Sunday, October 20, 2013

သူရိယအလင်း ဂျာနယ်နှင့် ပတ်သက်ပြီး ဂျာနယ်အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ ပြောကြားချက်များကို ကာယကံရှင်များ ငြင်းဆို

0 comments
Sunday, October 20, 2013

အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီ အချိန်ခန့်က ရန်ကုန်မြို့ ကမ္ဘာအေး စေတီလမ်းရှိ သူရိယအလင်း ဂျာနယ်တိုက်အား ဦးနေရွှေသွေးအောင် (ခ)ဖိုးလပြည့်နှင့်လက်ရှိစီးပွားကူသန်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်တို့ ပါဝင်သော လူ (၁၅)ဦးခန့်က ၀င်ရောက်ပြီး ကွန်ပျူတာများနှင့် လုံခြုံရေး ကင်မရာ ထိန်းချုပ်သည့် ဆာဗာတို့အား ယူဆောင်သွားခဲ့သည်ဟုဆိုသော ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ ပြောကြားချက်များကို ကာယကံရှင်များက ငြင်းဆိုခဲ့ကြသည်။

ဦးမိုးဟိန်း၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး သူရိယအလင်း ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်အား အောက်တိုဘာ ၂၀ ရက်က ဆက်သွယ်မေးမြန်းခဲ့ရာတွင် "ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပြရမယ်ဆိုရင် ကျွန်တော်တို့ ရှယ်ယာရှင်တွေနဲ့ ထုတ်ဝေသူရဲ့ ဆုံးဖြတ်ချက်ကတော့ အယ်ဒီတာချုပ်နဲ့ အယ်ဒီတာ အဖွဲ့ကတဆင့် အမှုဆောင် အရာရှိချုပ်ကို ရေးတာသားတာတွေဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီရေးဖို့ အကြိမ်ကြိမ် သတိပေးခဲ့ ဖူးပါတယ်။ အယ်ဒီတာ အဖွဲ့ရဲ့ ပြောကြားချက်အရ ရေးတာ သားတာတွေဟာ အယ်ဒီတာချုပ်နဲ့ အယ်ဒီတာအဖွဲ့ထံ ဖြတ်သန်းခြင်း မရှိပဲနဲ့ သူ့သဘောနဲ့သူ အကြိမ်ကြိမ် ရေးနေတယ်။ အဲဒီလို ရေးသားနေတဲ့ အခါမှာ ကျွန်တော်တို့ရဲ့ သဘောဆန္ဒ မပါတဲ့အတွက် ရှယ်ယာရှင်နဲ့ ထုတ်ဝေသူတွေက ဒီသူရိယအလင်း ဂျာနယ်ကို ဆက်မထုတ်တော့ဘဲနဲ့ ရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်မွေးနေ့ ညကတော့ မနက်ဖြန်မှာ ဂျာနယ်ဖြန့်မှာကို သိထားတယ်။ ကျွန်တော့် စိတ်ဆန္ဒအရတော့ ဒီဂျာနယ်ကို မဖြန့်ဖြူးချင်တဲ့ အခါကျတော့ ဂျာနယ်ရပ်ဆိုင်းဖို့ရော ဒီဂျာနယ်ကို မဖြန့်ချင်တဲ့ ကိစ္စရော ပါနေတဲ့အတွက် ဂျာနယ်တိုက်ကို သွားလိုက်ပါတယ်။ ကျွန်တော်တို့ သိထားတာက CEO က ဂျာနယ်တိုက်မှာ အိပ်တယ်စားတယ်။ ဒါပေမယ့် ကျွန်တော်တို့ သွားတဲ့အခါကျတော့ CEO ကို မတွေ့ဘူး။ ထုတ်ဝေသူတစ်ယောက် အနေနဲ့ သွားတယ် CEO ကိုလည်း စောင့်တယ်။ မွေးနေ့ပွဲအပြီး သွားတာဆိုတော့ ကျွန်တော့်သူငယ်ချင်း အပေါင်းအသင်း လေးငါးယောက်ရဲ့ ကားတွေလည်း ပါတယ်။ သူ့ကိုမတွေ့တဲ့ အခါကျတော့ နောက်နေ့ဖြန့်ဖို့ ကျန်နေတဲ့ ဂျာနယ်တွေကို သိမ်းဆည်းလိုက်ပါတယ်။ ကွန်ပျူတာတွေကလည်း ဂျာနယ်ရပ်ဆိုင်းမယ်လို့ ဆုံးဖြတ်ချက် ချပြီးပြီ။ အဲဒီအတွက် ဒီကွန်ပျူတာတွေနဲ့ သူ့သဘောနဲ့သူ ဆက်လုပ်နေမှာစိုးလို့ ဒါကိုသိမ်းဆည်း လိုက်တာပါပဲ" ဟု ပြောကြားသည်။

ယခုကဲသို့ ညပိုင်းအချိန်တွင် ဂျာနယ်တိုက်သို့ ၀င်ရောက်ပြီး ဂျာနယ်များနှင့် ကွန်ပျူတာများအား လာရောက်ယူဆောင်ရာတွင် ကိုမိုးဟိန်း ပြောကြားသကဲ့သို့ ဖိုးလပြည့် လိုက်ပါလာခြင်း မရှိခဲ့ကြောင်းနှင့် ကိုသူရိန်မှာလည်း အဖော်အဖြစ်သာ အိမ်ပြန်ရင်း လိုက်ပါခဲ့ခြင်း ဖြစ်သည်ဟုလည်း ဦးယုနိုင်က ပြောကြားသည်။

"ဂျာနယ်တွေနဲ့ ကွန်ပျူတာတွေသယ်တာ ကျွန်တော့်သားနဲ့ သူ့သူငယ်ချင်းတွေပါ။ CCTV တွေ ဖြုတ်တယ်ဆိုတာလည်း မဟုတ်ပါဘူး" ဟု ဦးယုနိုင်က ဆိုပါသည်။

သူရိယအလင်း ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း ပြောကြားထားသည့် ရှယ်ယာ ၉၀ ရာခိုင်နှုန်းမှာ ၎င်းပိုင်ဆိုင်ထားပြီး ကျန် ၁၀ ရာခိုင်နှုန်းသာ ရှယ်ယာရှင်များ ပိုင်ဆိုင်သည်ဆိုသည့် ပြောကြားချက်နှင့် ပတ်သက်ပြီးလည်း "ဂျာနယ်ရဲ့ သဘောသဘာဝ အရတော့ ကျွန်တော်တို့က ရှယ်ယာရှင်တွေပါ။ နှစ်ဦးလောက် ရှယ်ယာပါပါတယ်။ ရှယ်ယာရှင်တွေကတော့ ဦးမျိုးမင်းထွန်း ပါပါတယ်။ ကျွန်တော် ပါပါတယ်။ ကိုသူရိန်တို့ မပါပါဘူး။ ရာခိုင်နှုန်း အားဖြင့်တော့ လောလောဆယ် မပြောနိုင်သေးပေမယ့် ၉၀ ရာနှုန်း သူပိုင်တယ် ဆိုတာကတော့ မဟုတ်ပါဘူး" ဟုလည်း ပြောကြားသည်။

သူရိယအလင်း အယ်ဒီတာ အဖွဲ့ထံသို့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့် အရေးအသားများ မရေးသားကြရန်နှင့် စာနယ်ဇင်း ကျင့်ဝတ်အတိုင်းသာ ရေးသားကြရန် ထုတ်ဝေသူတစ်ဦး အနေဖြင့် အကြိမ်ကြိမ် သတိပေးခဲ့ပြီ အယ်ဒီတာ အဖွဲ့ကလည်း ၎င်းတို့အား အသိပေးခြင်း မရှိဘဲ ထည့်သွင်းဖော်ပြ နေသည်ဟု တင်ပြလာသည့်အတွက် ယခုကဲ့သို့ ဂျာနယ်အား ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးယုနိုင်က ပြောကြားပါသည်။

သူရိယအလင်း ဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက ဂျာနယ်လက်ကျန်များနှင့် ကွန်ပျူတာများကို လာရောက်သိမ်းဆည်း သူများတွင် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်နှင့်အတူ ဖိုးလပြည့်လည်း ပါဝင်ပြီး ဦးသူရိန်နှင့် နောက်လိုက်များက ဂျာနယ်တိုက်အတွင်း ၀င်ရောက်ကာ ကွန်ပျူတာများကို သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဦးမိုးဟိန်း၏ ပြောကြားချက်တွင် ဦးနေရွှေသွေးအောင် (ခ) ဖိုးလပြည့်နှင့် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်တို့မှာ ဂျာနယ်တိုက်အတွင်းသို့ မ၀င်ရောက်ခဲ့ဘဲ အပြင်တွင်သာ ကျန်နေခဲ့ကြောင်း ပြောကြားခဲ့သော်လည်း စီးပွားကူးသန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ သားဖြစ်သူ ဦးသူရိန်ကမူ ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ကသာ ကွန်ပျူတာများကို ဖြုတ်ယူခဲ့ခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့ထုတ် The Flower News ဂျာနယ်က ဖော်ပြသည်။ ထို့အတူ ဦးနေရွှေသွေးအောင် (ခ) ဖိုးလပြည့်ကလည်း ၎င်းအနေဖြင့် သူရိယအလင်း ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်၏ မွေးနေ့ပွဲသို့သာ သွားရောက်ခဲ့ပြီး ဂျာနယ်တိုက်သို့ သွားရောက်ခဲ့ခြင်း မရှိဟု အဆိုပါ သတင်းဂျာနယ်က ဖော်ပြထားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here