Sunday, October 20, 2013
ထူးကြီးရွာသား လွတ်မြောက်လာသူများအရေး တိုင်းဧရာအစိုးရ ခေါင်းထဲ မထည့်ဟု ဝေဖန်မှုများရှိလာ
Categories :
Sunday, October 20, 2013
ဟင်္သာတခရိုင်၊ထူးကြီးကျေးရွာမှ ဒေသခံပွဲစားများ၏သွေးဆောင်ဖြားယောင်းမှုကြောင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ ရာဘာစိုက်ပျိုးရေးခြံတစ်ခြံ၌ ဒုက္ခရောက်ခဲ့ရသော ရွာသားများကို ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်မှ နေရပ်သို့ တာဝန်ယူပြန်လည်ပို့ဆောင်ပေးခဲ့ရာ ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ ကြိုတင်သိရှိခဲ့သော်လည်း တစ်စုံတစ်ရာကူညီပေးမှုမရှိသည့်အတွက် ဒေသသို့ပြန်လည်အပ်နှံပွဲကို လမ်းဘေး၌ပင် ကျင်းပ ပြုလုပ်ခဲ့ရသည်ဟု ဒေသခံတို့က ဆိုသည်။
တစ်နေ့လုပ်အားခ(၄၅၀၀)အနည်းဆုံးရမည်ဟုဆိုကာ အလုပ်အကိုင်ရှားပါးသောထူးကြီးကျေးရွာမှဒေသခံများကို လူပွဲစားများမှ ဖြားယောင်း သွေးဆောင်ကာ တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်မှ ရာဘာထူးထူးတိုး စိုက်ပျိုးရေးခြံသို့ ရောင်းစားခဲ့သဖြင့် ဒုက္ခရောက်ခဲ့ကြရာမှ ပြန်လည် လွတ်မြောက်လာခဲ့သော ဒေသခံ (၆၅)ဦးအား သာသနာရေးဝန်ကြီးဌာနမှ တာဝန်ယူကာနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ သော်လည်း အပ်နှံပွဲကိုလမ်းဘေး၌ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။
“ဖြစ်ရပ်ကတော့တော်တော်ဆိုးတယ်ဗျာ၊ ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့တွေကို ပြည်ထောင်စုအဆင့်က တာဝန်ယူပြီး နေရပ်အရောက် လိုက်ပို့ပေးတာ လမ်းခရီးတစ်လျှောက်မြို့တွေက အုပ်ချုပ်ရေးတွေ၊ ပြည်သူတွေကတောင် သနားလို့ ကူညီစောင့်ရှောက်ပေးကမ်းကြတယ်၊ ကိုယ်ရပ်ကိုယ့်နေရာကိုပြန်ရောက်မှ လမ်းဘေးမှာအပ်နှံပွဲ ကျင်းပပြီး အပ်ခဲ့ရတော့ ကျွန်တော်တို့တစ်တွေကို တိုင်းအစိုးရက ခေါင်းထဲကို မထည့် တာ သိသာတယ်”ဟု ပြန်လည်ရောက်ရှိလာသူ ရွေ့ပြောင်းအလုပ်သမားဒုက္ခသည်တစ်ဦးက ပြောသည်။
ထိုသို့ဖြစ်ခဲ့ရခြင်းမှာ ထူးထူးတိုးရာဘာစိုက်ပျိုးရေးခြံတွင်း ၄င်းတို့သိရှိခဲ့ရသော ပိုင်ရှင်ဖြစ်သူမှာ အမှတ်(၂) “၀”ဒေသမှ ငြိမ်းချမ်းရေးယူထားပြီး စင်ကာပူ၌ နေထိုင်နေသူတစ်ဦးဖြစ်ပြီး ပိုင်ရှင်သြဇာသက်ရောက်မှုကြောင့်ဟု ထင်မြင်မိကြောင်း ၄င်းကဆက်ပြောသည်။
ရာဘာပင်များစိုက်ရမည်၊ဆေးဖြန်းရမည်တစ်ရက်လျှင်(၄၅၀၀)ကျပ်ရမည်ဟု မက်လုံးပေးခေါ်ဆောင်ခဲ့မှုကြောင့် စက်တင်ဘာလ(၁၈)ရက် နေ့တွင် အလုပ်လုပ်ကိုင်ရန်လိုက်ပါသွားသော ထူးကြီးကျေးရွာအုပ်စုမှ လုပ်သား(၁၀၃)ဦးကို တစ်ဦးလျှင်(၁၄၀၀၀)ကျပ်ဖြင့် ကော့သောင်း ခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်းရှိ ထူးထူးတိုးရာဘာစိုက်ပျိုးရေးခြံသို့ ပွဲစားများက ရောင်းချခြင်းခံခဲ့ရကြောင်း ပြန်လည်လွတ်မြောက်လာသူ တို့က ဆိုသည်။
“သူတို့က နှစ်ဆင့်သယ်တာ၊ ထူးကြီးကနေစည်းရုံးလူစုပြီး သယ်တဲ့သူက တစ်ယာက်ကို(၇၀၀၀)နှုန်းနဲ့ရတယ်၊ ရန်ကုန်ကနေ နောက်တစ်ဆင့်ပို့တဲ့သူက တစ်ယောက်(၇၀၀၀)နဲ့ပဲ၊ အဲဒါတွေရယ်အစက ပွဲစားတွေပြောထားတော့ ခရီးစရိတ်မကုန်ဘူးပြောထားပေမယ့် တစ်ယောက်ကို ခရီးစရိတ်(၅)သောင်း၊ အလုပ်လုပ်ရမယ့်ပစ္စည်းတွေ အကုန်လုံးစားအိုးစားခွက်တွေကအစ ၀ယ်ရတော့ ရောက်ရောက်ခြင်း တစ်ယောက်ကို အကြွေးတစ်သိန်းကျော်လောက် ဖြစ်သွားတယ်”ဟု ထူးထူးတိုးရာဘာစိုက်ပျိုးရေးခြံမှ ပြန်လည်ထွက်ပြေးလွတ်မြောက် လာသူ ကိုတင်ထွေးက ပြောသည်။
နောက်ပိုင်းတွင် မူလကပြောဆိုထားသော အလုပ်များအစား ရာဘာပင်ပေါင်းရှင်းရပြီး တစ်ပင်လျှင်(၃၀)ကျပ်သာ ပေးပြီး လုပ်နိုင် သလောက်ရမည်ဟု ပြောဆိုခိုင်စေခဲ့သောကြောင့် တစ်ရက်လျှင်(၁၀၀၀)မှ(၃၀၀၀)ကြားသာ ပင်ပန်းစွာလုပ်ကိုင်ခဲ့ရပြီးရရှိသောသည့် ပိုက်ဆံ များကို မှတ်ထားသည့်အကြွေးများဖြင့် နှိမ်၍ပေးချေခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူတို့ကဆိုသည်။
“အပြင်ကိုပေးမထွက်ဘူး မြို့နဲ့လည်း အရမ်းဝေးတဲ့တောင်တွေကြားမှာ စိုက်ခင်းရှိနေတာ ဘေးနားမှာ တခြားဘာရွာမှမရှိဘူး၊ ခြံထဲမှာတော့ ဆိုင်ရှိတယ်၊ ဒါပေမယ့်ဆန်တစ်ပြည်(၁၂၀၀)နဲ့ ၀ယ်ရပြီးဟင်းစားတွေက ဈေးကြီး၊ ရတဲ့ပိုက်ဆံကနည်းတော့ နေ့တိုင်းဟင်းမရှိဘဲ စားခဲ့ရ တာတောင် ကြွေးက တရစ်ပြီး တစ်ရစ်တက်လာတယ်”ဟု ပြန်လည်ထွက်ပြေးလွတ်မြောက်လာသူ ကိုဇော်ထူးကပြောသည်။
ထိုသို့လုပ်ကိုင်နေသူများထဲမှလုပ်သား(၁၂)ဦးသည် အစားအသောက်ငတ်မွတ်ခြင်း၊ အနေအထိုင်ဆင်းရဲခြင်းတို့ကြောင့် အောက်တိုဘာလ ပထမပါတ်အတွင်းက လက်နက်ကိုင်များမရှိသည့် ညအချိန်တွင်အနီးရှိ လျှိုထဲသို့ခုန်ချကာ လမ်းခရီး၌ ဒုက္ခဆင်းရဲ များစွာခံ၍ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါထွက်ပြေးလွတ်မြောက်ခဲ့သူတို့မှာ ပုသိမ်မြို့ရှိ လူ့အခွင့်အရေးအဖွဲ့များထံသို့ ဆက်သွယ်၍ ကျန်ရှိနေသူရွာသားများ ပြန်လည် လွတ် မြောက်ရေးအတွက် အကူအညီတောင်းရာမှတစ်ဆင့်ထိုအဖွဲ့များက သက်ဆိုင်ရာတိုင်းအစိုးရ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့များသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ တိုင်ကြားသည်ကို သိရှိခဲ့သဖြင့် ကုမ္ပဏီမှ ပြန်လိုသူ ထူးကြီးရွာသားများကို အကြွေးများပြန်ဆပ်နိုင်လျှင် ပြန်ခွင့်ပြုမည်ဟု ပြောဆိုမှုများပြလုပ်ခဲ့သဖြင့် လုပ်သား(၁၂)ဦး၏ရွာတွင် ကျန်ရစ်ခဲ့သောမိဘဆွေမျိုးများက နေထိုင်ရာအိမ်ခြံများကို ရောင်းချပေါင်နှံကာ ဒေသခံပွဲစား၏ လက်ထဲသို့ သွားရောက်အပ်နှံခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသိန်းအောင်၏ ဇာတိအလယ်စုကျေးရွာမှ လုပ်သား (၅)ဦးအတွက် ကျပ်(၈)သိန်းသာ ထူးကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးဦးမောင်ဖြူရှေ့မှောက်၌ အပ်နှံခဲ့သည်။
ထို့ကြောင့်လူ့အခွင့်အရေးအဖွဲ့များက အဆိုပါဖြစ်ရပ်များအား အချိန်မှီတားဆီးနိုင်နိုင်ရေး သက်ဆိုင်ရာသို့ ထပ်မံတိုင်ကြားခဲ့သော်လည်း ဆောင်ရွက်မှုများ နှောင့်နှေးခဲ့သဖြင့် ထူးကြီးရွာသားအငယ်လေး(ခ)ဌေးလင်းမှာ ရရှိထားသောငွေကြေးများကို ယူကာကျေးရွာမှ ထွက်ခွာသွားခဲ့ပြီး၊ အောက်တိုဘာလ(၁၂)ရက်နေ့  ည(၇)နာရီခန့်တွင်ရာ ဘာစိုက်ခင်းအတွင်းမှ အလုပ်သမားများ နေထိုင်ရာ နေအိမ်များ ရှေ့သို့ ဆိုင်ကယ်နှင့်သေနတ်ကိုင်ထားသူ(၁၅)ဦးခန့် ရောက်ရှိလာကာ မိုးပေါ်သို့သေနတ်များပစ်ဖောက်၍ ထူးကြီးရွာမှ လာရောက်လုပ်ကိုင် သူများကို ထွက်ခိုင်းစေခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူတို့က ဆိုသည်။
“သေနတ်တွေကလည်းပစ်၊ ထူးကြီးကခွေးတွေထွက်ခဲ့စမ်းဆိုတော့ ကျွန်တော်တို့လည်းကြောက်တာနဲ့ ထွက်လာတော့၊ ပြန်ချင်တဲ့မင်းတို့တွေ အခုပြန်စမ်း၊ ငါတို့နောက်က လိုက်ခဲ့မယ်၊ ခမရ(၅၉၇)ကိုခေါ်ပြီးမှ အကုန်ပစ်သတ်ခိုင်းမယ်လို့ပြောတာနဲ့ ကျွန်တော်တို့လည်း မထူးဘူး သေရင်သေဆိုပြီး ထွက်လာခဲ့တာ (၆၅)ယောက်ပေါ့၊ စုစုပေါင်း၊ အဲ့ဒါကျွန်တော်တို့က ရှေ့က သွားတယ်၊ နောက်က ဆိုင်ကယ်တွေ ကားတွေနဲ့ သေနတ်ကိုင်ထားတဲ့သူတွေက လိုက်လာတယ်”ဟု ပြန်လည်လွတ်မြောက်လာသူ(၆၅)ဦးမှ အလုပ်သမားခေါင်းဆောင်ဦးမြစိုးက ပြောသည်။
ထိုသို့ခြေလျှင်ထွက်ခွာခဲ့ရာ အမှတ်(၅၉၇)ခြေမြန်တပ်ရင်းအနီးသို့ ည(၁၂)နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့ပြီး နောက်လက်နက်များကို၎င်းတို့မှ သိမ်းဆည်းပြီး စတင်လုပ်ကိုင်ခဲ့စဉ်က သိမ်းဆည်းထားသောမှတ်ပုံတင်၊ထောက်ခံစာများကို ပြန်လည်ပေးခဲ့ပြီးသွားနိုင်ပြီဖြစ်ကြောင်း ပြောဆို ကာ လွတ်ပေးလိုက်သဖြင့် ထိုနေရာ၌ပင် ညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။
နောက်တစ်နေ့မနက်(၃)နာရီအချိန်တွင်၎င်းတို့အဖွဲ့ဆက်လက်ထွက်ခွာလာခဲ့ပြီးနေ့လည်(၁၂)နာရီခန်တွင်ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှုးကားတန်းနှင့်တွေ့ရှိအကူအညီတောင်းခံခဲ့ရာမှခရိုင်အုပ်ချုပ်ရေးမှုးကကားနှစ်စီးစီစဉ်ပေးခဲ့ပြီး၎င်းတို့အားဘုတ်ပြင်းမြို့”ဓမ္မ၀ိဇယစာသင်တိုက်သို့ပို့ဆောင်စေခဲ့သည်။
“ဘုတ်ပြင်းကနေ အင်္ဂပူအထိပြန်ခေါ်ဖို့ကို တိုင်းအစိုးရရော၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ကိုရော အကူအညီတောင်းတယ်။ ဘယ်ဌာန ဆိုင်ရာကမှ မကူညီဘူး။ နောက်ဆုံးဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌဟောင်းဖြစ်ပြီး အခုသာသနာရေးဝန်ကြီးဖြစ်နေတဲ့ ဦးဆန်းဆင့် ကို အကူ အညီတောင်းတော့မှ သူကချက်ခြင်း ကူညီပေးခဲ့တာပါ”ဟု လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက် (HRWDN)မှ ဦးထွန်းရွှေက ပြောသည်။
အောက်တိုဘာလ(၁၄)ရက်နေ့နံနက်တွင်ဘုန်းကြီးကျောင်းရှိ ဒုက္ခသည်များကိုသာသနာရေး ပြည်ထောင်စုဝန်ကြီး၏ ညွန်ကြားချက်ကြောင့် တနင်္သာရီတိုင်းဒေသကြီးသာသနာရေးမှ တာဝန်ရှိသူများကလာရောက်တွေ့ဆုံခဲ့ပြီးရွာအထိ ရောက်အောင်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြောဆိုပြီး သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ကုမ္ပဏီတာဝန်ရှိသူတို့ကို ခေါ်ယူခဲ့ရာမှ ကုမ္ပဏီမှဖြစ်ရပ်များအား ကျေအေးလက်မှတ် ရေးထိုးပါက ခရီးစရိတ်အပြန်လမ်းတွင် စားသောက်စရိတ်ကျခံပေးရန် ပြောဆိုသဖြင့် လုပ်သားများမှ လက်မှတ်ရေးထိုးပေးခဲ့ရကြောင်း သာသနာရေးမှ တာဝန်ရှိသူတို့က ဆိုသည်။
ဘုတ်ပြင်းမြို့ခံအုပ်ချုပ်ရေးပိုင်းနှင့် ဌာနဆိုင်ရာများ၊ပြည်သူများက ဒုက္ခသည်လုပ်သားများကို အ၀တ်အထည်အစားအသောက် များကို လာရောက်လှူဒါန်းခဲ့ကြပြီး ခရီးဆက်လက်ထွက်ခွာခဲ့ရာ ဧရာဝတ်ီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ထူးကြီးကျေးရွာသို့ အပြန်ခရီးလမ်း အဆင့်ဆင့်မှ ဒေသခံပြည်သူများအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၊ ပြည်သူအချို့မှ ဒုက္ခသည် လုပ်သားများကို အားပေးကူညီ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း လိုက်ပါပို့ဆောင်ပေးခဲ့သူ သာသနာရေးဌာနမှတာဝန်ရှိသူတို့က ဆိုသည်။
“ဒီကိုဒုက္ခသည်တွေ အောက်တိုဘာလ(၁၈)ရက်နေ့ညနေ(၄)နာရီခွဲလောက်မှာ ထူးကြီးရွာကိုပြန်ရောက် လာတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး လည်း မရှိ၊၊ ခန်းမလည်းမရှိတော့ ပြန်လည်အပ်နှံပွဲကို သူသားလည်း ဒုက္ခသည်လုပ်သားထဲမှာပါတဲ့ ရာအိမ်မှုးနဲ့ မဟာသီဝ ဘုရားခြေရင်း လမ်းဘေးမှာပဲ လုပ်လိုက်ရတယ်၊ ဒေသအုပ်ချုပ်ရေးတွေနဲ့တိုင်းအစိုးရအဖွဲ့ရဲ့လုပ်ရပ်ကတော့ အစ်ကိုတို့ငယ်ငယ်ကသိခဲ့တဲ့ ဦးသန့် အရေးအခင်းမှာ ဆောင်ရွက်ခဲ့တဲ့ မဆလအစိုးရရဲ့ လုပ်ရပ်အတိုင်းဘဲ”ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၏ မဲဆန္ဒနယ်ဖြစ် သော ထူးကြီးကျေးရွာမှ နိုင်ငံရေးလေ့လာသူတစ်ဦးက ပြေသည်။
အခမ်းအနားအပြီး စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့များနှင့်ရဲတပ်ဖွဲ့ဝင်များခေါ်ဆောင်ကာ ရောက်ရှိလာသည့် ထူးကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူက သီတင်းကျွတ်ဘာသာရေးအခမ်းအနားများရှိနေသဖြင့် ခန်းမတစ်ခုမှ မအားကြောင်း၊ မိမိမလာရောက်နိုင်ခြင်း မှာလည်း ၀န်ကြီးချုပ်ဖလားဘောလုံးပွဲ ရှိနေခြင်းကြောင့်ဖြစ်သည်ဟု ဆိုထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ထူးကြီးကျေးရွာအုပ်စု ဒေသခံထူးထူးတိုး ရာဘာစိုက်ပျိုးရေးခြံမှ ဒုက္ခသည်ရွေ့ပြောင်းလုပ်သားများ လွတ်မြောက်မှုမှာ အောက်တိုဘာလပထမပါတ်တွင် ကျား(၁၂)ဦးနှင့် ယခုကျား(၃၇)ဦးမ(၂၁)ဦး၊ ကလေး(၇)ဦးတို့ဖြစ်သည့်အတွက် စုစုပေါင်း(၇၇)ဦးလွတ်မြောက်ခဲ့ပြီး (၂၃)ဦးကျန်ရှိနေသေးပြီး ကျန်ရှိလုပ်သားများကိုကုမ္ပဏီမှ ယခုရက်ပိုင်းအတွင်း ပြောဆိုထားသော ငွေကြေး များအတိုင်းတိုးမြင့်ပေးနေပြီး ခြိမ်းခြောက်မှုများကြောင့် လွတ်မြောက်လာသူတို့နှင့် ကျန်ရှိနေသော သူများထွက်ဆိုမှု ကွဲပြားနိုင်ကြောင်း လိုက်ပါဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများက သုံးသပ်ထားသည်။
Myit Ma Kha Media Group
Subscribe to:
Post Comments (Atom)