Thursday, October 10, 2013

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

0 comments
အောက်တိုဘာ ၉ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲမြင်ကွင်း
 
Thursday, October 10, 2013

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင် ရာဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၉ ရက်က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ် အစည်းအဝေးခန်းမ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦးက''ဒီဥပဒေတွေကို လေ့လာတဲ့အခါကျတော့ ၁၈၅၀ လောက်က ထွက်လာတဲ့ ဥပဒေတွေ ပါနေပါတယ်။ ဥပဒေအားလုံးရဲ့ အနှစ်ချုပ်ကို ပြောရရင် အရင်ကိုလိုနီခေတ် က ရေးခဲ့လို့ အဲဒီတုန်းက သူတို့က အုပ်ချုပ်သူ၊ ကျွန်တော်တို့က ကျွန်ဘ၀ဖြစ်နေတယ်။ ကျွန်တော်တို့ကို ချုပ်ကိုင်ဖို့ အားလုံးနီးပါးမှာ တားမြစ်ချက်တွေ၊ ပြစ်ဒဏ်တွေ အကုန်လုံးပါ ပါတယ်။ အနေအထားကတော့ အထက်စီးကရေးတဲ့ ဥပဒေလို့ သုံးသပ်တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဥပဒေ အားလုံးသည် ပြင်ဖို့လိုမယ့် အနေအထားကိုလည်း သွားပြီးသုံးသပ်လို့ ရပါတယ်။လွှတ်တော်သက်တမ်းက နှစ်နှစ်ကျော်ပဲ ကျန်ပါတော့တယ်။ ကျွန်တော်ခုနက တင်ပြတဲ့ ဥပဒေအားလုံး ကို ပြင်ဆင်ရေးဆွဲဖို့ မဖြစ်နိုင်ပါဘူး။ အသင်းအဖွဲ့တွေ အားမကောင်းရင် ဒီမိုကရေစီ နိုင်ငံတည်ထောင်ဖို့ အချိန်ကြန့် ကြာမှာ ဖြစ်ပါတယ်။ အသင်းအဖွဲ့တွေ အားကောင်းရင် အချိန်တိုတိုနဲ့ ရည်မှန်းချက်နေရာကို ရောက်မှာဖြစ်ပါတယ်'' ဟု ပြောကြားသည်။

''ပြည်သူ့လွှတ်တော် ၀က်ဘ်ဆိုက်မှာ တင်ထားတဲ့ နောက်ဆုံးဥပဒေကြမ်းကို နည်းနည်း ထပ်ပြီး ဖြည့်စွက်ချင်တာလေး ရှိပါတယ်။တော်တော်များများက ဟောင်းနေပြီ။ ဒီထက် ပိုကောင်းအောင်ဆိုပြီး အနက်အဓိပ္ပာယ် ဖွင့်ဆိုမှုတွေမှာဆိုရင် နည်းနည်း ထွေထွေပြားပြား ဖြစ်နေပါတယ်။ မရှင်းမလင်းတာတွေ ဖြစ်နေပါတယ်။ ကျန်ခဲ့တာတွေ ရှိနိုင်တဲ့အတွက် အဲ့ဒါတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်းဖြစ်အောင် ဒီလိုမျိုးလုပ်ရင် ကောင်းမယ်ဆိုတာမျိုးကို ဆွေးနွေးဖို့အတွက် ဒီနေ့တွေ့ဆုံတာ ဖြစ်ပါတယ်။ ဒီဥပဒေကို အတည်ပြုဖို့ကတော့ သူတို့ လူကြီးတွေ ပြောပုံအရ ဒီဥပဒေကြမ်းကို ဆွေးနွေးပြီးရင် ပြည်သူ့လွှတ်တော်ထဲကို တင်တော့မယ်။ အဲ့ဒီမှာ ထပ်ပြီးဆွေးနွေးကြမယ်ပေါ့''ဟု Triangle Woman Supports Group မှ ဒေါ်ခင်လေးက ပြောကြားသည်။

ဒေါ်ခင်လေးက ''ဒီဥပဒေကြမ်းကို လွှတ်တော်အစည်းအဝေးကာလမှာ အတည်ပြုနိုင်အောင် လုပ်မယ်လို့တော့ ပြောတယ်။ ဒီဟာကို အရပ်ဘက်လူ့အဖွဲ့အစည်းက တောင်းဆိုလို့ လွှတ်တော်ရေးရာကော်မတီနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီကနေ ပြန်တွေ့ဆုံပေး တာပါ။ ဒီဥပဒေကြမ်းကို လွှတ်တော်ထဲမှာ မဆွေးနွေးခင်ထိတော့ ဒါ နောက်ဆုံးဆွေးနွေးခြင်းပါပဲ။ သူတို့က လမ်းဖွင့်ပေးထားတာရှိတယ်။ လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့အခါမှာ ထပ်ပြီး ကျွန်မတို့ ဆွေးနွေးချင်တယ်ဆိုရင် ဖြည့်စွက်ချင်ရင် ပြင်ဆင်ခြင်ရင် လုပ်လို့ရသေးတယ်လို့ ပြောပါတယ်''ဟု ပြောကြားသည်။

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကော်မတီ၊ ကော်မရှင်များမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here