Sunday, October 13, 2013

လွှတ်တော်နိုင်ငံရေးနှင့် လုံးပါးပါးလာသော အတိုက်အခံ

0 comments
(အောက်တိုဘာ ဒုတိယပတ် အတွင်းက ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်)

Written by - ဒေါက်တာရန်မျိုးသိမ်း

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေး ကာလတွင် ပြည်သူလူထု အများစုကြီး၏ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် သိသိသာသာ တိုးတက်ပြောင်းလဲမှုများ မရှိသေးသော် လည်း ပြည်သူလူထု ဘက်မှ ပြတ်ပြတ် သားသား ရပ်တည်မည့် အတိုက်အခံ အင်အားစုများမှာမူ လွှတ်တော်နိုင်ငံရေးတွင် တဖြည်းဖြည်း နည်းပါးလာသည့် အသွင်ဆောင်နေသည်။

ပါတီစုံ ဒီမိုကရေစီ စနစ်တွင် အထွေထွေ ရွေးကောက်ပွဲများ၏ လွတ်လပ်၍ တရားမျှတမှုသည် လွှတ်တော်၏ ပြည်သူလူထုကို ကိုယ်စားပြုနိုင်ခြေနှင့် ဆက်စပ်နေသည်။ ရွေးကောက်ပွဲများအလွန် လွှတ်တော်နိုင်ငံရေးတွင် လွှတ်တော်တွင်း အတိုက်အခံ များ၏ အင်အားသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အဓိကကျသည်။ လတ်တလော မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လွှတ်တော်အသီးသီး၌ လွှတ်တော်တွင်း အတိုက်အခံတို့၏ အခန်းကဏ္ဍသည် တဖြည်းဖြည်း မှေးမှိန်လာလျက် ရှိသည်ဟု သုံးသပ်နိုင်သည်။

လွှတ်တော်တွင်း အတိုက်အခံ သို့မဟုတ် အတိုက်အခံ နိုင်ငံရေး ပါတီများသည် အစိုးရ မူဝါဒများ၊ စီမံကိန်းများ၏ အားနည်းချက်များ၊ လိုအပ်ချက်များ၊ လွှတ်တော်မှ ပြဋ္ဌာန်းသည့် ဥပဒေများ၊ စည်းမျဉ်းများ၏ အားနည်းချက်များ၊ ဟာကွက်များကို မဲဆန္ဒရှင် ပြည်သူလူထုဘက်မှ ရပ်တည်လျက် ထောက်ပြဆွေးနွေးကြသည်။ ယေဘုယျအားဖြင့် လွှတ်တော်နိုင်ငံရေးတွင် အာဏာရပါတီနှင့် မိတ်ဆွေပါတီများမှလွဲ၍ ကျန်ပါတီများ အားလုံးသည် အတိုက်အခံ နိုင်ငံရေး ပါတီများပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာ့လွှတ်တော် နိုင်ငံရေးတွင် ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဆွေပါတီများမှလွဲ၍ ဒီချုပ်နှင့် တိုင်းရင်းသား ပါတီများ အပါအ၀င် ကျန်နိုင်ငံရေး ပါတီများသည် အတိုက်အခံနိုင်ငံရေး ပါတီများပင် ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။

လွှတ်တော်နိုင်ငံရေးတွင် အတိုက်အခံသည် အရေးကြီးသည့်နည်းတူ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်သည်လည်း အလွန်ပဓာန ကျသည်။ အတိုက်အခံ ခေါင်းဆောင်သည် လွှတ်တော်တွင်းရှိ အတိုက်အခံနိုင်ငံရေး ပါတီများအနက် လွှတ်တော်အမတ်နေရာအများစုရရှိထားသော နိုင်ငံရေးပါတီ၏ ခေါင်းဆောင်ဖြစ်သည်။ထို့ကြောင့် မြန်မာ့လွှတ်တော်၏

 ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၄၂ ဦး အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အာဏာရပါတီပြီးလျှင် ကိုယ်စားလှယ် ဒုတိယအများဆုံး ပါတီဖြစ်သဖြင့် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်၏ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်အဖြစ် သတ်မှတ်ရမည် ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို မချိုးဖောက်ခြင်းနှင့် တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် သစ္စာရှိခြင်းတို့အပေါ် အခြေခံသော အတိုက်အခံ နိုင်ငံရေးကို ဒီမိုကရက်တစ် ၀န်းကျင်တွင် ရာစုနှစ်ပေါင်း များစွာကတည်းက လက်သင့်ခံပြီး ဖြစ်သော်လည်း မြန်မာ့လွှတ်တော် အခင်းအကျင်းတွင် မြန်မာလူထု အများစုကြီး အနေဖြင့် အတိုက်အခံ ခေါင်းဆောင်ကို လွှတ်တော်က ကွယ်နေသည့်ပုံစံ ခံစားကြရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူ လူထုအများစုကြီး၏ ယုံကြည်လေးစားခံရသော ခေါင်းဆောင်တစ်ဦး ဖြစ်လင့်ကစား လွှတ်တော်နိုင်ငံရေးတွင်မူ အတိုက်အခံခေါင်းဆောင် တစ်ဦးအဖြစ် ရပ်တည်မှု အပိုင်းတွင် အားနည်းလျော့ရဲလျက် ရှိသည်မှာ မငြင်းနိုင်သော အချက်ပင် ဖြစ်သည်။

ဒီမိုကရက်တစ် နိုင်ငံရေး၏ ကောင်းမွန်သော လက္ခဏာမှာ အာဏာရပါတီနှင့် အာဏာပိုင်တို့သည် အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များကို နည်းပင်နည်းသော်ငြား မြင့်မြင့်မားမား အသိအမှတ်ပြုခြင်းနှင့် တန်ဖိုးထားခြင်း ဖြစ်သည်။ မဲအများစုရရှိသူ အနိုင်ရရှိသည့် ရွေးကောက်ပွဲ စနစ်တွင် အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ် ဦးရေသည် တစ်ခါတစ်ရံ နည်းပင်နည်းနေသော်လည်း အတိုက်အခံ ကိုယ်စားလှယ် အနည်းစုကို ထောက်ခံသူဦးရေမှာ ပြည်သူထဲတွင် များစွာရှိနေတတ်သည်။ ထို့ကြောင့် လွှတ်တော်ထဲတွင် အတိုက်အခံ ကိုယ်စားလှယ်ဦးရေ နည်းပါးသော်လည်း မဲဆန္ဒရှင် ပြည်သူများအကြား အတိုက်အခံ ကိုယ်စားလှယ်များအပေါ် ထောက်ခံမှုသည် မြင့်မားနေတတ်သည်ကို မျက်ခြည်မပြတ် သင့်ပါ။

လွှတ်တော်နိုင်ငံရေးတွင် ပြည်သူသည် အတိုက်အခံ ကိုယ်စားလှယ်များကို နိုင်ငံရေး ရွှေဘအဖြစ် သတ်မှတ်လေ့ရှိပြီး အာဏာရပါတီ၏ ကိုယ်စားလှယ်များကိုမူ နိုင်ငံရေး လူကြမ်းများ၊ ဗီလိန်များအဖြစ် ရှုမြင်တတ်ကြသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် အတိုက်အခံသည်လည်း ရွှေဘနှင့် လူကြမ်းဗီလိန် စည်းခြားရပ်ပြ ထားမှသာ ပြည်သူအနေဖြင့် ကောင်းစွာသိမြင် သဘောပေါက်မည် ဖြစ်သည်ကို သတိချပ်သင့်သည်။

မဲဆန္ဒရှင် ပြည်သူတို့သည် အစိုးရ၏ စီမံချက်များ၊ စီမံကိန်းများ၊ အစီအစဉ်များ၊ လွှတ်တော်၏ ဥပဒေများ၊ စည်းမျဉ်းများနှင့် ပတ်သက်၍ အားနည်းချက်များ၊ လိုအပ်ချက်များကို ပိုင်ပိုင်နိုင်နိုင် ဝေဖန်ထောက်ပြကာ၊ အချက်အလက် အပြည့်အစုံနှင့် ဆွေးနွေးပြနိုင် သူများကို သဘောကျ၊ တန်ဖိုးထားတတ်ကြသည်။ ထို့အပြင် မဲဆန္ဒရှင်များ အနေဖြင့် အတိုက်အခံများ၏ ဆွေးနွေးချက်များသည် ပကတိ အခြေအနေနှင့် အပ်စပ်လွန်းပါက အတိုင်းမသိ ၀မ်းသာအားကိုး တတ်ကြသည်။

ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးတွင် စတုတ္ထမဏ္ဍိုင်ဟု ဆိုနိုင်သော သတင်းမီဒီယာ များသည်လည်း အတိုက်အခံခေါင်းဆောင်၊ အတိုက်အခံ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကိုသာ စိတ်ဝင်စားတတ် နားစွင့်တတ်ကြပြီး အတိုက်အခံ၏ အသံကို သတင်းအဖြစ် ဦးစားပေး ဖော်ပြတတ်ကြသည်။ ပြည်သူလူထု၏ လွှတ်တော်အပေါ် စိတ်ဝင်စားမှုနှင့် ထောက်ခံမှုသည်လည်း အတိုက်အခံ ပါတီများ၊ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်း လှုပ်ရှားမှုများ၊ လွှတ်တော်တွင်း ဆွေးနွေးမှုများနှင့် များစွာဆက်စပ်လျက် ရှိသည်။ အတိုက်အခံ နိုင်ငံရေး ပါတီများနှင့် ခေါင်းဆောင်များ၏ အသံများကို သတင်းစာများတွင် မျက်နှာဖုံး၌ စာလုံးမည်းကြီးများနှင့် ဖော်ပြတတ်ကြသည်။ မြန်မာ့နိုင်ငံရေးတွင်မူ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်များနှင့် ပါတီများ၏ သဘောထား မှတ်ချက်များကို သတင်းစာများ၌ ခေါင်းစီးစာလုံး မည်းကြီးများဖြင့် ဖော်ပြနိုင်မှုအပိုင်းတွင် အားနည်းချို့တဲ့နေဆဲ ဖြစ်သည်။

ပါတီစုံ ဒီမိုကရေစီ လွှတ်တော်နိုင်ငံရေးတွင် အတိုက်အခံမရှိဟူသော ပြောဆိုမှုသည် နိုင်ငံရေးပြက်လုံး သက်သက်သာဖြစ်သည်။ အတိုက်အခံ နိုင်ငံရေးပါတီများနှင့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် မရှိသော နိုင်ငံရေး အခင်းအကျင်းသည် လက်တွေ့အားဖြင့် ဆားမပါသော ဟင်းလျာပင် ဖြစ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အတိုက်အခံအဖြစ် အလားအလာကောင်းသော နိုင်ငံရေး ပါတီများကို စနစ်တကျ မြေတောင်မြှောက်ပေးရမည်မှာ လိုအပ်ချက်တစ်ရပ် ဖြစ်သည်။ ထို့ကြောင့် အစိုးရနှင့် အာဏာရပါတီသည် အတိုက်အခံ နိုင်ငံရေး အားကောင်းလာအောင် ပံ့ပိုးကူညီ ပေးသင့်သည်ဟု အကြံပြုလိုပါသည်။ အာဏာရပါတီသည် တစ်ချိန်တွင် အတိုက်အခံပါတီ၊ အတိုက်အခံပါတီသည် တစ်ချိန်တွင် အာဏာရပါတီ ဖြစ်တတ်သည်မှာ နိုင်ငံရေး အနိစ္စသဘော၊ နိုင်ငံရေး သင်္ခါရသဘောပင် ဖြစ်သည်။ အတိုက်အခံရှိမှ ဒီမိုကရက်တစ် ယဉ်ကျေးမှု၏ အတောင်အလက်များ စုံလင်လာမည် ဖြစ်သည်။

အတိုက်အခံခေါင်းဆောင် သို့မဟုတ် ပါတီ၏ အဓိကတာဝန်များထဲမှ တစ်ခုသည် အစိုးရလုပ်ငန်း ဆောင်ရွက်မှုများကို တာဝန်ယူမှု၊ လုပ်ငန်းစွမ်းဆောင်ရည်နှင့် ပွင့်လင်းမြင်သာမှု စသည့်ရှုထောင့်များမှ ဆန်းစစ်လေ့လာခြင်း ဖြစ်သည်။ အထူးသဖြင့် အစိုးရအဖွဲ့၏ နိုင်ငံတော် ဘဏ္ဍာငွေ ရယူသုံးစွဲမှုများနှင့် ပတ်သက်၍ အတိုက်အခံများ အနေဖြင့် ခရေစေ့တွင်းကျ စောင့်ကြည့်လေ့လာပြီး လွှတ်တော်အစည်းအဝေးများတွင် မေးခွန်းထုတ်ကြရမည် ဖြစ်သည်။ အတိုက်အခံများ၏ မေးခွန်းများနှင့် အဆိုများသည် ပြည်သူလူထု၏ ရင်ခုန်သံများ၊ ဆန္ဒများ၊ သဘောထားများနှင့် ထပ်တူကျ၊ စည်းဝါးကိုက်နေရန် လိုအပ်သည်။

လွှတ်တော်ကော်မတီများသည် အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များအတွက် အစိုးရနှင့် အာဏာရ ပါတီတို့၏ နိုင်ငံရေး စွမ်းဆောင်ရည်ကို စောင့်ကြည့်လေ့လာနိုင်ရန် အကောင်းဆုံး မျက်နှာစာများ ဖြစ်သည်။ လုပ်ငန်းစစ်ဆေးရေး၊ စုံစမ်းစစ်ဆေးရေးတို့နှင့် ဆက်စပ်သော လွှတ်တော်ကော်မတီများတွင် အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များကို ပိုမိုနေရာ ပေးသင့်သည်။ ထို့အပြင် အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်ကော်မတီများတွင် အတိုက်အခံ အမြင်နှင့် ပြည်သူလူထုဘက်မှ ရပ်တည်အလုပ်လုပ်ရမည်။ အတိုက်အခံ အမြင်နှင့် ပူးပေါင်းအလုပ် လုပ်သည်မှာ ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်သကဲ့သို့ အစိုးရနှင့် အာဏာပိုင်များ လုပ်သမျှကို ပုံအောကန့်ကွက် နေခြင်းမဟုတ်သည်ကို ကောင်းစွာနားလည်ပြီး ဖြစ်သည့်အလျောက် နိုင်ငံရေး အတိုက်အခံကို ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် ရောနှောတံဆိပ်မကပ်ရန် ဆော်သြလိုသည်။

မြန်မာ့လွှတ်တော်တွင် ပါတီခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် သတင်းမီဒီယာများနှင့် မိတ်ဆွေပုံစံ တည်ဆောက်ထားသင့်သည့်အပြင် သတင်းမီဒီယာများကို ပါတီခေါင်းဆောင်များက လမ်းညွှန်ဆုံးမသည့် သဘောအပြောအဆိုများကို ရှောင်ကြဉ်ခြင်းဖြင့် သတင်းမီဒီယာများအပေါ် တူမျှသော အလေးထားမှု၊ တန်ဖိုးထားမှုကို ပြသသင့်သည်။ ထို့အပြင် အတိုက်အခံတို့သည် အာဏာရပါတီ၊ အစိုးရတို့နှင့် ထိတွေ့ဆက်ဆံမှုများကို ပြည်သူထံသို့ သတင်းမီဒီယာများမှတစ်ဆင့် ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးနေရန် လိုအပ်သည်။

အတိုက်အခံများသည် အာဏာရ ပါတီကဲ့သို့ အစိုးရကဲ့သို့ ပြုမူပြောဆိုမှုများကို အထူးဆင်ခြင် သင့်သည်။ ဒီမိုကရက်တစ် နိုင်ငံရေးတွင် အစိုးရသည် အစိုးရ၊ အာဏာပိုင်သည် အာဏာပိုင်၊ အတိုက်အခံသည် အတိုက်အခံပင် ဖြစ်သည်။ အတိုက်အခံများသည် အာဏာရပါတီနှင့် ပလူးပလဲ လုပ်လျှင်သော် လည်းကောင်း၊ အတိုက်အခံများသည် အစိုးရကဲ့သို့ ပြုမူ၊ ပြောဆိုလာလျှင်သော် လည်းကောင်း၊ ပြည်သူလူထုနှင့် သတင်းမီဒီယာများ အနေဖြင့် အတိုက်အခံ ပျောက်ဆုံးပြီဟု ခံစားလာရ တတ်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေး ၀န်းကျင်တွင်လည်း အတိုက်အခံများသည် အာဏာပိုင်များနှင့် တတ်နိုင်သမျှ စည်းခြားရပ်တည်နိုင်ရန် လိုအပ်သည်။ အတိုက်အခံ အားမကောင်းသော နိုင်ငံရေး ၀န်းကျင်တွင် အတိုက်အခံကို အားကောင်းလာအောင် တည်ဆောက်ရမည်မှာ ဒီမိုကရက်တစ် စနစ်ကို ထူထောင်လိုသော အတိုက်အခံ နိုင်ငံရေး ပါတီများတွင် သာမက အာဏာပိုင်များနှင့် အာဏာရ ပါတီတွင်လည်း တာဝန်ရှိသည်။

အမျိုးသားပြန်လည် သင့်မြတ်ရေး သို့မဟုတ် ယုံကြည်မှု တည်ဆောက်ရေးကို အကြောင်းပြုလျက် အတိုက်အခံများသည် အာဏာရပါတီ၊ အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်ရသည့် အခြေအနေများ ရှိတတ်သည်မှာ သဘာဝဖြစ်သည်။ သို့သော် အတိုက်အခံများ အနေဖြင့် မိမိ၏ အတိုက်အခံဟူသော နိုင်ငံရေး ဆိုင်းဘုတ်ကို ပြုတ်ကျစေလောက်သည်အထိ အစိုးရ၊ အာဏာရ ပါတီတို့နှင့် အလွန်အကျွံ လုံးထွေးမသွားစေရန် သတိချပ်သင့်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများနှင့် ပါတီခေါင်းဆောင်များသည် အာဏာပိုင်များနှင့် ဆက်ဆံရာတွင် ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ယူမှုရှိရှိ၊ အသိပေး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။

ယနေ့အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင် အတိုက်အခံ နိုင်ငံရေးပါတီများ အစုအဖွဲ့ကို စနစ်တကျ ဦးဆောင်မှု ပေးနိုင်သည့် အသွင်အပြင် မတွေ့ရှိရသည့်အပြင် တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် အခြားအတိုက်အခံ ပါတီများကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စနစ်တကျ ခေါင်းဆောင်မှု ပေးနိုင်သည်ကိုလည်း မတွေ့ရှိရသေးပေ။ အကယ်စင်စစ် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်နိုင်ငံရေးတွင် အတိုက်အခံ ခေါင်းဆောင်အဖြစ် ပီပီပြင်ပြင် ရပ်တည်ပြီး မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်တွင် ဒီမိုကရက်တစ် ယဉ်ကျေးမှု စစ်စစ်ကို တည်ဆောက်သင့်သည်။

နိဂုံး


အချုပ်အားဖြင့်ဆိုသော် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးတို့တွင် အတိုက်အခံသည် မရှိမဖြစ် နိုင်ငံရေးမင်းသား ဖြစ်သည်။ လက်ရှိ လွှတ်တော်ထဲတွင် အတိုက်အခံမရှိ သို့မဟုတ် အတိုက်အခံ အားမကောင်းသည်ကို မည်သို့မည်ပုံ ပြုပြင်သင့်ကြောင်း၊ စီမံချက် ချမှတ်ပုံဖော်သင့်ပြီး ရေတို၊ ရေရှည် စီမံချက်ကို ကိုင်လျက် နိုင်ငံရေးအရ ကတုံးပေါ် ထိပ်ကွက်မည့် သူများကို ခေါင်းမထောင်နိုင်အောင် ပြုလုပ်သင့်သည်။ အတိုက်အခံ နိုင်ငံရေးသည် လုံးပါးပါး သွားမည်ဆိုလျှင် ပါတီစုံ ဒီမိုကရေစီ၏ အသွင်ရုပ်ကိုလည်း ထိခိုက်စေနိုင်သည်။ မြန်မာ့နိုင်ငံရေးတွင် ဒီချုပ်နှင့် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် အတိုက်အခံ နိုင်ငံရေး လမ်းပေါ်၌ အားကောင်းမောင်းသန် ရပ်တည်နိုင်ရန် အလားအလာကောင်းများ ရှိနေသည့်အလျောက် မဖြစ်မနေ အတိုက်အခံအဖြစ် ရပ်တည်နိုင်ရန် အားထုတ်သင့်သည်။ သို့မှသာ မြန်မာ့နိုင်ငံရေးသည် ပြည်သူလူထု၊ သတင်းမီဒီယာများနှင့် စိတ်ပါဝင်စားသူများအတွက် ရင်ခုန်စရာများ ပြည့်နှက်နေသည့် ခေတ်ပြိုင်အခင်းအကျင်းတစ်ခု ဖြစ်လာနိုင်မည် ဖြစ်သည်။ အတိုက်အခံနိုင်ငံရေး လုံးပါးပါးမလာစေရန် ၀ိုင်းဝန်းထိန်းသိမ်း ကြရမည်မှာ တာဝန်သိသော၊ ပွင့်လင်းသော နိုင်ငံရေးဖြစ်တည်မှု၏ တွန်းအားပင် ဖြစ်သည်။



Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here