်း အကာအကွယ် ပေးထားပြီး အချိန်ပို အလုပ်ချိန်များနှင့် ပတ်သက်၍လည်း မဖြစ်မနေ လုပ်ကိုင်ရမည်ဟု တင်းကျပ်ထားခြင်းမရှိဘဲ လုပ်သားများ၏ စိတ်ဆန္ဒ အရသာ လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောကြားသည်။“ဆန္ဒမပါဘဲ လုပ်တာမှ ကျေးကျွန်လို့ ပြောတာ။ အခုဟာက နှစ်ဦးသဘောတူ လုပ်ကြတာ။ ခေတ်သစ်ကျေးကျွန် လို့ ပြောလို့မရဘူး” ဟု ၎င်းကဆက်လက် ပြောဆိုသည်။
ခေတ်သစ်ကျွန်သဘောက် အစီရင်ခံစာတွင် လုပ်သားများ အခွင့်အရေးများနှင့် ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမား အဖွဲ့အစည်းများ၊ လုပ်သားအရေး ဆောင်ရွက် သူများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများကို အကြံပြုထားသည့် အချက်များ ပါဝင်သည်။
သြစတြေးလျနိုင်ငံ အခြေစိုက် လွတ်လပ်စွာ လျှောက်လှမ်းခွင့် ဖောင်ဒေးရှင်း (Walk Free Foundation) က ထုတ်ပြန်သည့် ၂၀၁၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန် ညွှန်းကိန်းတွင် မြန်မာနိုင်ငံ၌ လူပေါင်း ၃ ဒသမ ၅သိန်းမှ လေးသိန်းအထိ ခေတ်သစ် ကျေးကျွန် ဘဝကို ရောက်ရှိနေကြောင်း ဖော်ပြထားသည်။
LRC ကို ၂၀၁၂ ခုနှစ် မေလတွင် အလုပ်သမားအရေး ကျွမ်းကျင်သူများ၊ အလုပ်သမား အရေး ဆောင်ရွက်သူ များဖြင့် ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့တော်တွင် ရုံးနှစ်ရုံး ဖွင့်လှစ်ထားသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)