Wednesday, October 30, 2013

ခရီးသည်တင် ဒိုင်နာယာဉ်များ တိမ်းမှောက်မှု များပြားနေသောကြောင့် မီနီဘတ်စ် ယာဉ်များဖြင့် အစားထိုး ပြေးဆွဲမည်

0 comments
တာမွေမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု ဖြစ်စဉ်တစ်ခု၌ တိမ်းမှောက်ခဲ့သည့် ခရီးသည်တင် ဒိုင်နာတစ်စီး (ဓာတ်ပုံ-ဝေလင်းအောင်)




ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲနေသော ဒိုင်နာယာဉ်များ နေရာတွင် မီနီဘတ်စ် ယာဉ်များကို အစားထိုး ပြေးဆွဲသွားရန် စီစဉ်နေကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားသည်။

ဒိုင်နာယာဉ်များ နေရာတွင် မီနီဘတ်စ် ယာဉ်များကို အစားထိုး ပြောင်းလဲပြေးဆွဲရခြင်းမှာ ယာဉ်မတော်မဆ တိမ်းမှောက်မှု၊ တိုက်မှုဖြစ်စဉ်များတွင် ဒိုင်နာယာဉ်များ အနေဖြင့် ဒဏ်ရာရရှိမှုနှင့် လူသေဆုံးမှု ပိုမိုဖြစ်ပွား နေခြင်းကြောင့် ပြောင်းလဲပြေးဆွဲ ရခြင်းဖြစ်ကြောင်း ဦးလှအောင်က ဆိုသည်။

ထို့အပြင် ခရီးသည်တင်ယာဉ်ဖြင့် ပြေးဆွဲနေသော ဟိုင်းလပ်ယာဉ်များ နေရာတွင် မီနီဘတ်စ် ယာဉ်များကိုလည်း ပြောင်းလဲပြေးဆွဲနေကြောင်း သိရသည်။

"ဟိုင်းလပ်ယာဉ်တွေနဲ့ ဒိုင်နာယာဉ်တွေ နေရာမှာ အစားထိုး ပြေးဆွဲဖို့ မီနီဘတ်စ် ယာဉ်တွေကို တင်သွင်းခွင့် ရရှိထားပါတယ်။ ယာဉ်ပိုင်ရှင်တွေ တစ်ဦးချင်း စုဖွဲ့ထားတဲ့ အတွက်ကြောင့်မို့လို့ အခုလတ်တလော အခြေအနေမှာ အားလုံးကို ရုတ်တရက် ပြောင်းလဲဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ အမြန်ဆုံး အစားထိုး ပြေးဆွဲသွားမယ်။ ဒိုင်နာယာဉ်ပိုင်ရှင် အချို့ကလည်း အစားထိုး ပြေးဆွဲဖို့အတွက် တင်ပြထားတာတွေ ရှိလာပါပြီ။ ယာဉ်တွေတိမ်းမှောက်တဲ့ အခါမှာ ဒိုင်နာယာဉ်တွေက ဖြစ်စဉ်တစ်ခုမှာ အနိမ့်ဆုံး ခရီးသည် ခြောက်ဦးကနေ ရှစ်ဦးအထိ ဒဏ်ရာတွေ ရရှိနေတယ်။ ဒါ့ကြောင့် ပြောင်းလဲဖို့ စီစဉ်ရခြင်း ဖြစ်ပါတယ်" ဟု ဦးလှအောင်က ပြောကြားသည်။

ဦးလှအောင်က "အခု ဒိုင်နာယာဉ် အားလုံးကို မပြောင်းနိုင်သေးတဲ့ အချိန်မှာတော့ စည်းကမ်းထိန်းသိမ်းမှုတွေ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ပညာပေး ဟောပြောမှုတွေ၊ စစ်ဆေးမှုတွေကို ပိုမိုကြပ်မတ်ပြီးတော့ လုပ်ဆောင်နေပါတယ်" ဟု ဆိုသည်။

အောက်တိုဘာလအတွင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု၊ တိုက်မှု ဖြစ်စဉ်များအနက် လေးမှုမှာ ဒိုင်နာယာဉ်များဖြစ်ကြောင်း သိရသည်။

 

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here