16.10.2013
ကြည့်မြင်တိုင် မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ လူသတ်တရားခံအား
အခင်းဖြစ်ပွားပြီးနောက် ၃နာရီအတွင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ရက် ည ၉နာရီခန့်တွင် ကြည့်မြင်တိုင်မြို့နယ် အောက်ရုံရပ်ကွက်၌ သိန်းတန်(ခ)သိန်းနိုင် (၃၄)နှစ်နှင့် သန်းလင်းထိုက်(ခ)မြွေပွေး
(၃၃) တို့မှာ စကားများ ရန်ဖြစ်ခဲ့ကြပြီး ယင်းစကားများ ရန်ဖြစ်ခဲ့သည့်
ကိစ္စကို မကျေနပ်၍ အောက်တိုဘာ ၁၄ ရက် နံနက် ၃နာရီခွဲခန့်တွင်
သန်းလင်းထိုက်မှ သိန်းတန်၏နေအိမ်ပေါ်သို့ တက်ရောက်ကာ သိန်းတန်အား
ဓားဖြင့်ထိုးခဲ့ပြီး သိန်းတန်မှာ ၀ဲဘက်လည်ပင်း ထိုးသွင်း ဒဏ်ရာတစ်ချက်
ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ကုသနေစဉ် သေဆုံးသွားခဲ့သည်။
အဆိုပါ
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စက်ဆန်းနယ်မြေ ရဲစခန်းက သန်းလင်းထိုက်
(ခ)မြေပွေးအား (ပ)၃၆၃/၂၀၁၃ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိရေးအတွက်
စက်ဆန်းနယ်မြေ ရဲစခန်းက တပ်ဖွဲ့ဝင်များသည် အနောက်ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းစုံစမ်းခဲ့ရာ
ယင်းနေ့နံနက် ၆ နာရီ မိနစ် ၂၀ ခန့် ၌ အလတ်ချောင်း ရပ်ကွက်၊
အလတ်ချောင်းတံတားပေါ်တွင် ဘောဂလမ်း၊ အလတ်ချောင်းရပ်ကွက်၊ ကြည့်မြင်တိုင်
မြို့နယ်နေ သန်းလင်းထိုက်အား ကျူးလွန်ခဲ့သည့် အရိုးအသွား (၉)လက်မခန့်ရှိ
ဓားဦးချွန်တစ်ချောင်းနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
"သန်းလင်းထိုက်က သိန်းတန်ကို သူ့အစ်မနဲ့ ချစ်ကြိုက်နေတယ် ထင်ပြီးတော့
မကျေနပ်လို့ စကားများရာကနေ ဒီလိုဖြစ်စဉ် ဖြစ်သွားတာလို့ စစ်ဆေးတွေ့ရှိရတယ်။
ကျူးလွန်တဲ့သူကိုတော့ သူသွားနိုင်တဲ့ နေရာတွေကို ပိတ်ဆို့ပြီးတော့
ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားမှာပါ"ဟု
စက်ဆန်းနယ်မြေ ရဲစခန်းက တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၅ရက်
နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
EMG