Wednesday, October 2, 2013

သမ္မတ ရခိုင်ရောက်နေစဉ် သံတွဲတွင် ကျေးရွာအချို့ မီးရှို့ခံရ

0 comments
2.10.2013

နိုင်ငံတော်သမ္မတကြီး ရခိုင်ပြည်နယ်သို့ ရောက်ရှိနေစဉ် အောက်တိုဘာလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ကျေးရွာအချို့ မီးရှို့ခံခဲ့ရပြီး အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။

သံတွဲမြို့တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှုများနှင့် ဆက်စပ်ကာ ကျေးရွာအချို့ မီးရှို့ခံရမှု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အမျိုးသမီး ဒေါ်အေးကြည် ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ ပဋိပက္ခများတွင် ဖြိုခွင်းရန် လုံခြုံရေးရဲတပ်ဖွဲ့ များက ပစ်ခတ် ဟန့်တားခဲ့ရကြောင်း ၄င်းကဆိုသည်။

သံတွဲမြို့နယ်ရှိ ဘာသာမတူသူများ ရောနှောနေထိုင်သည့် ကျေးရွာများ ဖြစ်သည့် နတ်မောက်ကျေးရွာ အုပ်စုမှ သဗြုချိုင်ကျေးရွာ၊ ရွှေလှေကျေးရွာ အုပ်စုမှ ပေါက်တောကျေးရွာ၊ သံတွဲမြို့ တစ်ဖက် ကမ်းတွင်ရှိသည့် မဲကျွန်းကျေးရွာ တို့တွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ဟန့်တားမှုကြောင့် ညနေပိုင်းတွင် မီးရှို့မှုများ ရပ်တန့်သွားကြောင်း သံတွဲ မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင် က ပြောကြားသည်။
မီးရှို့မှုများကြောင့် သဗြုချိုင်တွင် နေအိမ် ၁၄ လုံး၊ ပေါက်တောတွင် ၁၇ လုံး၊ မဲကျွန်းတွင် ၉လုံး မီးလောင်ကျွမ်း ခဲ့ကြောင်း ၄င်းကဆိုသည်။

မီးရှို့မှု ကျူးလွန်ခဲ့သူများသည် အခြားပတ်ဝန်းကျင်မှ လာသူများမဟုတ်ဘဲ ယင်းဒေသမှ လူများသာဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ကျော်တင့်က ဆိုသည်။

သံတွဲမြို့နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားမည် ဟူသည့် ကောလာဟလ သတင်းများ စက်တင်ဘာလ ၃၀ ရက်နေ့ကပင် စတင်ထွက်ပေါ်နေခဲ့ ပြီး ဈေးများ၊ စာသင်ကျောင်းများ ပိတ်ခဲ့ရ ကာ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်မှုများ စတင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း သံတွဲမြို့ခံများထံမှ သိရှိရသည်။

"ကျေးရွာတွေမှာ မီးရှို့မှုတွေ ဖြစ်နေ တဲ့အတွက် မြို့ပေါ်မှာ လုံခြုံရေးတွေ တင်းကျပ်ထားတယ်။ မြို့ပေါ်မှာတော့ အေးဆေးပဲ" ဟု သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်က အောက်တိုဘာလ ၁ ရက်နေ့ ည ၈ နာရီခန့်တွင် ပြောကြားသည်။

အကြမ်းဖက်မှု များကြောင့် ဒုက္ခ ရောက်သူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ များကို အကူအညီပေးရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ကယ်ဆယ်ရေး အဖွဲ့များ ဖွဲ့စည်းထားပြီဖြစ်ကြောင်း ကောလာဟလ တိုက်ဖျက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ လည်းဖြစ်သူ ၄င်းက ဆက်လက် ပြောဆိုသည်။

ပြည်သူလူထုအနေနှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်မှုများ မပြုလုပ်ရန်၊ ဆူပူအကြမ်းဖက်မှု ဖန်တီးသူများကို ဖော်ထုတ် သတင်းပေးကြ ပါရန် အောက်တိုဘာလ ၁၇က်နေ့ ည ကိုးနာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်ကြေညာခဲ့သည်။

ပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် ညမထွက်ရအမိန့် ကျင့်ထုံးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၄၄ ကို ည ၉ နာရီမှ နံနက် ၄ နာရီ အစား ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ပြန်လည် တိုးမြှင့်လိုက်ပြီ ဖြစ်ကြောင်း သံတွဲ ဒေသခံများက ပြောဆိုကြသည်။

သုံးဘီးဆိုင်ကယ်တွင် တပ်ဆင်ထားသည့် သာသနာ့အလံကို စက်တင်ဘာလ ၂၈ ရက်နေ့က ငပလီအထွေထွေ ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ကမန်လူမျိုး ဦးကျော်ဇံလှ က ဖျက်ဆီးသည် ဆိုကာ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဦးကျော်ဇံလှကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီး ခဲ့ပြီးနောက် စက်တင်ဘာလ ၂၉ ရက်နေ့က ဦးကျော်ဇံလှကို အာမခံဖြင့် ပြန်လွှတ်လိုက်သဖြင့် ဒေသခံများ မကျေမနပ်ဖြစ်ကာ ယင်းဖြစ်ရပ်နှင့် ဆက်စပ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် များကို ခဲနှင့်ပေါက်မှု၊ နေအိမ်ကို ခဲဖြင့် ပစ်ပေါက် မှု၊ နေအိမ် မီးရှို့မှုတို့ ဆက်တိုက်ဖြစ် ပွားခဲ့ရာ အိမ်နှစ်လုံး မီးရှို့ခံခဲ့ရကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံမှ သိရှိရသည်။

သံတွဲမြို့တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ဦးကျော်ဇံလှ နေအိမ်ကို ခဲနှင့် ပစ်ပေါက်မှုဖြင့် သံတွဲမြို့ခံ နှစ်ဦးကို ပုဒ်မ ၃၃၆/၄၂၇ ဖြင့် အမှုဖွင့်ထားကြောင်း၊ ကမန်အမျိုးသား တိုးတက်ရေးပါတီ၏ အလုပ်အမှုဆောင် လည်းဖြစ်သူ ဦးကျော်ဇံလှကိုမူ ဆဲဆိုမှု၊ သာသနာ အကြည်ညို ပျက်စေမှု ပုဒ်မ ၂၉၄/ ၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here