Tuesday, October 8, 2013

ရခိုင်နှစ်ပါတီ အပြီးသတ် ပေါင်းစည်းရန် သဘောတူညီခဲ့ပြီး ပါတီသစ်ကို အောက်တိုဘာ တတိယပတ်တွင် မှတ်ပုံတင်မည်

0 comments
ရန်ကုန်မြို့တွင် အောက်တိုဘာ ၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည့် ALD နှင့် RNDP တို့မှ တာဝန်ရှိသူများကို တွေ့ရစဉ်

8.10.2013

ရခိုင်ပါတီများဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့သည် အောက်တိုဘာ၅ ရက်နှင့် ၆ ရက်များက ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ်ရှိ Cafe47 ၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်ပါတီ အပြီးသတ် ပေါင်းစည်းရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပါတီနှစ်ခုကို ရခိုင်အမျိုးသား ပါတီအဖြစ် ပူးပေါင်းရန် ပြီးခဲ့သည့် ဇွန်လကတည်းက သဘောတူထား ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နှစ်ဖက်ပါတီများမှ ရွေးချယ်ထားသော ဗဟိုအလုပ် အမှုဆောင် ၃၀ ဦးတွေ့ဆုံကာ အပြီးသတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပါတီသစ်ကို အောက်တိုဘာ တတိယပတ်တွင် မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း သိရသည်။

ပါတီသစ်အတွက် မှတ်ပုံတင်ရန် ပါတီခေါင်းဆောင် ရွေးချယ်ခြင်းကို အောက်တိုဘာ ၆ ရက်က ဆုံးဖြတ်ခဲ့ပြီး ပထမခေါင်းဆောင် အဖြစ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်ကို ရွေးချယ်ခဲ့ပြီး ပါတီဒုတိယ ခေါင်းဆောင်အဖြစ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ရွေးချယ်ခဲ့ကြသည်။

''ဒီနေ့ကတော့ ပါတီမှတ်ပုံတင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေအားလုံး အပြီးသတ် ဆုံးဖြတ်တယ်။ နောက်တစ်ပတ်ကျော် ကျရင် အဆင်ပြေမယ့် တစ်ရက်ရက်မှာ နေပြည်တော်သွား မှတ်ပုံတင်မယ်'' ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

လက်ရှိတွင် ပါတီတစ်ခုချင်းစီ၏ မူဝါဒ အတိုင်းသာ ဆက်လက် လုပ်ဆောင်နေမည်ဖြစ်ပြီး ရခိုင်အမျိုးသား ပါတီအဖြစ် မှတ်ပုံတင် ကျပြီးပါက လွှတ်တော်တွင်း ရှိနေသော အမတ်များ၏ သဘောထားကို မေးမြန်းကာ ရခိုင်အမျိုးသား ပါတီသို့ မ၀င်လိုသည့် အမတ်များမှာ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သွားမည် ဖြစ်ကြောင်း RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။

အခြားတိုင်းရင်းသား ပါတီများမှာလည်း ပူးပေါင်းရန် ကြိုးပမ်းမှုများ ပြုလုပ်နေသော်လည်း အောင်မြင်မှု မရရှိသေးဘဲ ရခိုင်နှစ်ပါတီမှာမူ ရခိုင်နိုင်ငံရေး လိုအပ်ချက်ကြောင့် ပူးပေါင်းခြင်းဖြစ်ပြီး အခက်အခဲ မရှိကြောင်း နှစ်ဖက်ပါတီ ခေါင်းဆောင်များက ပြောကြားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here