Tuesday, October 15, 2013

သစ်တောပြုန်းတီးမှုမှာ နှစ်စဉ် ၀ ဒသမ ၉၅ ရာခိုင်နှုန်းခန့် ရှိနေ

0 comments
Tuesday, October 15, 2013 

သစ်တောပြုန်းတီးမှုမှာ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ် ၀ ဒသမ ၉၅ ရာခိုင်နှုန်းခန့် ရှိနေပြီး သစ်တော ဖုံးလွှမ်းမှု လျော့နည်းရသည့် အကြောင်းအရင်း များထဲတွင် သစ်အလွန်အကျွံ ထုတ်ခြင်း၊ ရေလှောင်တမံများ တည်ဆောက်ခြင်း၊ မြို့ရွာတိုးချဲ့ ထူထောင်ခြင်း များမှာလည်း အကြောင်းအရင်း တစ်ရပ် ဖြစ်နေကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်က ဆွေးနွေး ပြောကြားသည်။

အောက်တိုဘာ ၁၄ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ဦးမျိုးမြင့်က သစ်တော ဂေဟစနစ် မျိုးစုံနှင့် ဇီဝမျိုးစုံ မျိုးကွဲကြွယ်ဝသည့် မြန်မာနိုင်ငံ၏ အမြဲတမ်း သစ်တောနယ်မြေများ ထာဝစဉ်ဖွံ့ဖြိုး ရှင်သန်နေစေရေး မြန်မာ့သစ်တော မူဝါဒကို လက်တွေ့ ပဓာနကျစွာ ပုံဖော်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ နိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုကို ကြည့်မယ်ဆိုရင် ၂၀၁၀ ပြည့်နှစ်မှာ သစ်တော ဖုံးလွှမ်းမှုဟာ ၄၇ ရာခိုင်နှုန်းခန့် ဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ ၈၅ နှစ်အတွင်း သစ်တော ဖုံးလွှမ်းမှုဟာ ၁၉ ရာခိုင်နှုန်းခန့် လျော့နည်းလာတာ တွေ့ရတယ်။ ၁၉၂၅ ခုနှစ်တုန်းက သစ်တော ဖုံးလွှမ်းမှုက ၆၅ ဒသမ ၈၀ ရာခိုင်နှုန်း ရှိတယ်။ အခု ၂၀၁၀ ခုနှစ်ရောက်တော့ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းပဲ ရှိတော့တယ်။ အချိုးချကြည့်ရင် တစ်နှစ်ကို ပျမ်းမျှအားဖြင့် နှစ်စဉ်သစ်တော လျော့နည်း ပြုန်းတီးမှုက ၀ ဒသမ ၉၅ ရာခိုင်နှုန်း ဖြစ်နေတယ်လို့ လေ့လာ သိရှိရပါတယ်'' ဟု ဦးမျိုးမြင့်က ပြောကြားသည်။

ယင်းကဲ့သို့ သစ်တောဖုံးလွှမ်းမှု ဧရိယာ လျော့နည်း လာခြင်းများမှာ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း၊ အလွန်အကျွံ သစ်ထုတ်ခြင်း၊ စိုက်ပျိုးမြေများ/ လူနေအိမ်များ ကျူးကျော် တိုးချဲ့လာခြင်း၊ စိုက်ပျိုးရေး / ရေအားလျှပ်စစ် ရေလှောင်တမံများ တည်ဆောက်ခြင်း၊ လမ်းများ ဖောက်လုပ်ခြင်း၊ မြို့ရွာများ တိုးချဲ့ထူထောင်ခြင်း၊ လူဦးရေ တိုးပွားလာမှုနှင့်အတူ သစ်/ထင်းများ လိုအပ်ချက် အတွက် သစ်တောများအပေါ် မှီခိုလာခြင်း များကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ ဦးမျိုးမြင့်က သစ်တော မြေများအား အခြားမြေများအဖြစ် ပြောင်းလဲမှုများတွင် အထူးစီးပွားရေး ဇုန်များ တည်ဆောက်ခြင်း၊ မော်တော်ကား လမ်းမကြီးများ ဖောက်လုပ်ခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်း တည်ဆောက်ခြင်း၊ ရေလှောင်တမံများ တည်ဆောက်ခြင်း၊ တပ်မြေအဖြစ် ပြောင်းလဲခြင်း၊ မြို့ရွာများ တည်ဆောက်ခြင်း၊ ပုဂ္ဂလိကသစ်တော စိုက်ခင်းများ ထူထောင်ခြင်း၊ စက်မှုကုန်ကြမ်း သီးနှံများ စိုက်ပျိုးခြင်း၊ ရွှေနှင့်သတ္တု အမျိုးမျိုး တူးဖော်ခြင်းနှင့် သာသနာ့မြေအဖြစ် သတ်မှတ်ခြင်းများကြောင့် သစ်တောဖုံးလွှမ်းမှု ဧရိယာ လျော့နည်း လာခြင်းများ ဖြစ်ကြောင်း ပြောကြားသည်။

''၂၀၁၂ ခုနှစ် ဇွန်လကုန်အထိ ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တော ဧရိယာဧက ၁၀၇၉,၄၄၀ ခန့် ပယ်ဖျက် ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ပယ်ဖျက်ခဲ့တဲ့ အတွက် သစ်တောဧရိယာ ဧက ၄၁၀၇၇၀၆၀ ခန့် တည်ရှိတော့တာကို လေ့လာသိရှိ ရပါတယ်။ ကြိုးဝိုင်းကြိုးပြင် တောတွေထဲမှာ မြေအသုံးချမှု တွေကြောင့်လည်း သစ်တောဖုံးလွှမ်းမှု လျော့နည်းလာတာ တွေ့ရပါတယ်'' ဟု ၎င်းက ဆွေးနွေးသည်။

ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများ အတွင်းတွင် မြေအသုံးချမှုများကို ကြည့်ပါက ရွှေ/သတ္တုအတွက် ဧက ၇၈၈၃၊ ပုဂ္ဂလိက ကျွန်းသစ်မာများ အတွက် ဧက ၂၈၁၂၀၀၊ ရော်ဘာ၊ ကြံနှင့် အခြားသီးနှံ အတွက် ၃၇၀၇၃၂ ဧက၊ ဆီအုန်း ၄၅၈၅၈၅ ဧက၊ ဆည်ရေ၀ပ် ဧရိယာ ၃၄၈၂၃၃ ဧက၊ ကျူးကျော် လယ်ယာနှင့်အခြား ၁၆၈၁၆၆၇ ဧကရှိပြီး စုစုပေါင်း ဧရိယာ ဧက ၃၁၄၈၃၀၀ ရှိကာ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများ၏ ၇ ဒသမ ၆၆ ရာခိုင်နှုန်းခန့် ရှိကြောင်း ၎င်းကဆိုသည်။

သစ်တောဖုံးလွှမ်းမှု လျော့ကျလာခြင်း များတွင် မြို့ရွာများ တိုးချဲ့ထူထောင်ခြင်း၊ ငါးပုစွန် မွေးမြူရေးကန်များ တိုးချဲ့လာခြင်း၊ မော်တော်ကားလမ်းများ ဖောက်လုပ်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ သစ်ထင်းမီးသွေးနှင့် အခြားသစ်တောထွက် ပစ္စည်းများ လိုအပ်ချက် ပိုမိုများပြား လာခြင်းကြောင့် သစ်တော ပြုန်းတီးခြင်း၊ သစ်တော အရည်အသွေး ကျဆင်းခြင်းများ ဖြစ်ပေါ်လာနေပြီး သစ်တောဖုံးလွှမ်းမှု ဧရိယာများ လျော့နည်းလာခြင်း ဖြစ်ကြောင်း ဦးမျိုးမြင့်က ပြောကြားသည်။

ဦးမျိုးမြင့် တင်သွင်းသည့် သစ်တော ဂေဟစနစ် မျိုးစုံနှင့် ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသည့် မြန်မာနိုင်ငံ၏ အမြဲတမ်း သစ်တော နယ်မြေများ ထာဝစဉ် ဖွံ့ဖြိုးရှင်သန် နေစေရေး မြန်မာ့သစ်တော မူဝါဒကို လက်တွေ့ ပဓာနကျစွာ ပုံဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုမှာ ကန့်ကွက်သူ မရှိသည့် အတွက် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here