Wednesday, October 2, 2013

မီဒီယာများ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု ရှောင်ကြဉ်ရန် သမ္မတပြောကြား

0 comments
2.10.2013

ဒီမိုကရေစီစနစ်အတွက် မဖြစ်မနေ လိုအပ်သည့် မီဒီယာလွတ်လပ်ခွင့်ကို စတင် အကောင်အထည် ဖော်ဆောင်နေချိန်တွင် မီဒီယာများ အနေနှင့် ပုဂ္ဂိုလ်ရေးပုတ်ခတ် တိုက်ခိုက်မှုများ မပြုလုပ်ကြရန် လိုအပ်ကြောင်း အောက်တိုဘာ ၁ ရက်နေ့တွင် ပြောကြားသည့် လစဉ်မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော် အစိုးရအနေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းနှင့် တစ်ပြိုင်နက် ဒီမိုကရေစီစနစ်နှင့် ခွဲခြားရန် ဖြစ်နိုင်သည့် မီဒီယာလွတ်လပ်ခွင့်ကို အရှေ့တောင်အာရှ နိုင်ငံအချို့ထက်ပင် ရှေ့ရောက်အောင် ဖော်ဆောင်ပေး နိုင်ခဲ့ကြောင်း၊ ဘက်ညီမျှတသည့် လူ့ဘောင်တစ်ရပ်ကို ထူထောင်နိုင်ရန်မှာ ထိုကဲ့သို့ လွတ်လပ်ခွင့် ရရှိလာ သည်နှင့်အမျှ မီဒီယာများအနေနှင့် တာဝန်ယူမှုလည်း ရှိရန်လိုကြောင်း ရေဒီယိုအသံလွှင့် ဌာနများ မှတစ်ဆင့် နိုင်ငံတော်သမ္မတက ပြောကြားသည်။

"ဒီမိုကရေစီအတွက် မရှိမဖြစ် လိုအပ်တဲ့ မီဒီယာလွတ်လပ်ခွင့်ကို မျိုးစေ့ချ ဆောင်ရွက်နေတဲ့ အချိန်မှာ မီဒီယာကျင့်ဝတ်၊ မီဒီယာစည်းကမ်း များကို လိုက်နာဖို့၊ အခြေအမြစ် မရှိတဲ့သတင်းတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက် ပုတ်ခတ်မှုတွေ ပြုလုပ်ခြင်းကို ရှောင်ရှားကြဖို့ လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်" ဟု အဆိုပါ မိန့်ခွန်းတွင် ထပ်မံပြောဆိုသည်။

ယင်းအပြင် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးနှင့် တိုက်ရိုက်သက် ဆိုင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု များသည် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်များနှင့် အခြေခံကျစွာ ဆက်နွှယ်နေကြောင်း သမ္မတကြီးက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်တွင် စာပေစိစစ်ရေး အဖွဲ့ကို ဖျက်သိမ်းလိုက်ချိန် ကစ၍ ပုဂ္ဂိုလ်ရေး ပုတ်ခတ် တိုက်ခိုက်သည့် အရေးအသားများ သတင်းမီဒီယာများတွင် ပိုမိုတွေ့လာ ရပြီး အဆိုပါ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ် ရေးသားနေသည့် လူပြိန်းကြိုက် သတင်း မီဒီယာများကို လူကြိုက် များနိုင်သော်လည်း ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု လျော့ကျစေ နိုင်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများ ကွန်ရက် (MJN) မှ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က The Voice သို့ ပြောကြားသည်။

ယင်းကဲ့သို့ တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ် ရေးသားနေသည့် လူပြိန်းကြိုက် စာပေများ ရေးသားဖော်ပြနေသည့် သတင်းမီဒီယာ အများစုမှာ ယခင်အစိုးရ အာဏာပိုင် အသိုင်းအဝိုင်းနှင့် နီးစပ်သည့် ပုဂ္ဂိုလ်များ ဦးစီးလုပ်ကိုင်နေသည့် မီဒီယာများဖြစ်သည်ကို တွေ့ရှိရပြီး သတင်းမီဒီယာ လောကကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် တမင်လုပ်ဆောင် နေသလို ဖြစ်ကြောင်း ဦးမြင့်ကျော်က ဆိုသည်။
"အဲဒီလို ရေးသားမှုတွေနဲ့ ပတ်သက်ပြီး မနေ့ကပဲ MJN အဖွဲ့ဝင်တွေ စည်းဝေး တိုင်ပင်ခဲ့ပါတယ်၊ အဲဒါမျိုးတွေကို အရေးယူနိုင်တဲ့ အခွင့်အာဏာတော့ ကျွန်တော်တို့မှာ မရှိပါဘူး။ စောင့်ကြည့်၊ ထောက်ပြနိုင်တာ လောက်ပဲ တတ်နိုင်မှာပါ၊ အရေးယူဖို့ ဆိုတာက ကာယကံရှင် ကိုယ်တိုင်က မကျေနပ်ရင် ဥပဒေကြောင်းအရ တရားစွဲလို့ ရပါတယ်" ဟု ၄င်းက ပြောကြားသည်။

သတင်းမီဒီယာများ၏ သဘောသဘာဝ အရ ပဋိပက္ခများနှင့် စစ်ပွဲများ အပါအဝင် အဆိုးဖြစ်ရပ်များ ကိုသာ ဦးစားပေး ဖော်ပြရသည်ကို နားလည်ပါကြောင်း၊ သတင်းသမားများ အနေနှင့်လည်း မိမိတို့ ကြားသိရသည့် သတင်းရင်းမြစ် များကို ကာကွယ်ရန် လိုအပ်သလို အမှန်အတိုင်း ရေးသားဖို့လည်း လိုအပ်ကြောင်း၊ တတ်နိုင်သမျှ ဘက်နှစ်ဖက် မျှတရန် ကြိုးစားလုပ်ဆောင် သင့်ကြောင်း၊ ပြည်သူလူထုကို အကျိုးရှိစေမည့် သတင်းများကို ရွေးချယ်နိုင်ဖို့လည်း လိုအပ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။

(အောင်မျိုးထက်)<<The Voice Weekly <<Thanks

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here