Wednesday, October 2, 2013

အခြေခံဥပဒေ ပြောင်းလဲရေး လွှတ်တော်လမ်းကြောင်းအတိုင်း သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

0 comments
နေပြည်တော်၊ အောက်တိုဘာ ၁

အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး အငြင်းပွားမှုများ ဖြစ်ပေါ်နေချိန်တွင် အခြေခံဥပဒေ ပြောင်းလဲရေးနှင့် ပတ်သက်၍ လွှတ်တော် လမ်းကြောင်းအတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ပထမနေ့ ပြီးဆုံးချိန်တွင် သတင်းမီဒီယာများနှင့် သီးသန့် တွေ့ဆုံစဉ် ၄င်းက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

အခြေခံဥပဒေကို စ၊ လယ်၊ ဆုံး ပြင်ဆင်ရန် ရည်ရွယ်ခဲ့ပြီး တိုင်းရင်းသား ပါတီများနှင့် ဆွေးနွေးချက်အရ ပြင်ချင်သူနှင့် အသစ်ပြန်လည် ရေးဆွဲလိုသူများ ရှိနေသဖြင့် လူထုသဘောထား ရယူပြီး ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီထံ တင်သွင်းသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

လူထုသဘောထား ရယူမည် ဆိုသည်မှာ ဆန္ဒမဲကောက်ခံခြင်းကို မဆိုလိုကြောင်း NLD ပါတီက တိုင်းရင်းသားဒေသများနှင့် မြို့နယ်များတွင် အောက်ခြေလူထု နှင့် ထိတွေ့ကာ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုကာ သဘောထား တောင်းရုံမျှသာ ဖြစ်ကြောင်း ၄င်းက ထပ်လောင်းရှင်းပြသည်။ 
"ဒါကော်မတီရဲ့ အလုပ်ဆိုတာ လက်ခံတယ်။ လွှတ်တော်ကတစ်ဆင့် လုပ်တာဟာ ဒီမိုကရေစီနည်း အကျဆုံးပေါ့" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်လမ်းကြောင်း မှနေ၍ ပြင်သင့် ပြင်ထိုက်သည်များကို ပြင်ဆင်ပြီး၊ အခက်အခဲ အချို့ကို လူထုသဘောထား နှင့်အညီ ဒီမိုကရေစီ နည်းကျကျ ဆောင်ရွက်ခြင်းကို လက်ခံကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက မှတ်ချက်ပြုသည်။
"ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစုကြည်) ပြောတာပြတ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောတာကြိုက်ပါတယ်" ဟု ၄င်းကဆိုသည်။
NLD က အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းကို ပြတ်ပြတ်သားသား ထုတ်ဖော် ပြောကြားသည်ကို ကြိုဆိုကြောင်း၊ သို့သော် လူထုသဘောထား ကောက်ခံမည် ဆိုရာတွင် သန်းခြောက်ဆယ်သော ပြည်သူထံမှ မည်သို့ ကောက်ခံမည်ကို နားမလည်နိုင်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

အခြေခံဥပဒေ ပြောင်းလဲရေးနှင့် ပတ်သက်သည့် လူထုသဘောထားမှာ လွှတ်တော်ကော်မတီ အပေါ် သြဇာ သက်ရောက်မည်ဟု ယုံကြည်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းနှင့် အာဏာရ ကြံ့ခိုင်ရေးပါတီက လိုလားမှုရှိ မရှိကို ယခုအချိန်တွင် ကောက်ချက်ချရန် စောနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ပြုပြင် ပြောင်းလဲရေးအတွက် အသစ်ပြန်လည် ရေးဆွဲရေး နည်းလမ်းထက် လွှတ်တော်က ချထားပေးသော အခြေခံဥပဒေပြင်ဆင်ရေး နည်းလမ်းကို ဆောင်ရွက်မှသာ လက်တွေ့ကျသော နိုင်ငံရေး လုပ်ဆောင်ချက် တစ်ရပ်ဖြစ်မည်ဟု ကရင်အမျိုးသား အစည်း အရုံး KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောဆိုထားသည်။ 

အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲပါက တပ်မတော်နှင့် ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့ကပြောဆိုသည်။ 

စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ က ထုတ်ပြန်သော ကြေညာချက်တွင် အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် အသစ် ပြန်လည် ရေးဆွဲရေးအတွက် ပြည်သူ့ဆန္ဒ ကောက်ခံမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ဖွဲ့စည်းထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်၏ အခြေခံ ဥပဒေ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်များကို အောက်တိုဘာလအတွင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါကော်မတီတွင် ပါဝင်သော လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here