Monday, October 28, 2013

“ဝ” နှင့် “မိုင်းလား” အဖွဲ့တို့ လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက် နိုင်မည် မဟုတ်ဟုဆို

0 comments

လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် တာချီလိတ် လေဆိပ်သို့ ရောက်ရှိ နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် များအား တွေ့ရစဉ်

  28-10-2013

အောက်တိုဘာလ (၃၀) ရက်နေ့မှ စတင်၍ နိုဝင်ဘာလ (၁) ရက်နေ့ အထိ သုံးရက်တာ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ဗဟိုဌာနချုပ် လိုင်ဇာ စခန်း၌ ကျင်းပရန် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ ထိပ်သီး ဆွေးနွေး ပွဲအား တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၇) ဖွဲ့မှ ခေါင်းဆောင် များ ရောက်ရှိနေပြီ ဖြစ်ကြောင်း KIO - TAT ပြောခွင့်ရ ဆရာဒေါင်ခါး က ပြောသည်။

၎င်း တိုင်းရင်သား လက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ် များသည် အောက်တိုဘာလ (၂၇) ရက်နေ့၌ တာချီလိတ် မြို့မှ တဆင့် လေကြောင်း ခရီးဖြင့် မြစ်ကြီး နားသို့ ရောက်ရှိလာကာ ထို့နောက်မှ အောက်တိုဘာလ (၂၈) ရက်နေ့တွင် လိုင်ဇာ ဗဟိုဌာနချုပ်သို့ ဆက်လက် ထွက်ခွာ သွားခဲ့သည်။

ထို တိုင်းရင်းသား လက်နက်ကိုင်များ အဖွဲ့ ထိပ်သီး ဆွေးနွေး ပွဲသို့ တက်ရောက်ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပြင် အဖွဲ့ဝင် မဟုတ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုစုပေါင်း (၁၉) ဖွဲ့အား ဖိတ်ကြား ထားခဲ့ သော်လည်း နှစ်ဖွဲ့မှ တက်ရောက်ရန် အခက်အခဲ ရှိကြောင်း အကြောင်းပြန် ထားသည်ဟု အမည်မဖော် လိုသည့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့မှ အခမ်းအနား ဖြစ်မြောက်ရေး ကော်မီတီ တစ်ဦးက ပြောသည်။

“ ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSP) နဲ့ မိုင်းလား (NDAA-ESS) အဖွဲ့ တို့က ကိုယ်စား လှယ် တွေကတော့ ခေါင်းဆောင် ပိုင်းတွေ ကျန်းမာရေး မကောင်းလို့ တက်ရောက်ဖို့ အခက်အခဲ ရှိတယ် ဆိုတဲ့ အကြောင်းတော့ အကြောင်း ကြားထားတယ်” ဟု ၄င်း မှ ဆိုပါသည်။

ထို ဆွေးနွေး ပွဲအား တက်ရောက်ကြမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ UNFC အဖွဲ့ဝင် (၁၃) ဖွဲ့၊ KNU/KNLA ကရင် ငြိမ်းချမ်းရေး ကောင်စီ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးအဖွဲ့ RCSS၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP နှင့် ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် DKBA အဖွဲ့တို့ ဖြစ်ကြသည်။သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် (၃) ဦးကျစီ ဖိတ်ကြား ထားသော်လည်း အချို့ တိုင်းရင်းသား အဖွဲ့ များမှ ပြည်တွင်း အခြေစိုက် နိုင်ငံရေး ပါတီ များမှ ကိုယ်စားလှယ် များလည်း တက်ရောက် လိုသည့် ကမ်းလှမ်းမှုများ ရှိခဲ့သဖြင့် တစ်ဖွဲ့လျှင် ကိုယ်စားလှယ် (၃) ဦးမှ အများဆုံး (၅) ဦး အထိ ခွင့်ပြု ထားသည်ဟု သိရှိ ရသည်။

၎င်း လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီး ဆွေးနွေးပွဲအား အစိုးရ ကိုယ်စားလှယ် များမှ တရားဝင် တက်ရောက်ရန် မရှိသော်လည်း ထိုဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် အကူအညီ ပေးနိုင်ရန် မြန်မာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို (MPC) မှ ကိုယ်စားလှယ် တစ်ဦး စေလွှတ် ထားကာ ခရီးသွားလာရေး ဆိုင်ရာ အခက်အခဲ များအား ဝိုင်းဝန်း ကူညီ ပေးနိုင်ရန် စေလွှတ် ထားကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

“လိုအပ်တဲ့ လေယာဉ် ခရီးစဉ် အတွက် လက်မှတ်တွေ အခက်အခဲ မဖြစ်အောင် ကျနော်တို့ MPC က အဖွဲ့ဝင် တစ်ဦးကို အကူအညီ ပေးနိုင်ဖို့ စေလွှတ် ထားပေး ခဲ့တာတော့ ရှိတယ်” ဟု ဆိုသည်။

ပြည်တွင်း စစ်ရပ်စဲ နိုင်ရန် အတွက် တိုင်းရင်းသား အားလုံး ပြန်လည် စုစည်း ညီညွတ်ရန် အရေး၌ UNFC တပ်ပေါင်း စုသည် အဓိက အခန်း ကဏ္ဍ၌ ပါဝင် နေပါသည်။

ထို့ကြောင်း တိုင်းရင်းသား များ၏ လိုလားချက် အခွင့်အရေး ရရှိ ရန်နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးအား တည်ဆောက်မည့် အပိုင်းတို့၌ တိုင်းရင်းသား ရေးရာ တို့၌ အဆုံး အဖြတ် ပေးရမည့် ကဏ္ဍ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့၏ နိုင်ငံရေး ဆိုင်ရာ ဘုံရပ်တည်ချက် မူသဘောထား တစ်ရပ် ချမှတ် နိုင်ရေးကို အကြိတ် အနယ် ဆွေးနွေး ကြရန် ရှိနေ ပါသည်။

အထူး သဖြင့် အစိုးရမှ ယခု နိုဝင်ဘာ လကုန်၌ ကျင်းပရန် လျာထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲ တက်ရောက် နိုင်ရေး၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင် ကိစ္စ စသည့် ကိစ္စရပ် များကို ဆွေးနွေး ကြမည် ဖြစ်သည်။

ယခု ကဲ့သို့ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာစခန်း၌ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ၏ ထိပ်သီး ကိုယ်စားလှယ်များ တက်ရောက် ကြမည့် ဆွေးနွေးပွဲ ကျင်းပ နိုင်ရေး အတွက် လည်း ပြီးခဲ့သည့် အောက်တိုဘာလယ်၌ KIO ကိုယ်စားလှယ် များနှင့် အစိုးရ ကိုယ်စားလှယ် တို့ မြစ်ကြီးနား မြို့၌ တွေ့ဆုံကြစဉ် သဘောတူညီချက် တစ်ချက် အဖြစ် လက်မှတ် ရေးထိုး ထားပါသည်။

ရွှေဟင်္သာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here